Sunday, April 8, 2012

ကျောင်းပြေး၍ စာကျက်ခြင်း

ဆရာရေးဆွဲတဲ့
စာမေးပွဲတွေ
ပုဆိုင်းကွင်းသိုင်းကနေ
အရိုးသချိုင်းထိပါပဲလား။

မေးလွန်းလို့
မေးခွန်းပေါက်တယ်
ခေါင်ပေါက်မိုးယို
ဘောင်ကြောင့် အဆိုးပိုတယ်။

ဘဝအဖြေလွှာဟာ မသေချာဘူး
ငါ့တစ်နေရာဟာ မရေရာဘူး
သောက ဝေဒနာဟာ အသေနာတယ်
လောက စေတနာဟာ စေစရာ ပါတယ်။

၄၀ မကျော်ရင် ကျတဲ့ ဥပဒေ ရှိရင်
၁၀၀ ကျော်ရင် ရမဲ့ ဆုတွေ ဘယ်မလဲ
သတ်မှတ်ချက်စံမူ ဆိုတာ
ရလဒ်ဖျက်တဲ့ ရန်သူလို ပါပဲ။

ငါ့မှာ...
ကျမ်းစာထဲ ဖော်ပြခွင့်မရတဲ့ အသိတရားတွေ... ရှိတယ်
ငါ့မှာ...
လမ်းမှာလည်း ကျော်ဖြတ်ခွင့်မရတဲ့ အရှိတရားတွေ...ရှိတယ်။

ငါ့ဘဝရဲ့ စာမေးပွဲကို
ငါ့အတတ်နဲ့ ငါရေးဆွဲမယ်
ခေါင်းစားတဲ့ အမေးတွေအစား
အကြောင်းတရားနဲ့ အတွေးတွေပါမယ်
အသင့်အတည်ပြုထားတဲ့ သတ်မှတ်ချက်စံအစား
ဖြစ်တည်မှုတရားနဲ့ ဘဝရဲ့ဒဏ်တွေပါတယ်
ဘဝဟာ...အအောင်/အရှုံး လာရှင်းတဲ့ ကိစ္စ မဟုတ်ဘူး
တစ်ညတာ...အမှောင်ဆုံးမှာ လင်းတဲ့ စိတ်ဓါတ်ဖြစ်တယ်။

အနိုင်/အရှုံး/အကျ/အအောင် ကို
ထိုင် ဆုံးဖြတ်နေရအောင်..မင်းက ဘာကောင်လဲ
တောင်ပံဟာ ဘောင်နံရံကို မုန်းတယ်...ဟေ့ရောင်...။   ။

သုအိုင်စံ
၀၆.၀၄.၂၀၁၂

1 comments:

ပခုက္ကူ နည်းပညာ (စင်္ကာပူ) said...

အရမ်းကြိုက်ပါတယ်ဗျာ...........