Friday, May 11, 2012

လမ်းသရဲကဗျာ

(၂၀၀၈ က လက်တန်းရေးထားတဲ့ကဗျာ...ဘာမှမပြင်ပဲ ပြန်ဖော်ပြလိုက်တယ်...)


လမ်းသရဲကဗျာ

"Somewhere Between Deep Hell And High Heaven"
ဒါဟာ
ငရဲဘုံမှာ မဆန့်တော့လို့
ချော်စင်ခုန်တက်လာတဲ့ ဝဋ်နာ ကံနာ တစ်ခု
ဒါမှမဟုတ်
ကောင်းကင်ဘုံက ဈာန်လျောပြုတ်ကျလာတဲ့ ကျမ်းစာအိုတစ်အုပ်
ဟုတ်ချင်လည်းဟုတ်မယ်၊ နှစ်ခုစလုံးလည်း မဟုတ်နိုင်တဲ့
လူ့ဘဝ။

တကယ်တော့လူဟာ
မတော်တဆ ထပွင့်တဲ့ ပန်းလှလှလေးပဲ ဖြစ်သင့်တာ
ငါတို့ မြန်မာပြည်သားတွေ ခမျာတော့
ကိုယ့်ကို သူများတက်နင်းဖို့ လမ်းတွေ အဖြစ်နဲ့ ပွင့်တယ်။
အဲဒီလမ်းဟာ...မြင့်မိုးအောင်ရဲ့လမ်းမလည်း ဖြစ်နိုင်တယ်
PT (လမ်းအိုလေး) ဖောက်ထားတဲ့ လမ်းလည်း ဖြစ်နိုင်တယ်
ရဲဘော်မောင်မောင်တိတ်ရဲ့ တော်လှန်ဘဝလမ်းလည်း ဖြစ်နိုင်တယ်
အဲဒီလမ်းတွေပေါ် လမ်းသလား လမ်းသရဲလုပ်ဖို့
ကျုပ် ဒီစာကို သေနတ်ကျည်ထိုးပြီးရေးတယ် (အဆုံးမဲ့)။

လမ်းတွေက လမ်းတွေပေါ်ရောက်ကုန်တဲ့အခါ
ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ် ဆိုတာ
တော်လှန်ခေတ်ပြောင်း သမိုင်းစူးကျိန်စာ မညာနဲ့
မတ်ခ်ျ ဇွန် သြဂက်စ်
ကျောင်းသားတွေက ဘဝကို ချရင်းတယ်
အာဏာပိုင်တွေက အဲဒါကို အပြတ်ရှင်းတယ်
ငါတို့ပြည်သူ အားသာခဲ့တဲ့ အရှိန်အဟုန်မှာ
စက်တင်ဘာ ၁၁ ၁၂ ၁၃
ကြားဖြတ်အစိုးရ အမြန်ဆုံးဖြစ်ရမယ်လို့ ငါတို့ ဝန်းရံခဲ့
ချစ်စွာသော ခေါင်းဆောင်ကြီး ၅ ဦးခင်ဗျာ
ခင်ဗျားတို့ရဲ့ တွန့်ဆုတ်တွေဝေ သဘောထားအောက်မှာ
ကျုပ်တို့ ကျောင်းသားတွေ ရင်းခဲ့သမျှဟာ
"ပြာ"
စက်တင်ဘာ ၁၈
ကိုယ်က သူ့ကို အသစ်အစိုးရ မလုပ်နိုင်လို့
သူက ကိုယ့်ကို စစ်အစိုးရ လုပ်သွားတာ
ကိုယ့် အိုင်ဒီယာနဲ့ကိုယ် အကြော်ခံရတဲ့ ငါ့ကြင်းဟာ ငါတို့ပဲ
ဘာဖြစ်လဲ၊ ဘာဖြစ်သေးလဲ
ရေပေါ် ဖြတ်လျှောက်လို့မရရင်
လေပေါ် ဖြတ်လျှောက်မှာပေါ့
ငါတို့ပညာရေးအတွက် ငါတို့ခေါင်းထဲ တက္ကသိုလ်ဆောက်
ငါတို့ဘဝကို ငါတို့အလံထူ ဘီးတပ်ထွက်ခဲ့ကြ
သေနတ်ထမ်းပြန် ၂ ပတ်စီမံကိန်း
နိုင်ငံတော့် တာဝန်ကို စခန်းသိမ်းမယ်။

ဟား ဟား ဟား
ကံကြမ္မာဟာ တော်လှန်သူတွေ ရင်ဘတ်ပေါ် မိုးမရွာဘူး
ရည်းစားဦးကို သွေးဆောင်ဖက်နမ်းရသလိုမျိုး
ငှက်ဖျားနဲ့လူငယ် ပူးကပ် သတ်ပုတ်
ရောဂါနဲ့သေရတယ်
ဝါရင့်သူပုန်တွေရဲ့ ပေတံစုတ်နဲ့တိုင်းဆ
အတွင်းစည်းထဲမှာ အသတ်ခံရတယ်
မိဘပြည်သူများခင်ဗျာ
အဲဒီလို သေ ၍ သေသော သတ် ၍ သေသော ရဲဘော်တွေဟာ
ရှစ်ဆယ့်ရှစ် ခရစ်စမတ်ညစာတောင် မစားသွားရရှာဘူး။

ရဲဘော်မိုးသီးဇွန်က ဒီလိုချရေးတယ်
"မေမေရေ သားလူမဟုတ်တော့ဘူး
ရှစ်လေးလုံး ဖြစ်သွားပြီ" တဲ့
ရဲဘော်တိုက်မောင်းက ဒီလိုချရေးတယ်
"ဇ" တဲ့
ရဲဘော် ၁၆ နှစ်သားတစ်ယောက်က ဒီလိုချရေးတယ်
"ဂျက်ဆင်ပေါ်ကနေ
လူထုထဲကို ခုန်ချ
သူပုန်ပေါက်စ ကျနော်
သွေးမုန်တိုင်းကြီးကို လှော်" လို့တဲ့
ထပ်ရေးတယ်
"အဲဒီတုန်းက
အဖေပေးတဲ့ ၁၆နှစ်နဲ့
အစိုးရရဲ့ ပြည်တွင်းထုတ်ကုန် (ဖိနှိပ်မှု)
သူပုန်ဖြစ်ဖို့ လုံလောက်တယ်" တဲ့
အဲဒီကောင် ကိုးတန်းဖြေရမဲ့အချိန်မှာ
ချေဂွေဗားရား ပျောက်ကြားဗျူဟာတွေလေ့လာနေရတာ
ကဗျာမဟုတ်ဘူး
တက္ကသိုလ် မရောက်ဖူးသူဟာ
ဂျက်ဆင်ထက်က လရိပ်ပြာသီချင်းလေးကို နားဆင်လို့
တစ်ဘဝစာ စိတ်ကူးယဉ်အလွမ်းနာကျခဲ့ရတာ
ကဗျာမဟုတ်ဘူး
နေမျိုး(အသေးဆုံးလေး)ဟာ
ခံစစ်သေကုန်းပေါ်မှာ
မောင်ရဲ့သီရိမေသီချင်း ကျူးရင့်ဆိုနေတုန်း
ဝုန်းကနဲ ၁၂၀ ကျကွဲ ပွဲချင်းပြီးကြွေ
အဲဒါတွေဟာ ကဗျာမဟုတ်ဘူး
ထပ်ပြောမယ်
ဆရာနိုင်ဝင်းဆွေ လက်ညိုးထိုးပြသလို
အဲဒါတွေဟာ ကဗျာမဟုတ်ဘူး။

မှတ်ထား ဟေ့ရောင်တွေ
ကျောင်းသားဟာ
ကျိုးရင် ကျိုးပစေ
မျှားဦးလို ရဲရဲတိုးတယ်
လွဲရင်လွဲပစေ
ကျည်ဖူးလို ရဲရဲစူးပစ်တယ်
ထပ်မှတ်ထားလိုက်ဦး
ဗိုလ်ချုပ်အောင်ဆန်းလက်ထဲက ဓါးဟာ
ခုတ်သတ်ရမဲ့ဟာတွေကို ရဲရဲပြတ်ပြတ်
ခုတ်သတ်ခဲ့တယ်
အဲဒီ အာဇာနည်သူရဲကောင်းတွေ ပစ်ကျွေးခဲ့တဲ့ အမဲ
မင်းတို့ကောင်တွေ ဝိုင်းဖဲ့ကိုက်ဆွဲခဲ့တဲ့ အနှစ် (၆၀)။

တစ်ထောင့်ကိုးရာရှစ်တယ့်ကိုး သင်္ကြန်
ကျည်ဆံတွေနဲ့ ရေပက်ကြ
မယ်လ၊ မော်ဖိုးကေ၊ ဝမ်ခ
ငါတို့သေနတ်နဲ့ ပြန်အကြွေးဆပ်ရတာ သိပ်ပျော်
သို့သော်
အဓိပ္ပါယ်မှန်သမျှ
ခြံစည်းရိုးငုတ်တိုင်တွေလို ဆွံ့အခဲ့ရတယ်။

တက်သွားပြန်ပြီ
ရန်ကုန်ညနက်နက်ကို ဖြတ်မောင်းခဲ့တဲ့ တင့်ကားတွေ
တီယက်နမ်မင်လွင်ပြင်ပေါ် အတင်းတိုက် ကြိတ်နင်းသတ်
ဘာရမလဲ
ကျောင်းသားရဲ့သွေးဟာ ပညာရေး
ကျောင်းသားရဲ့ အက္ခရာဟာ အနာဂတ်
စိတ်ချ
ရန်စာ သွေးကြွေး
ခင်ဗျားတို့ အစိုးရ ၂ ရပ်လုံးကို ပြန်ပေးမယ်။

ပြည်သူဟာ
အမိုးတစ်ခုအောက်မှာ ရဲရဲရပ်တည်ရင်ဆိုင်
ခမောက်ကိုနိုင်စေခဲ့
ဒိထက် ဘာပိုလုပ်ပေးရဦမှာလဲ
ခင်ဗျားတို့ရဲ့ သွေးကြောင်မှုအောက်က
ဒုတိယအကြိမ်စာမေးပွဲကျတဲ့ တိုင်းပြည်
ဒီမိုကရေစီဆိုတာ
အနှစ် ၂၀ လမင်းများနဲ့ ပူဇော်မှ ရပါသတဲ့လား။

ပင်လုံစာချုပ်
အဖြေထုတ်ရင်း အဖြေရှုပ်ခဲ့
မာနယ်ပလောစာချုပ် ထပ်လုပ်တယ်
ပြီးတော့ဆွဲဆုတ်
မင်းတို့အားလုံးပူးပေါင်းဆွဲကုတ်တဲ့ လက်သည်းရာ
ဘယ်လိုဖတ်ရမှာလဲကွာ။

ယာယီအစိုးရပဲဖြစ်ဖြစ်
ကမ္ဘာတည်အစိုးရပဲဖြစ်ဖြစ်
စင်ပြိုင်အစိုးရပဲဖြစ်ဖြစ်
တစ်ပင်တိုင်အစိုးရပဲဖြစ်ဖြစ်
အစိုးရတစ်ရပ်ဟာ
အုပ်ချုပ်မှုမှန်သမျှလည်း ပြည်သူ့အတွက်
အထုတ်ထုတ်မှုမှန်သမျှဟာလည်း ပြည်သူ့အတွက်
ဖြစ်ကိုဖြစ်ရမယ်
အန်စမ်း
မင်းတို့ကောင်တွေ ဝါးစားထားခဲ့သမျှတွေကို
အဲဒီ နာဂစ် ဒုက္ခသည်တွေရဲ့ ဗိုက်ဟောင်းလောင်းထဲ အန်ချ
မအန်ချရင် ပစ်သတ်မယ်။

အိုကေကွာ
မင်းတို့ လူ့အခွင့်အရေး ရ ရမယ်
(ဒါက ကိုယ်ပိုင်မို့လို့)
မင်းက လူ့တာဝန်မထမ်းဆောင်တော့ဘူလား
(ဒါတွေက တွဲသုံးမှဖြစ်တဲ့ကိစ္စ)
ခင်ဗျားတို့ရဲ့ ပျင်းရိအားမှန်သမျှ
Punk Rocker မလေးရဲ့ ဂျင်းဘောင်းဘီ အောက်နားစလို
ဖြတ်ခဲ့ပါ
ဖြတ်ချခဲ့ကြပါ၊ ဆက်သွားမယ်။

နယ်စုံ နိုင်ငံစုံက ပညာရှင်များ
စွယ်စုံ စာပေဇုံက ပညာရှင်များ
ခင်ဗျားတို့က
C.I.A CIPHER ထဲမှာ
(--.-) (--..) တွေပဲ ဖြစ်ဖြစ်သွားကြတဲ့အခါ
နိုင်ငံတော်ဟာ ရင်နာတယ်
နိုင်ငံ့ နှလုံးသားဟာ အမြဲအောင့်တယ်
ပြန်မလာကြတော့ဘူးလား ပြန်မလာကြတော့ဘူးလား
ဒီမှာ
တာရာမင်းဝေထားခဲ့တဲ့ကဗျာတွေ
မင်းကိုနိုင် တစ်ယောက်ထဲ မာတိကာစီနေရတာကြာပြီ
ဤကိစ္စအား ပတ်သက်ပါ။

ပြန်လာပါ
ကမ္ဘာပတ်ပြီး
ဘာမှမတတ်တဲ့ကောင်တွေလည်း ပြန်လာပါ
ကမ္ဘာအကုန်ပတ်ပြီး
ပညာအစုံတတ်တဲ့ကောင်တွေလည်း ပြန်လာပါ
ဒီဝတ္ထုဟာ
ခင်ဗျားတို့ အားလုံးရဲ့ (ဝလုံး)နဲ့ ချရေးရတဲ့ဝတ္ထု
ခင်ဗျားတို့ ဘဝ (အစအဆုံး)နဲ့ ချရေးရမဲ့ ဝတ္ထု
လူထုကမျှော်နေ။

"လူကို လူမလုပ်ရဘူး" လို့
ကုလညီလာခံတစ်ခုမှာ
အာဏာရှင် ကက်စထရိုက လူကလုန်း ကိစ္စကို
ရဲရဲပြတ်ပြတ်ဆန့်ကျင်ကန့်ကွက်ခဲ့တယ်
"လူက လူကို ဂုတ်သွေးမစုတ်ရဘူး" လို့
စစ်အုပ်ချုပ်ရေးညီလာခံတစ်ခုမှာ
ဘယ်အာဏာရှင်ဗိုလ်ချုပ်က ကန့်ကွက်ခဲ့ပါသလဲ
ရဲဆေးလေး တင်ကြည့်ပါ၊ ပြည်သူဟာမင်းနောက်မှာ။

အဲဒီလို တစ်လောကလုံးက အသုံးမကျမှုတွေ
အဆုံးမသတ်သရွေ့
ကျုပ်သေနတ်ကို ကျည်မဖြုတ်ဘူး
ကျုပ်ကဗျာကိုလည်း အဆုံးမသတ်ဘူး
In Everywhere Of Planet Earth!!!

ကေသာဦးခိုက်
၂၀၀၈

0 comments: