Thursday, January 12, 2012

အမေရိကန်ပြည်ထောင်စု၏ အကောင်းဆုံး နိုင်ငံရေးသိပ္ပံကျောင်း ၁၀ ကျောင်း

ဦးတင်ညွန့်

ဒီခေတ်မှာ ဆရာဝန်၊ အင်ဂျင်နီယာ၊ ကွန်ပျူတာတွေ ခေတ်စားနေတော့ နိုင်ငံရေးဆိုတာကို မေ့ထားကြတာ များတယ်။ နိုင်ငံရေးကိုမေ့နေတော့ နိုင်ငံရေးသမားတွေ လုပ်ချင်တာလုပ် ခေါင်းငုံ့ခံရတယ်။ နိုင်ငံရေးကို သိစရာမလိုဘူးလို့ သဘောထားတော့ သူများပြောသမျှ အဟုတ်ထင်တတ်တယ်။ နိုင်ငံရေးကို ငါတို့နဲ့ မဆိုင် ပါဘူးလို့ထင်တော့ ကိုယ်တိုင်ခေါင်းဆောင်နိုင်တဲ့ အရည်အချင်းတွေ ပျောက်ကုန်ပြီး ဟိုလူ့နောက် လိုက်ရ နိုးနိုး၊ သည်လူ့နောက်လိုက်ရနိုးနိုး၊ ဟိုလူပြော ကောင်းနိုးနိုး၊ သည်လူပြော ကောင်းနိုးနိုးဖြစ်လာကြတယ်။ တိုင်းပြည်တစ်ပြည်မှာ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ အိုင်တီပညာရှင်တွေချည်း လိုအပ်တာမဟုတ်ပါ ဘူး၊ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပညာရှင်တွေ၊ နိုင်ငံရေးဝေဖန်ဆန်းစစ်သူတွေ၊ နိုင်ငံရေးလေ့လာသူတွေ အများကြီး လိုပါတယ်။ အနာဂတ် ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရာမှာ နိုင်ငံရေအကြောင်း ကောင်း ကောင်း သိသူတွေ လိုအပ်ပါတယ်။

ခေါင်းဆောင်ကောင်းဖြစ်ရေး၊ နိုင်ငံတော်တည်ဆောက်ပြုပြင်ရေးမှာ နိုင်ငံရေးအကြောင်းသိသူတွေ မွေးထုတ်ပေးဖို့လိုပါတယ်။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုမှာ ပညာသွားရောက်သင်ကြားဖို့ အခွင့် အရေးလည်းရမယ်၊ နိုင်ငံရေးသိပ္ပံဘာသာရပ်ကိုလည်း စိတ်ပါဝင်စားတယ်၊ သင်ကြားလိုပါတယ်ဆိုတဲ့သူ တွေအတွက် အမေရိကန်မှာရှိတဲ့ နိုင်ငံရေးသိပ္ပံကျောင်းတွေကို ဖော်ပြလိုက်ပါတယ်။


Harvard University

တစ်နိုင်ငံလုံးက နိုင်ငံရေးသိပ္ပံဘာသာရပ်နဲ့ပတ်သက်ပြီး အကောင်းဆုံးသင်ကြားနိုင်တဲ့ကျောင်းလို့ သတ်မှတ်ထားကြပါတယ်။ ဟားဗတ်သင်ရိုးတွေမှာ သမိုင်းရေးဆိုင်ရာအမြင်နဲ့ ချဉ်းကပ်မှု၊ လူ့ဘောင်အဖွဲ့ အစည်းနဲ့ ယဉ်ကျေးမှုဆိုင်ရာအမြင်နဲ့ ချဉ်းကပ်မှု၊ ဒဿနိကဗေဒဆိုင်ရာ အတွေးအမြင်နဲ့ချဉ်းကပ်မှုဆိုပြီး နိုင်ငံရေးသိပ္ပံဘာသာရပ်ကို သင်ကြားပါတယ်။ ဒီနှစ်ပိုင်းတွေမှာ Government Department ဆိုတာ ထပ်ဖွင့်ပြီး နိုင်ငံရေးကို အရေအတွက်အရတိုင်းတာမှု၊ အပြုအမူအရတိုင်းတာမှု၊ အစဉ်အလာသဘောတရား အရတိုင်းတာမှုဆိုတာတွေကို ထပ်မံတိုးချဲ့ သင်ကြားပေးနေတယ်။ နိုင်ငံရေးကို သမိုင်းရေးအမြင်၊ ခေတ်ရေးအမြင်နှစ်ရပ် ပေါင်းစပ်သင်ကြားတာကြောင့် ဘွဲ့ရကျောင်းသားတစ်ယောက်အနေနဲ့ လုံလောက် တဲ့အခြေခံတွေ ပါသွားနိုင်ပါတယ်။ ဟားဗတ်မှာကျောင်းတက်သွားပြီး အမေရိကန်နိုင်ငံသမ္မတဖြစ်နေသူ ၇ ဦးလောက်ရှိပါတယ်။ ဟားဗတ်တက္ကသိုလ်ရဲ့ထူးခြားချက်တစ်ခုက ကမ္ဘာ့အကြီးဆုံး တက္ကသိုလ်စာကြည့် တိုက်ကြီးကို ထူထောင်ထားနိုင်တာပါ။ အဲဒီကျောင်းလောက် နိုင်ငံရေးနဲ့ပတ်သက်တဲ့ program တွေ၊ seminar တွေပေါတာလည်း မရှိပါဘူး။ နိုင်ငံရေးသိပ္ပံကိုသင်ရင်း ကျောင်းသားတွေဟာ လူတစ်ဦးချင်း လိုက် နာစောင့်ထိန်းအပ်တဲ့ စည်းမျဉ်းတွေနဲ့ အသားကျသွားမှာဖြစ်လို့ သိပ်ပြီးပူပင်စရာမလိုတဲ့နေရာတစ်နေရာ လည်းဖြစ်ပါတယ်။ ငွေကြေးဆိုင်ရာအထောက်အပံ့တွေ၊ ပညာသင်ဆုတွေ၊ ဂုဏ်သတင်းကျော်စောမှုတွေ ကြောင့် နိုင်ငံရေးသိပ္ပံကို စိတ်ဝင်စားတဲ့သူတွေ ဟားဗတ်ကျောင်းကိုသာ ဦးစားပေးအနေနဲ့ ရွေးချယ်လေ့ ရှိကြတယ်။

Yale University

ယေးလ်တက္ကသိုလ်ရဲ့ ဂုဏ်သတင်းကတော့ ကမ္ဘာအနှံ့ကျော်ကြားပြီးသားပါ။ နိုင်ငံရေးသိပ္ပံကို ဒဿနိကဘာသာရပ်နဲ့ တွဲဖက်ထားပြီး ခေါင်းဆောင်နိုင်သူတစ်ယောက်ရဲ့ အတွေးအမြင်တွေကို ရင့် ကျက်အောင်လေ့ကျင့်သင်ကြားပေးနေတဲ့ နေရာတစ်နေရာလည်းဖြစ်ပါတယ်။ နိုင်ငံရေးသိပ္ပံမှာ Health Policy, Globalization, Social and Policy Studies ဆိုတဲ့ဘာသာရပ်တွေကို ထပ်မံတိုးချဲ့သင်ကြား ပေးနေတဲ့အပြင် Ethics, Politics, Economics ဘာသာရပ်တွေကိုလည်း မလပ်အောင် သင်ကြားပေး နေတယ်။ ပညာသင်ထောက်ပံ့ကြေးတစ်နှစ်ကို ဒေါ်လာ ၂၅၀၀၀၀ လောက်ပေးဖို့အစီအစဉ်တွေလည်း ရှိတာကြောင့် ကျောင်းသားအများစု စိတ်ဝင်စားကြတယ်။ အမေရိကန် သမ္မတ ၅ ဦးဟာ ယေးလ် ကျောင်းထွက်တွေဖြစ်ပါတယ်။

Princeton University

အမေရိကန်ပညာရေးသမိုင်းမှာ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို အကောင်းဆုံးသင်ကြားနိုင်တဲ့ ကျောင်း တစ်ကျောင်းအဖြစ် နာမည်ကြီးတယ်။ အစဉ်အလာကြီးတဲ့ နိုင်ငံရေးသိပ္ပံဌာနကိုလည်း ဖွင့်လှစ်ထား တယ်။ နိုင်ငံရေးသိပ္ပံဌာနမှာ ဆရာ ၆၀ လောက်ရှိတယ်။ အကြီးဆုံနိုင်ငံရေးသိပ္ပံဌာနလို့လည်း ပြောနိုင် တယ်။ နည်းပညာနဲ့သင်ကြားမှုအပိုင်းမှာလည်း ထိပ်တန်းရောက်နေတဲ့တက္ကသိုလ်ပါ။ Seminar တွေ၊ ဆွေးနွေးပွဲတွေ၊ သုတေသနတွေအများကြီးလုပ်ပေးနေတဲ့အတွက် ကျောင်းသားတွေအတွက် အခွင့် အလမ်းကောင်းတွေ အများကြီးရနိုင်တဲ့ နေရာတစ်နေရာလို့ပြောနိုင်တယ်။

Stanford University


စတန်းဖို့ဒ်တက္ကသိုလ်က ကျောင်းသားတွေကို ပါရဂူဘွဲ့လောက်ယူနိုင်သူတွေဖြစ်အောင် လေ့ကျင့် သင်ကြားပေးနေပါတယ်။ နှစ်စဉ် ပါရဂူဘွဲ့အတွက် ၁၂ ယောက်ကနေ ၁၅ ယောက်လောက်အထိ ပါရဂူဘွဲ့တန်းကို တက်ရောက်ဖို့ ရွေးချယ်ကြတယ်။ ဒီကျောင်းရဲ့ ထူးခြားချက်က ဆရာနဲ့ကျောင်းသား သင်ကြားမှုအချိုး အရမ်းနည်းတယ်။ ငွေကြေးဆိုင်ရာ အထောက်အပံ့တွေကိုလည်း ရွေးချယ်ခွင့်ရှိ တယ်။ American Politics, Comparative Politics, International Relations, Political Methodology, Political Institutions, Political Theory တွေကို ရွေးချယ်သင်ကြားခွင့်ရှိတယ်။

University of California, Berkeley

နိုင်ငံရေးသိပ္ပံဘာသာရပ်သင်ကြားနေတဲ့ကျောင်းတွေထဲမှာ အကောင်းဆုံးစာရင်းဝင်ပါတယ်။ နိုင်ငံရေး သိပ္ပံဌာနမှာ ဆရာ ၅၂ ယောက်ရှိတယ်။ ခေါင်းဆောင်ကောင်း၊ စည်းကမ်းဥပဒေ၊ နိုင်ငံရေးဘာသာရပ် တွေကို သင်ကြားပို့ချပေးနေပါတယ်။ ဒီဌာနကဆရာတွေက အခြား လူမှုဗေဒ၊ ဘောဂဗေဒ၊ ဥပဒေ၊ စီးပွားရေးစတဲ့ဌာနတွေမှာလည်း နိုင်ငံရေးသိပ္ပံနဲ့ ပတ်သက်ပြီးသွားသင်ပေးရတယ်။ ဝေဖန်ဆန်းစစ်တဲ့ အတွေးအမြင်ဆိုင်ရာစာပေတွေလေ့လာဖတ်ရှုစေခြင်း၊ ပိုင်းခြားစိတ်ဖြာတဲ့အမြင်နဲ့ ရေးသားပြုစုစေခြင်း တွေကိုလေ့ကျင့်ပေးလို့ ကျောင်းသားတွေအတွက် အကျိုးများစေတယ်။ ဆရာကျောင်းသားအချိုးက 18:450 နှုန်းသတ်မှတ်ပြီး သင်ကြားပေးနေတယ်။ ဆရာတစ်ယောက် ကျောင်းသား ၂၅ ယောက်နှုန်း လောက်ရှိမယ်။

University of Michigan, Ann Arbor


နိုင်ငံရေးသိပ္ပံဘာသာရပ် သင်ကြားမှုမှာ အစဉ်အလာကြီးတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။ ပထမဦး ဆုံး နိုင်ငံရေးသိပ္ပံကျောင်းတော်သားတွေကို ပညာရှင်ပုံစံမျိုးဖြစ်အောင် ရိုက်သွင်းတယ်။ နောက်ပိုင်း ဒီကျောင်းထွက်တွေဟာ သင်ကြားရေးပိုင်းတွေ၊ သုတေသနအပိုင်းတွေမှာ ထူးချွန်သူတွေဖြစ်လာတယ်။ ကျောင်းသားတွေအတွက် ဘာသာရပ်ဆိုင်ရာ အခွင့်အလမ်းတွေနဲ့ ရွေးချယ်သင်ယူနိုင်ခွင့်တွေ အများ ကြီး စီစဉ်ပေးထားတယ်။ ကိုယ်စိတ်ဝင်စားတဲ့ဘာသာရပ်၊ လိုအပ်တဲ့ဘာသာရပ်ကို လေ့လာသင်ကြား နိုင်တယ်။

