Monday, June 18, 2012

အောင်ချိမ့်ရေးသည်

ငါဟာ ခန်းမကြီးထဲသို့ဝင်
စင်ပေါ်သို့တက်
လက်ကိုဝှေ့ယမ်းပြီး
နံရံ…
မမြင်ရတဲ့နံရံနဲ့
မြင်ရတဲ့နံရံတွေအပေါ်မှာ
ဖြေဖျော်သလိုလို
ဟောပြောသလိုလို
ငိုစရာလိုလို
ရယ်စရာလိုလို
မှော်ဆရာလိုလို
ဗေဒင်ဆရာလိုလို
တဘောင်လိုလို
ကောလဟာလလိုလို
ရာဇ၀င်လိုလို
သမိုင်းလိုလို
အောက်ပါစာကြောင်းများကို
ငါလျှောက်ရေးတယ် ငါရေးတယ်။
အခု မိတ်ဆွေဖတ်ရမှာ
ကျွန်တော်လျှောက်ရေးတဲ့
ကျွန်တော့်“အဟမ်း…”
ကျွန်တော့် “ကျမ်း..” အဲ..
ကျွန်တော့် ကဗျာဖြစ်ပါတယ်။

(၁)
ဒါပေမဲ့ ဒါဟာ
အလေးအနက်ပါ။
ကျွန်တော့်လိုပဲ ပျင်းနေတဲ့
ကျွန်တော့် သူငယ်ချင်းတွေကို
ဖတ်ပြဖို့ ရည်ရွယ်ပါတယ်။
သူတို့နှစ်ယောက်ဟာ အတော်ကွာဝေးပြီး
ကျွန်တော့်နဲ့လည်း အတော်ကွာဝေးတဲ့
ကျွန်တော့်သမီးနှစ်ယောက်ကို
ဖတ်ပြဖို့ ရည်ရွယ်ပါတယ်။
ဘ၀တစ်သက်တာမျှ
တစ်ယောက်ကိုတစ်ယောက်တွေ့အောင်
သူတို့စောင့်စားခဲ့ကြ
ငါ့ နှစ်ပေါင်းများစွာ ညီငယ်လေး
အဲဒီညီငယ်ရဲ့ ညီမလေး
သူတို့ကို ဖတ်ပြဖို့ရည်ရွယ်ပါတယ်။
အသံနဲ့ စာရေးစာဖတ်ပြုနေတဲ့
ကျွန်တော်တို့ရဲ့ အာစရိယဂုဏော
ဆရာ ဒဂုန်တာရာကို
ဖတ်ပြဖို့ ရည်ရွယ်ပါတယ်။

(၂)
အဲ သလိုနဲ့
ငါ့ ဒီကဗျာကို စလိုက်ရဲ့

(၃)
ဘာဖြစ်လို့လဲဆိုတော့
ငါတို့ မသိကြဘူး
ငါတို့ သိတာကတော့
ငါတို့ ရောက်လာခဲ့ကြပြီ။
ဘောလုံးပွဲမှာ လူလဲကစားသလို
ငါတို့ ရောက်လာခဲ့ကြပြီ။
ပဆစ်ဝိုင်းမှာ
ကြွေပစ်သလို
ငါတို့ ရောက်လာခဲ့ကြပြီ။
ဖြစ်နိုင်သေးတာက
ကြွပျံတက်လာတဲ့ ရဲနေတဲ့
ကရွတ်နဲ့
ပျံလာတဲ့ကျီးကန်း စွပ်မိသလို
ငါတို့ရောက်လာခဲ့ကြပြီ။

(၄)
ကမ္ဘာဟာ အကြိမ်ကြိမ်ပျက်ခဲ့တယ်
မီးကြီးလောင်ခဲ့တယ်
မိုးကြီးရွာခဲ့တယ်
လေကြီးတိုက်ခဲ့တယ်။
ပျက်ရာမှ
ဒီတစ်ခါပြန်အတည်
ဒီကမ္ဘာဆီ
ငါတို့ရောက်လာခဲ့ကြပြီ။

(၅)
ဘုရင်တွေ ဘုရင်တွေ
ကျွန်တွေ ကျွန်တွေ
ပညာရှိတွေ ပညာရှိတွေ
အရူးတွေ အရူးတွေ
အရူးတွေ ဘုရင်တွေ ပညာရှိတွေ
အရူးတွေ အရူးတွေ
ကျွန်တွေ ဘုရင်တွေ။

(၆)
သရဲ ပြိတ္တာ မြေဖုတ်ဘီလူး အကြိမ်ကြိမ်
ငါတို့ဟာ
တိရိ စ္ဆာာန်အကြိမ်ကြိမ်
ငါတို့ဟာ
လူအဖြစ် ဘယ်နှကြိမ်
ငါတို့ဟာ။

(၇)
ဘုရားသာသနာကြုံခဲ့ရ
ငါတို့ဟာ
သိကြားသာသနာကြုံခဲ့ရ
ငါတို့ဟာ။

(၈)
ငါတို့ဟာ
ဘယ်နှကြိမ်မြောက်လဲ။
ဘယ်ဒုက္ခဟာ
ဘယ်လောက်လဲ။
ဘယ်ပူလောင်မှုဟာ
ဘယ်လောက်လဲ။
ဘယ်ရှုံးနိမ့်မှုဟာ
ဘယ်လောက်လဲ။
ဘယ်အနိုင်ရမှုဟာ
ဘယ်လောက်လဲ။
ဘယ်အနိုင်ကျင့်ခံရမှုဟာ
ဘယ်လောက်လဲ။
ဒီပွဲစဉ်ဟာ
အမှတ်ဘယ်လောက်လဲ။

(၉)
ခုတော့ဖြင့် အခန့်သား
မြို့တွေမှာ ငါတို့နေထိုင်ကြလို့။
မြို့တွေဟာ
ပင်လယ်ထက် တအိအိနိမ့်ဆင်းလို့
မြို့တွေဟာ
မီးခိုးတွေ မွှန်လို့
မြို့တွေမှာ ငါတို့နေထိုင်ကြလို့။
မြို့တွေဟာ
မိုးအုံ့လို့
မြို့တွေမှာ ငါတို့နေထိုင်ကြလို့။
မြို့တွေဟာ
နေပူလို့
မြို့တွေမှာ ငါတို့နေထိုင်ကြလို့။
မြို့တွေဟာ
မဆလာနံ့သင်းလို့
မြို့တွေမှာ ငါတို့နေထိုင်ကြလို့။
မြို့တွေဟာ
ယင်တလောင်းလောင်းအုံလို့
မြို့တွေမှာ ငါတို့နေထိုင်ကြလို့။
မြို့တွေဟာ
တောကြောင် လက်ခမောင်းခတ်လို့
မြို့တွေမှာ ငါတို့နေထိုင်ကြလို့။

(၁၀)
ငါတို့ဟာ မြို့တွေမှာ
လူနဲ့လူ
ညစ်ကြတာ
ငါတို့ဟာ မြို့တွေမှာ
လူနဲ့လူ
ဓါတ်ပြားနားထောင်တာ။
ငါတို့ဟာ မြို့တွေမှာ
လူနဲ့လူ
အမူအယာလုပ်ကြတာ။
ငါတို့ဟာ မြို့တွေမှာ
လူနဲ့လူ
သတ်ကြတာ။
ငါတို့ဟာ မြို့တွေမှာ
လူနဲ့လူ
လက်ထပ်ကြတာ။

(၁၁)
တချို့က
လယ်လုပ်ကြတယ်။
တချို့က
စက်ရုံမှာလုပ်ကြတယ်။
တချို့က
လူပြက်လုပ်ကြတယ်။
တချို့က
စာရေးကြတယ်။
တချို့က
မေးခွန်းတွေထုတ်တယ်။
တချို့က
မေးခွန်းတွေကို ဖြေတယ်။
တချို့က
ရှင်းတဲ့အလုပ်
လုပ်တယ်။
တချို့က
ရှုပ်တဲ့အလုပ်
လုပ်တယ်။

(၁၂)
ဒါပေမဲ့ လူဆိုတာ
လူဖြစ်လာသမို့
လူဆိုတာ အခွန်ပေးဆောင်ရတယ်။
မြေခွန်
အိမ်ခွန်
မီးခွန်၊ ရေခွန်။
နေလို့
နေတဲ့အခွန် ပေးဆောင်ရတယ်။
ရှင်တော့
ရှင်တဲအခွန် ပေးဆောင်ရတယ်။
ငိုတော့
ငိုတဲ့အခွန်။
ရယ်တော့
ရယ်တဲ့အခွန်။
သေတော့
သေတဲ့အခွန်။
လူဆိုတာ
အခွန်ကျေပွန်ရမှာပေါ့။
လူဆိုတာ ဘာပဲဖြစ်ဖြစ်
အခွန်ကို
ကျေပွန်ခဲ့ပါတယ်။

(၁၃)
ရှေးရှေးတုန်းက လူဟာ
ဂူနဲ့နေခဲ့။
ယဉ်ကျေးတော့ လူဟာ
အိမ်နဲ့နေခဲ့။
ရှေးရှေးတုန်းက လူဟာ
ဒီအတိုင်းနေခဲ့
ယဉ်ကျေးတော့ လူဟာ
အစိုးရနဲ့နေခဲ့။
အလွန်အဆင်ပြေပါတယ်
အလွန်ပြည့်စုံပါတယ်
မီးအစုံ ရေအစုံ အလွန်ပြည့်စုံပါတယ်။
သဘာဝနဲ့ လောကဖြစ်စဉ်တရားရဲ့
အလိုလိုက်ခံရတဲ့
လူသားများ။

(၁၄)
တစ်ခါက သီချင်းဆိုဖူးရဲ့
“မင်းကို ငါချစ်တယ်”
အခုလည်း သီချင်ဆိုနေတယ် အဲဒီသီချင်း
“မင်းကို ငါချစ်တယ်”
အဲဒါကြောင့် ကွန်ပျူတာတွေ အင်တာနက်တွေ
အသက်ထွက်
ပျက်စီးတွန့်လိမ်ကုန်သတဲ့။
အို…အချင်းလူငယ်
သီချင်းဆိုကြ!
နောက်ထပ်
သီချင်းဆိုကြ!
ချစ်ခြင်းက
ဘယ်အရာကို
ပျက်စီးစေတာတဲ့လဲ။
အင်း…အင်တာနက်လည်း
ပျက်စီးခဲ့ပေရဲ့။

(၁၅)
ဘယ်အရာကို ငါတို့အလိုမရှိ
ငါတို့မသိ။
ရည်မှန်းချက်ဆီသွားရင်း
ထွေပြားလာတယ်
များလာတယ်။
မီးကိုမတွေ့သူနဲ့
မီးကိုစတင်တွေ့ရှိသူဟာ
ငါတစ်ယောက်တည်း
ငါပါပဲ။
ငါ့မိတ်ဆွေဟာလည်း
ငါတစ်ယောက်တည်း
ငါပါပဲ။
ရေ မီး မင်း ခိုးသူ
မချစ်မနှစ်သက်သောသူ
ငါတစ်ယောက်တည်း
ငါပါပဲ။

(၁၆)
အလျားတစ်လံ
အနံတစ်ထွာ
လူဆိုတာ ပေါက်စနလေး။
ဒီကဗျာဟာ
ပေါက်စနလေးပေါင်း
သန်းပေါင်းများစွာအကြောင်းပဲ။

(၁၇)
သမိုင်းမှာ
အနုမြူဗုံးနှစ်လုံး ကြဲချခဲ့တယ်။
မြို့ကြီးနှစ်မြို့ဟာ
ပြာပုံနဲ့
အငုတ်သာကျန်ခဲ့တယ်။

(၁၈)
ပင်လယ်အနက်ကြီးထဲ
ရေဆင်းချိုးပြီး ပြန်တက်လာတဲ့ အသစ်လို
လှပသစ်လွင်တဲ့မြို့ကြီးနှစ်မြို့
ပြန်ပေါ်လာတယ်။
ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာကြား
ဘာသာစကားနဲ့ မုသားစကားကြား
ငါနဲ့ငါ့မိဘကြား
သူတို့ဝါဒနဲ့ ကျွန်တော်တို့ဝါဒကြား
နေမင်းကြီးနဲ့ မိုးမှောင်ကြား
ကမ္ဘာ ကြီးနဲ့ ကမ္ဘာကြီးကြား
ကမ္ဘာကြီးဟာ
ပြန်စည်ကားလာတယ်
လူသံတွေ
ပြန်စည်ကားလာတယ်။
အချစ်ရေးတွေ
ပြန်အဆင်ပြေလာတယ်။

(၁၉)
ဘာလဲ
ဘာဖြစ်နေတဲ့ ကမ္ဘာကြီးလဲ။
ဆေးမစားမီပုံ ကမ္ဘာကြီးလား
ဆေးစားပြီးပုံကမ္ဘာကြီးလား
ငါတို့နဲ့ ဆိုင်လည်းဆိုင် မဆိုင်လဲမဆိုင်တဲ့
ကမ္ဘာကြီးလား။

(၂၀)
စစ်ကြီးဖြစ်တော့
လူတွေအတိဒုက္ခရောက်ကြတယ်။
စစ်ကြီးပြီးတော့
လူတွေ ပျင်းလာကြတယ်။
စစ်ကြီးဖြစ်တော့
လူတွေ ကြံဖန်အသက်ရှင်ကြတယ်။
စစ်ကြီးပြီးတော့
လူလိမ်တွေ ပေါလာတယ်။

(၂၁)
ဒါပေမဲ့ ငါတို့ဟာ
ကင်မရာရှေ့ဖြတ်လျှောက်မပျက်
ဖြတ်လျှောက်လျက်ပါပဲ
ဖြတ်လျှောက်မြဲပါပဲ။
အဲဒါ
နည်းသလားကွ။
ငါတို့ဟာ စပ်ဖြဲဖြဲနဲ့
ကင်မရာရှေ့ဖြတ်လျှောက်ခဲ့သပေါ့။

(၂၂)
ကိုယ့်လူ
ဘယ့်နှယ့်လဲ။

(၂၃)
ငါက ကားတွေကို
ဆေးရောင်စုံ ပက်ခဲ့တယ်
ငါဟာ
`မိုက်ကယ်ဖေး` ပဲ။
ငါဟာ ဦးနှောက်ရောဂါရနေတဲ့
`အလီ` ပဲ။

(၂၄)
ငါဟာ ဘ၀မှာနေစရာမရှိလို့
သေပစ်ဖို့စဉ်းစားဖူးတယ်။
ဟာသပဲ ငါသေချင်ခဲ့ပုံများ
ဟာသပဲ ငါမသေရဲခဲ့ပုံများ။

(၂၅)
ငါသည် ရွဲကုန်သည်
ငါဟာ ဗင်းနစ်မြို့ကကုန်သည်
ငါဟာ `ထရေဒါဟော်တယ်` မှာတည်းတဲ့
ယခုခေတ် ကုန်သည်အကြီးကြီးပဲ။
ဟေး...ဘ၀မှာ
ဘာတွေ အမြတ်အစွန်းထွက်ခဲ့လဲ
အမြတ်အစွန်းထွက်မှ
ဘ၀မှာနေမှာလား။

(၂၇)
ဘုရားသွားသူသွား
ကျောင်းတက်သူတက်
မိုးပျံပူဖောင်း လွှတ်သူလွှတ်
လမ်းလျှောက်သူလျှောက်
လက်ထပ်လိုသူထပ်
စာရေးသူရေး
ကဗျာစပ်သူစပ်
သီချင်းဆိုသူဆို
စကားစမြည်ပြောသူပြော
ခိုစာကျွေးသူကျွေး
တယ်လီဖုန်းဆက်သူဆက်
ခိုးနမ်းလိုသူနမ်း
နှုတ်ခမ်းဆိုးသူဆိုး
ခေါင်းလျှော်သူလျှော်
လှေကလေးလှော်သူလှော်
အထိမ်းအမှတ်ချီတက်သူချီတက်
ရေခဲမုန့်စားသူစား
ဝိုင်သောက်သူသောက်
ဈေးဝယ်ထွက်သူထွက်
ဟောပြောပွဲနားထောင်သူနားထောင်
ဆိပ်ကမ်းမှာငေးသူငေး
ရွှေငါးမွေးသူမွေး
ခွေးကို သန့်ရှင်းသူသန့်ရှင်း
လူပျိုလှည့်သူလှည့်
ချစ်ရေးဆိုသူဆို
တစ်ကိုယ်တည်းနေသူနေ။

(၂၈)
ငါတို့ဟာ ခဲရာခဲဆစ်
စွမ်းနိုင်ကြပါတယ်။

(၂၉)
ကလေးတွေဆော့သလို
ငါတို့တန်ခိုးရှိကြတယ်။
ဘုရင်အသေတွေ သိမ်းထားဖို့
ပစ်ရမစ်တွေ ဆောက်ခဲ့ကြ။

(၃၀)
ကလေးတွေဆော့သလို
ငါတို့တန်ခိုးရှိကြပါတယ်။
လူတွေ ကျယ်ကျယ်ဝန်းဝန်း နေနိုင်အောင်
အင်္ဂါဂြိဟ်က မြေကွက်တွေ ယူရောင်းခဲ့ကြ။

(၃၂)
ကမ္ဘာရဲ့ ၀ရုန်းသုန်းကားမှုတွေ
ဆက်သွားနေသလို
ကမ္ဘာရဲ့ ငြိမ်သက်မျှော်လင့်မှုတွေ
ဆက်သွားနေတာ
ယုန်နဲ့လိပ် အပြေးပြိုင်သလိုများ
ဖြစ်နေသလား။
ကဲ...ဖြစ်လာပါလိမ့်မယ်
အေးအေးဆေးဆေး ဖြစ်ပေါ်လာပါလိမ့်မယ်။
အေးအေးဆေးဆေးပါပဲ
ငါတို့ဟာ။

(၃၃)
ကမ္ဘာကြီးနဲ့ ဘယ်သူဟာ
စာချုပ်ချုပ်ထားဖူးလို့လဲ။
ကျွန်တော်တို့
ကိုယ့်ဘာသာ
စာချုပ် မိခဲ့ပါတယ်။

(၃၄)
ညဥ့်နက်နက် အရက်ထွေထွေ
ငါဟာ အငှားကားလေးစီးလို့
အဲသလိုရှိပါသေးရဲ့
အထင်မလွဲပါနဲ့ကွာ။
အရက်သောက်ပြီး
ခေတ်ကို လိုက်မြည်းကြည့်နေတာပါ။

(၃၅)
ကောင်းကင်မှာ ဘာမှမမြင်ရ
ခေါင်မိုးအမြင့်တွေမှာ မီးတွေလင်းလို့
ကောင်းကင်မှာ
ဂျွန်ကိတို့၊ မာယာကော့ဖ်စကီးတို့
မောင်လေးအောင်တို့
ဖော်ဝေးတို့၊ မင်းလှညွှန့်ကြူးတို့
မောင်လူမှိန်တို့
ကောင်းကင်မှာရှိပါစ။
ငါတို့က စိတ်လေလေနဲ့
မူးလို့။
ငါတို့ဟာ
ချာချာလည်လို့
ရန်ကုန်မြို့ကြီးဟာ
ချာချာလည်လို့။

(၃၆)
ယောကျာင်္းဘသား ငါတို့များ
တစ်နေကုန် ထောင်ချောက်များ ခုန်ဆွခုန်ဆွခုန်၍်ရှောင်
အောင်မြင်စွာ အိမ်သို့အပြန်
ယောင်္ကျားများ အိမ်သို့ပြန်ကြ။
အိမ်ရောက်ရင်
ကိုယ့်အခန်းဝင်ကိုယ်ဝင်
ကြမ်းပြင်မာမာပေါ်လှဲချ
ဖြေလျော့ကျေနပ်မှုယူရုံပင်။
ဘယ်သူမဆို လူသားများ
ကိုယ့်အိမ်ကိုယ့်ယာ
ကိုယ့်အိမ်ယာဆီကိုယ်ပြန်
အေးအေးသက်သာ
ဖျားနာဖို့ပဲ။

(၃ရ)
မိုးတိမ်တွေ ပင်လယ်တွေ
လှပပါပေရဲ့
ခေတ်တို့လည်းခရီးနှင်မဆုံး
မဆုံးခဲ့ပါ။

(၃၈)
လူသားများ
ရုန်းကန်မှုမှ
အားနာခဲ့ပါရဲ့။

(၃၉)
အရိပ်တွေ ရှည်ထွက်တွန့်လိမ်
ဘုရားဖူးလှည့်လည်လာသူများပမာ
ဒိဌဓမ္မမှအေးရာ
ဒီမှာ ဘယ်တွေ့နိုင်မှာလဲ။
ရွှေတိဂုံစေတီမြတ်ကုန်းတော်မှ အဆင်း
လောကမြေပူကို တန်းနင်းရတာပဲ။

(၄၀)
ငါတို့ခေတ်
လူနေမှုမြင့်မားလာတယ်
အဲဒါကြောင့် ငွေတွေ ဆားငံရေလို
လိုလာတယ်။
ငွေက ပွဲကြမ်းလာတယ်။
ငွေမရလို့
ငါဟာ ငွေမရှိခဲ့။
ငွေရသူများဟာ ငွေရလို့
ငွေရှိခဲ့။
ငွေမရှိသည့်အတွက် ဘာမျှမရှိ
ငွေရှိသည့်အတွက် အကုန်ရှိ
ဘာမျှမရှိသူနဲ့ အကုန်ရှိသူများကြား
သူစိမ်းတစ်ရံဆံနှယ်ပါတကား။
အကုန်ရှိသူများအကြား
ငါဟာ ဘာကောင်ပါလိမ့်။
ငါဟာ ဘာမျှမရှိ ၍
ငါဟာကိုယ်တုံးလုံးကြီးဟေ့။
ဒီအကြောင်းကိုပဲ ငါကဗျာရေးတော့
ငါရေးတဲ့ ဒီကဗျာ
ကောင်းချင်မှ ကောင်းပါလိမ့်
ငါရေးတဲ့ ဒီကဗျာ
ချာတူးလန်ချင်လန်ပါလိမ့်။
ငါကကြိုးစားပမ်းစား
ငါဟာကိုယ်တုံးလုံးကြီးနဲ့ ရေးတာပါ။
နို့၊ ဒီလို ဘ၀ကြီးကိုယ်တုံးလုံး
ဘာကြောင့်ဖက်တွယ် ကုပ်ကပ်နေရတာတုံး
ဒုက္ခဖွယ်ဖွယ်ရာရာ တည်ခင်း....ဧည့်ခံပွဲမှာ
ငါဟာလူရင်းဖြစ်လို့ပါ။
ငါက ပွဲပြီးတဲ့အထိ
ဝတ္တရားရှိနေတယ်။
ဒီလို
ငါ့အရေးပါပုံက။

(၄၁)
ငါ့ဘေးမှာ ခွေခွေကလေး
အ၀တ်စလေးတစ်စလို
ငါ့ဇနီးသည်
သြော်...သူလည်း အသက်အရွယ်ရခဲ့ရှာပြီကိုး။
ဒီပန်းကလေးဟာ
ငါ့လက်ထဲမှာမှ ပွင့်ခဲ့တာပေါ့။
ငါ့လက်ထဲမှာပဲ
ညိုးကြွေတော့မှာလား။
ငါကပဲ
သူ့ရင်ခွင်ထဲ လဲကျသေဆုံးမှာလား။
တစ်ကြိမ်ကဆိုရင်
သူ့ဘေးမှာ သူ့လက်ဖျားကလေး ဆုပ်ဖွပြီး
ငါ ဘုရားစာတွေ ရွတ်ဖတ်ပေးခဲ့ရတယ်။
သြော်...ငါ့ရဲဘော်လေး
ငါ့ချစ်ဇနီးလေး
အချိန်တိုင်းနှင့်အမျှ
ကျော်ဖြတ်နေရပေါ့။

(၄၂)
ဘ၀ဆိုတာ
အပမ်းဖြေခရီးထွက်တာမဟုတ်
မော်တော်ဘုတ်နဲ့
အပျော် ငါးထွက်မျှားတာမဟုတ်
ဘ၀ဆိုတာ
ငါတို့တွေ ကျောက်ခေတ်ကလို
တင်းပုတ်ကြီးတွေ ကိုင်ထမ်း မထားတာပဲရှိတယ်
ငါတို့တွေ
သားစိမ်းငါးစိမ်း မစားတာပဲရှိတယ်
ဘ၀ဆိုတာ
အဲသလိုပါကွာ
နိုင်းမြစ်မှာ စုန်ဆန်နေတာကတော့
သူတို့ကုသိုလ်ပေါ့ကွာ။

(၄၃)
ဒါထက်
ပျော်ပွဲစားထွက်တယ်ဆိုတာ
ပျော်လို့လား
စိတ်ညစ်လို့လား။

(၄၄)
ရောက်ပြီလေ
မိုးရာသီရောက်ပြီ
မိုးရာသီမှာ နားကြတယ်။
ပြီးတော့
အားမွေးကြတယ်။
နွေရောက်တော့
ပြန်စကြပေါ့။
ခြေခင်းလက်ခင်းသာပြီလေ
ကုန်းခြောက်ပြီလေ။

(၄၅)
ဗွက်အိုင်တွေ
မြေဖို့ကြ
မြောင်းဖောက်ကြ။
ချုံနွယ်ပိတ်ပေါင်း
ရှင်းကြ။
ခြံစည်းရိုးအသစ်
ကာကြ
ဆေးသုတ်ကြ။
လင်းအောင်
မီးထွန်းကြ။

(၄၆)
ဘ၀တွေ
ပြန်စလို့ရပြီ
ပြန်စကြ။
ရုပ်ရှင်တွေ
ပြန်ပြလို့ရပြီ
ပြန်ပြကြ။
ပြဇာတ်တွေ
ပြန်ကလို့ရပြီ
ပြန်ကကြ။

(၄၇)
ကမ္ဘာကြီးဟာ မပျက် မပြီးနိုင်
ပျက်ပြီးရင်တောင်မှ ပြန်လာမယ်။
၆၄ ကြိမ်
၆၄ ကပ်
ကမ္ဘာဟာ ပျက်ပြီးရင်တောင်မှ
ပြန်လာမယ်။
နေကြောင့် လည်းကောင်း
ရေကြောင့် လည်းကောင်း
လေကြောင့် လည်းကောင်း
ပျက်ပြီးလည်း
ကမ္ဘာဟာပြန်လာမယ်။

(၄ဂ)
ဘာမှမဖြစ်ဘူး ကမ္ဘာဟာ
ပြန်လာမယ်။
အမှားတွေ မကုန်နိုင်ဘူး ကမ္ဘာဟာ
ပြန်လာမယ်။

(၄၉)
အဲဒီကမ္ဘာမှာ
ငါပြန်လာခွင့်ရမလား
မသေချာဘူး။
အသေအချာ
ကမ္ဘာကြီးပြန်လာမယ်
ငါတို့ပါမပါ မသိ
ငါတို့ ပြန်လာမလာမသိ။
ပြန်လာရင်တောင်မှ
ဘယ်သူဘယ်ဝါ
ငါတို့မှတ်မိမှာ မဟုတ်တော့။
ငါတို့ ပြန်မလာနိုင်ခဲ့ရင်လည်း
ကမ္ဘာကြီးဟာ လွမ်းမောဖွယ်
ငါတို့ဟာ
ကမ္ဘာကြီးကို လွမ်းမောနေမယ်။

(၅၀)
တစ်ချိန်မှာ ငါတို့ညံ့ဖျင်းပုံကို စကားစပ်မိတဲ့အခါ
ခွင့်လွတ်ပါဘိ။
ငါတို့ရဲ့ သံသေး သံကြောင် သံပျက်
ကာရံပျက်
စံနှုန်းပျက်ကဗျာကို
ခွင့်လွတ်ပါဘိ။

(၅၁)
အနိုင်နိုင်ငံက သမ္မတများ
ဝန်ကြီးချုပ်များ
ရော့ခ် အဆိုတော်များ
ရုပ်ရှင် ကြယ်ပွင့်များ
ငါတို့လိုပဲ
ဆံပင်ဖြူကိုယ်စီနဲ့
မျက်မှန်ကိုယ်စီနဲ့။

(၅၂)
ငါတို့ကား ဗုဒ္ဓတရားရိပ်၌
နေချိုခဲ့ပါတယ်။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိပါ ဘုရား။
ဓမ္မံ သရဏံ ဂစ္ဆာမိပါ ဘုရား။
သံဃံ သရဏံ ဂစ္ဆာမိပါ ဘုရား။

(၅၃)
ဆံပင်ဖြူကြီးဆေးမဆိုးဘဲ
ငါတို့ အသက်ကြီးမယ်။

(၅၄)
ငါဟာ အင်္ကျီလည်ပင်းပေါက်နဲ့
လည်ပင်းကို အမြဲလွဲလို့။
အဲဒီ လွဲနေတဲ့လည်ပင်းပေါက်ကနေ
ပိန်ချိုင့်နေတဲ့ ငါ့မျက်နှာဟာ
ပန်းစိုက်အိုးထဲက ပန်းတစ်ပွင့်လို
ပွင့်လို့။
အဲဒါ
ငါပေါ့၊ ငါလေ
ငါဟာ ပန်းလိုပွင့်နေရဲ့။

အောင်ချိမ့်

1 comments:

phung bella said...

hi impressive blog.
We have a big website to sale cars online throughout Myanmar. Please visit us back at: http://motors.com.mm/?utm_campaign=mot_mm_lb_blog_phung&utm_source=mot_lb_blog&utm_medium=lb_blog