Wednesday, December 21, 2011

နိုင်ငံရေးဝါသနာပါတာလား တာဝန်အရနိုင်ငံရေးလုပ်တာလား...

မောင်ဝံသ


နိုင်ငံရေးဝါသနာပါတာလား တာဝန်အရနိုင်ငံရေးလုပ်တာလား

တစ်လောက ကျွန်တော့်ဆီ အင်တာဗျူးလုပ်ဖို့ ရောက်လာတဲ့ ဂျာနယ်တစ်ခုက အသက်နှစ်ဆယ်ကျော်အရွယ် သတင်းထောက်မလေး တစ်ယောက်က အင်တာဗျူးကိစ္စပြီးသွားတော့ အလွတ်သဘောပါဆိုပြီး ဆရာ နိုင်ငံရေးကို ဘယ်အရွယ်ကစပြီး ၀ါသနာပါလာတာလဲ}} လို့ မေးခဲ့တယ်ဗျ။ အဲဒီမေးခွန်းကို ကျွန်တော် အင်းစိန်တောရမှာ ရှိခဲ့စဉ်တုန်းကလည်း အခန်းနီးချင်း ကျောင်းသားလူငယ်တစ်ယောက်က မေးတာကို ခံခဲ့ရဖူးတယ်ဗျ။ အဲဒီတုန်းက ကျောင်းသားလူငယ်လေးနