အနုမြူဗုံး ၂ လုံးစာ အသက်ရှူကြပ်ခဲ့တယ်
စစ်ပွဲကြီး ၂ ပွဲစာ ဒဏ်ရာရခဲ့တယ်
အချစ် ၁ခုစာ နှုပ်ခမ်းကို နမ်းရှိုက်ခဲ့တယ်
အမုန်း ၁ခုစာ အရမ်းကို ကြမ်းမိုက်ခဲ့တယ်
အသဲ ၁ခါကွဲစာ အရက်သောက်ခဲ့တယ်
အာဃာတ ၁ ချောင်းစာ ဓါးနဲ့ထိုးခဲ့တယ်
ဘာသာတရား ၄ ကောင်စာ အတွေးဂေါက်ခဲ့တယ်
သာသာစကား ၄ထောင်စာ အာစေးပေါက်ခဲ့တယ်
ကြာကူလီ ဆယ်ခါရိုက်စာ ဖာကျိုးခဲ့တယ်
ကဗျာကူလီ ဆယ်ခါလိုက်စာ နှလုံးသားကျိုးခဲ့တယ်
လူစကား ၁ခုစာ နားဝင်ပီယံခဲ့တယ်
တိရိစ္ဆာန်စကား ၁ခုစာ စာအံခဲ့တယ်
စနစ်ပေါင်း ၄ဆယ်စာ ပဋိပက္ခ ဖြစ်ခဲ့တယ်
အကျင့်ပေါင်း အတွေး ၁ကမ္ဘာစာ သတိရခဲ့တယ်
တိုင်းပြည် ၂၀၀ ကျော်စာ ဘောင်ခပ်ခဲ့တယ်
ပြက္ခဒိန်နှစ် ၂၀၀၀ကျော်စာ ထောင်ကျခဲ့တယ်
ကျနော်ဟာ သစ်စေ့ တစ်ကောင်ပါ
ကမ္ဘာဟောင်းက
အကြောင်းကြောင်းကြောင့်
ခေါင်းဆောင်တင်လိုက်တဲ့ သစ်စေ့
ခု ကျနော့်မှာ အုပ်ချုပ်စရာ သစ်တောအုပ်မရှိသေးဘူး
ဒီနေရာဟာ
စာရွက်အလွတ်ကြီးလို ကဗျာမဲ့တယ်
သမုဒ္ဒရာအလွတ်ကြီးလို ငါးမဲ့တယ်
စကြဝဠာအလွတ်ကြီးလို ကြယ်မဲ့တယ်
အရက်ပုလင်းအလွတ်ကြီးလို အမူးရေမဲ့တယ်
ဒီနေရာမှာ
မာတိကာ မရှိ ဇာတိရွာ မရှိ
သင်ရိုးညွှန်းတမ်း မရှိ အရင်အငြိုးရှင်းတမ်း မရှိ
ရာဇဝင် မရှိ ကမ္ဘာဘုရင် မရှိ
ချီးမွန်းခြင်း မရှိ ခရီးစွန်းခြင်း မရှိ
ကျူးကျော်မှု မရှိ တူးဖော်မှု မရှိ
ဖိနှိပိခြင်း မရှိ အသိစိတ်အလင်း မရှိ
တော်လှန်ရေး မရှိ အဖော်အကြံပေး မရှိ
ကဲ့ရဲ့မှု မရှိ ငဲ့ကွက်မှု မရှိ
ရိက္ခာ မရှိ သိက္ခာ မရှိ
ဘုရား မရှိ စကား မရှိ
လက်ကျန် မရှိ တကယ့်ရန် မရှိ
.....................................
ဒါပေမဲ့
မနက်ဖန်ရှိတယ် ဆက်ရန်ရှိတယ်
ကမ္ဘာသစ်မှာ
ဘာဖြစ်မလဲ
ဘယ်လိုပွင့်မလဲ
တကယ်ကိုမသိနိုင်အား
လူလားသရဲလားခွဲခြားစရာ မလိုသေး
အဖြူလားအမဲလားကွဲပြားစရာ မလိုသေး
အထူလားအပါးလားကွဲခြားစရာ မလိုသေး
(အခုမြင်နေရတဲ့ နေ ဟာ အဟောင်းဖြစ်ပြီး
အခုတွေ့နေရတဲ့ အလင်းဟာ အသစ်ဖြစ်လေရဲ့
လူ့အခေါင်းထဲက လူ့အလောင်းကို ပြောင်းလို့မရပေမဲ့
လူ့ဦးခေါင်းထဲက လူ့အကြောင်းတွေကို ပြောင်းလို့ရတယ်)...ဟေ့ရောင်
(ကမ္ဘာဟောင်းက စောက်ကျင့်နဲ့
ကမ္ဘာသစ်မှာ ဖူးပွင့်သင့်သလား
သစ်စေ့လေး....ကျနော်... ခေါင်းစားနေတယ်) ...။ ။
သုအိုင်စံ
၂၅.၀၆.၂၀၁၂
Monday, June 25, 2012
ကမ္ဘာ့သစ်စေ့ဟောင်းတစ်ခုရဲ့ ကမ္ဘာအသစ်နေ့အကြောင်း
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment