Saturday, June 30, 2012

အမျှမဝေ သာဓုမကြဲအား ဘဝသေလူစုငမွဲများ ငရဲလားစေသော်....


လူ့သင်္ချာသဘာဝ မြှောက် စား ပေါင်း နှုတ်လို့
သူ့ အစဉ်အလာအရ အကြောက်တရားနဲ့ ခေါင်းရှုပ် နေတယ်လေ
ဒီပုစ္ဆာဟာ မေးခွန်းရှည်ပေမဲ့
အဖြေရအောင် ကြိုးကြိုးစားစား ယှဉ်ပြိုင်ပါတယ်...မှားတယ်
ဒီ ရုပ်ကမ္ဘာဟာ သွေးစွန်းနေပေမဲ့
အနေမြတ်အောင် ရိုးရိုးသားသား ရင်ဆိုင်ပါတယ်...လွဲတယ်

ဆာရှာနေတဲ့ ထမင်းတနပ်အတွက်
သာယာနေတဲ့ သီချင်းကို သတ်ခဲ့ရတဲ့ ဂစ်တာတွေမဟုတ်လား
ဘဝမှာ ခြောက်ကြိုးလည်းမညီတော့ဘူး
အလှမှာ စောက်ချိုးလည်း မပြေတော့ဘူး အရှင်

တရားဦးကို မကြားဖူးပေမဲ့
တရားတွေကို ကြားနေရပါတယ်
နားတွေက လက်မခံရှာဘူး
အမှားတွေက ဆက်ရန်ရှာတယ် အရှင်

ကျောတခင်းစာအတွက်လည်း
သဘောချင်း ကွာခဲ့တယ်
ရေတခွက်စာအတွက်လည်း
အဖြေမဲ့တာတွေ ဖြစ်ခဲ့တယ်
ရိုက်ချိုးရမဲ့ ပြဿနာတွေကိုမှ
စိုက်ပျိုးတတ်တဲ့ ဝါသနာကြီးခဲ့တာကိုး
အသစ်ခြံစည်းရိုးဘောင်တွေကိုပဲ
မြင့်အောင်ပြန်ပြီးပျိုးထောင်ခဲ့တယ် အရှင်

ပတ်စပိုစ့် တွေကို အရှင် တီထွင်ခဲ့သလား
ပတ်စပိုစ့် တွေ မထုတ်ပေးနိုင်တော့ဘူးလေ
တိုင်းပြည်တွေကို အရှင် တီထွင်ခဲ့သလား
တိုင်းပြည်တွေ ပျက်နေပြီလေ
မေတ္တာတွေတွေကို အရှင် တီထွင်ခဲ့သလား
မေတ္တာတွေ ရှားပါးနေပြီလေ

နှေးလိုက် မြန်လိုက် တေးမိုက်ကို လိုက်ရွတ်နေရတဲ့ကောင်တွေပါ
သုသာန်ဆီ အထုတ်အမြန်ပိုက် ပြေးလိုက်ရမဲ့ ကိစ္စကို မေ့ထားတယ်
ပြေးတော့လည်း မြေမဲ့
မေးတော့လည်း အဖြေမဲ့
တကိုယ်စာ ငါအသက်ဆက်ဖို့ ထိုအရာကို ငါရက်စက်ခဲ့တယ်
အကုသိုလ် နှစ်ပဲ တစ်ပြားဟာ
ဘဝတစ်ခုကို ငရဲလားဖို့ လုံလောက်ခဲ့တယ်မဟုတ်လား အရှင်

သားမွေးသလိုဓါးသွေးနေ သူအား
ဓါးသွေးသလိုတရားပေးခဲ့ပါ အရှင်
အရှင်ဘုရား
ခုတ်ပါများတဲ့ ဓါးက ပဲ့တယ်
အယုတ်တမာများတဲ့ တရားက ပျက်တယ်
ရင်သား ကျောသား ခွဲခြားတဲ့တရား
တမင်တကာများ ဟောကြားခဲ့လေသလား

"လရောင်နဲ့ ညအမှောင်
ရအောင်တူတူနေတတ်ခြင်းဟာ ဘဝ ဖြစ်တယ်"။   ။


သုအိုင်စံ
၀၁.၀၇.၂၀၁၂

0 comments: