Saturday, March 3, 2012

ရွှေဝါလမ်းမ

ဟေး
ဟေး ...
ကလေးတယောက်လို
ငါ
ပြေးလွှား
တေးသွားသီကျူး မြူးထူးစွာ။

ငါ
အနာဂတ်ကို မြင်တယ်
ဒီကွင်းပြင်ကျယ်၊ လယ်ယာများကြား
ဖြတ်သွားမယ့် လမ်းမ
ရွှေရောင်ထမယ့် အနာဂတ်
ရှင်သန်လှုပ်ခတ်။

စပါးကွင်းပြင်များကြား
ဖြတ်ထွင်းသွား
ကျောက်ဆီကိုစား
မြောင်းတွေကို လွှား
မြေအညီစားနဲ့ အနာဂတ်လမ်း
ရွှေရောင်လွှမ်းလို့။

ညရွှေရည်ရည်မှာ
ကမ္ဘာတည်သူရဲ့ လက်များ
ဖန်ဆင်းထားမှုအပေါ်
ပြေးလွှားပျော်
တေးသွားအော်။

ညီ..
ဒီမှာကြည့်
ဒီလမ်းကို ရှေ့နှစ်မှာ
ကတ္တရာ ခင်းကြမယ်၊ ပြီးတော့
ထပ်တခါနင်း
ကားတွေပြုံဆင်းလာကြတော့မယ်။

ညီ
ဒီရပ်ကွက်များ
မကြာခင်
မြို့ပြ ယဉ်ကျေးမှု
အစားထိုး ပြုပြင်တော့မယ်။

မာကျူရီထိန်လျက်
ကားမီးပြိုးပြက်
ဈေးဆိုင်များ အသံထွက်
မီးခြုံလွှာတထည်
ယက်ချယ်သကြမယ်။

အခုဆိုရင်
ကျောက်စရစ်များ
မြေသားများနဲ့
ညီညာပြေးလွှား၊ မိုင်တိုင်များ
အဝေးကို ပြေးသွားကြပြီ။

လယ်ကွင်းထဲ
ခွဲပြေးလာတဲ့ လေကို
ရှူနေ... ပြီးတော့ မှုတ်ထုတ်စေရင်း
အဝေးကို အားသွင်း ပြေးသွားပြန်တယ်။
ရိုးသား ရိုင်းပြ၊ သဘာဝ လေညင်း
ပန်းတခင်းလိုပဲ။

လမ်းနဘေး
ကျောက်စရစ်ပုံလေးပေါ်မှာ
လူတယောက်ဟာ
သဘာဝကို ငေးလို့
ဘာ တွေးနေပါလိမ့်။

မုတ်ဆိတ်ငုတ်တို
ညစ်နွမ်း အိုလျရုပ်ပုံ
အလုပ်သမား ၀တ်စုံ
သူဟာ
ဒီလမ်း ပုံထွင်းသူများရဲ့
ဂုဏ်သရေရှိ အလုပ်သမား ဖြစ်မယ်။
ဆံပင်များ လေမှာလွင့်
စိတ်တွေ လေမှာလွှင့်
‘တောပုလင်း’ ဖွင့်ထားပုံပဲ။

သူဟာ
လေများစွာ ရှူရှိုက်
အိပ်ငိုက်နွမ်းလျ၊ ဘ၀ ကာလ
ဒဿနတခု
ပြုစုကောင်း ပြုစုနေမယ်။

ညနေဆည်းဆာအိုမှာ
အသားညိုညို
ဗျို့ ... အလုပ်သမားအို
ခင်ဗျား ဘာကို တွေးနေတာလဲ။

ကဗျာတပုဒ်
အသပြာတထုပ်
မနက်ဖြန်အလုပ်
ဒါမှ မဟုတ်
စံပြလုပ်သား
ဒါမှ မဟုတ်
ဗျူရိုကရက် အရာရှိများ
ဒါမှ မဟုတ်
အရက် တပုလင်း
ပြီးတော့ ... ထမင်းတနပ်
ဘာကို ဆက်စပ်တွေးနေတာလဲ။

ဟိုမှာ
ငှက်တအုပ်၊ ရုပ်ရုပ်သဲသဲ
အိပ်ပွဲ ပြင်ကြပြီ။

အမှောင်တွေ
မင်ရည် ဖိတ်ကျ
မဲပြာ ကန့်လန့်ကာစမှာ
ရွှေရည်ည စွန်းထင်းလို့။

တမင်းချိုင့်လှုပ်သံ
ဦးထုပ် တလန်လန်
ခြေထောက် မြန်မြန်နဲ့
ပြန်ကုန်ကြပြီ။

.... ..... .....

ကောင်လေးရာ
ဘာမှတော့ မဟုတ်ပါဘူးကွာ
သာယာစီးတာတွေ
နာကျည်းစရာတွေ
အပြောင်စားတွေ
အချောင်သမားတွေ
ဒါတွေက သဘာဝပဲ၊

ဒီညနေထဲ
ဒေါသမဲတွေကို
အရည်စိမ် ခွဲချေ
အခု လေတဖျူးဖျူးမှာ
ထရေမူးမူး ဘာမူးမူး
ဘာမှ မထူးတာအတွက်
ဘာမှ စိတ်မပျက်နဲ့
မနက်... နေ့... ည
တို့လျှောက်လှမ်း သွားကြရာမှာ
ဘာတွေ လိုမလဲ။

စီးကရက်တလိပ်
ဘီယာတစိတ်
အသပြာမိတ်ဆွေ
ဒါတွေလား။

သိုင်းစာအုပ်
အရုပ်အင်္ကျီ
အရောင်စီထီး
ဂေါက်သီးရိုက်တံ
အို... ညနေအပြန်
ပိုလျှံသူတွေ အတွက်ပါကွာ။

ဝမ်းစာ
ဝမ်းစာ
ဝမ်းစာ
ဒါအတွက်ပဲ
မြို့သစ်တဲများ၊ ညမဲကြားမှာ
ဆန်ရှာ ဆန်ချေး
ထင်းပေး ထင်းယူ
မီးအပူမှာ
ထမင်းအိုး အဆူ
ကဲ...
ငါ ဘာကို ထပ်တွေးရဦးမလဲ ကိုယ့်လူ။

ရွှေဝါလမ်းမပေါ်ကို
မြို့ပြတွေ ကျူးကျော်ခြင်းမှာ
အရင် လက်ရင်းအတိုင်း
ငါတို့
ဝေးရာကို ကျောခိုင်းရဦးမယ်။

မာကျူရီည
ဝမ်းအိုဟောင်းမြ
ညီ..
ဒီညတွေ
ဘယ်လိုမှ နီးစပ်မနေကြ
ဒါ... သဘာဝပဲကွယ်။

ငါ့ ချွေးများ
ပြောင်လက်စီးဝင်သွား
နိုင်လွန် ကတ္တရာသားဟာ
အနာဂတ် နတ်တပါး မဖြစ်နိုင်ဘူး။

မျဉ်းကြား မျဉ်းဝါများ
ပြေးလွှား၊ ဝေးသွား
ချွေးစက်များ ခရီးတာဟာ
ဝမ်းတထွာပါပဲကွယ်။

ဒီညနေမှာ
ငါသောက်တဲ့ အရည်ဟာ
ငါ့ ချွေးတွေပေါ့
လမ်းမဘေးမှာ တေးကျော့သီ
အနာဂတ် ပန်းချီဆေး
ရွှေဝါချွေးရည်အတွက်
ငိုကြွေးလျက်ပေါ့။

ကောင်လေးရေ
သွားတော့။
မြက်ခင်းပြင် လေနော့လို့
စပါးပင်တွေ ပြေးဆော့လို့
ကလေးတွေ လည်မော့လို့
တို့ ညနေပေါ့။

ညီ...
ဒီလမ်းမပေါ်
တိတ်ဆိတ်စွာ ပြန်ခဲ့ကြ
ည... အဲဒီည
မေ့မရတော့ဘူး။

ယောဟန်အောင်
ဧပြီ ၂၅၊ ၁၉၈၆။

1 comments:

ဖိုးခွား(ဘိတ်သားလေး)။ said...

ကဗျာလေး အရမ်းကောင်းတယ်ဗျာ