University of Chicago


ပထမဦးဆုံး နိုဗယ်ဆုရ နိုင်ငံရေးသိပ္ပံပညာရှင်ထွက်ပေါ်ခဲ့တဲ့ ကျောင်းဖြစ်ပါတယ်။ ဟားဗတ် ဆိုင်မွန်ဆိုသူဟာ ဒေါက်တာဘွဲ့ကို ဒီကျောင်းကရပြီး နိုဗယ်ဆုကိုလည်း ရရှိခဲ့တယ်။ ဒီကျောင်းရဲ့ထူး ခြားချက်က အစဉ်အလာပညာသင်ကြားရေးစနစ်တွေကို ရိုက်ချိုးဖျက်ပြီး ခေတ်သစ် စနစ်သစ်နဲ့ ကိုက်ညီအောင် သင်ကြားတယ်ဆိုတာကို ဂုဏ်ယူနေတယ်။ စည်းကမ်းအကောင်းဆုံး၊ တီထွင်သင်ကြား မှုအကောင်းဆုံးပညာရေးစနစ်ကိုပိုင်ဆိုင်ထားတဲ့ ကျောင်းတစ်ကျောင်းအနေနဲ့ နာမည်ကျော်ပါတယ်။

Duke University


အမေရိကန်နိုင်ငံရဲ့ ထိပ်တန်းနိုင်ငံရေးသိပံ္ပဌာနကြီးတစ်ခုရှိတယ်။ ဘွဲ့ရကျောင်းသားတွေရဲ့ သင်ကြားမှု ပရိုဂရမ်အမှတ်ပေးခြင်းမှာ နံပါတ် ၂ အကောင်းဆုံးကျောင်းတစ်ကျောင်းဖြစ်တယ်။ ဘာသာခွဲတွေ အနေနဲ့ American Politics, Comparative Politics, International Relations, Political Theory and Methods ဘာသာရပ်တွေကိုပါ သင်ကြားပေးတယ်။ Race, Ethnicity, Politics ဘာသာရပ်တွေ ကိုလည်း သီးခြားဘာသာရပ်အနေနဲ့ ထပ်မံလေ့လာနိုင်တယ်။ ဘွဲ့ရပြီး ဘွဲ့လွန်တန်းတက်နေသူတွေက ကျောင်းသားတစ်ယောက် ဆရာနှစ်ယောက်နှုန်းလောက်နဲ့ သင်ကြားပေးတယ်။

University of California, Los Angeles


နိုင်ငံရေးသိပ္ပံဘာသာရပ်မှာ ဘာသာခွဲတွေအနေနဲ့ Political Theory, International Relations, American Politics, Comparative Politics, Methodology, Race, Ethnicity and Politics ဘာသာ ရပ်တွေကို သင်ကြားရတယ်။ နိုင်ငံရေးဘောဂဗေဒ၊ နိုင်ငံရေးများကို နှိုင်းယှဉ်လေ့လာခြင်း၊ နိုင်ငံရေး သဘောတရားနှင့်လက်တွေ့ပညာရပ်တွေကိုသင်ကြားရာမှာ အထူးနာမည်ကြီးတယ်။

Massachusetts Institute of Technology



MIT ဆိုတာကတော့ သုတေသနပြုလုပ်ရာမှာ နာမည်ကျော်တဲ့ ကျောင်းကြီးတစ်ကျောင်းဖြစ်ပါတယ်။ ဒီကျောင်းရဲ့ နိုင်ငံရေးသိပံ္ပဌာနမှာ American Politics, Comparative Politics, International Relations, Models and Methods, Political Economy, Security Studies ဘာသာရပ်တွေကို သင်ကြားပေးနေပါတယ်။ ကျောင်းသားကို အနည်းငယ်ပဲလက်ခံတယ်။ ဘွဲ့ကြိုတန်းရောက်ရင် seminar ပုံစံတွေနဲ့ပဲ သွားတော့တယ်။ နည်းပညာရှင်တွေအများကြီးထွက်တဲ့ကျောင်းမှာ နိုင်ငံရေးသိပ္ပံကျောင်း တစ်ကျောင်းအနေနဲ့ ထိပ်ဆုံး ၁၀ ကျောင်းထဲစာရင်းဝင်တာကတော့ သာမန်မဟုတ်ဘူးလို့ဆိုရမယ်။

ကိုးကား.... အမေရိကန်ပြည်ထောင်စု၏ အကောင်းဆုံး နိုင်ငံရေးသိပ္ပံကျောင်း ၁၀ ကျောင်း - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A529468&xgs=1&xg_source=msg_share_topic#ixzz1jEeoWOxu

0 comments: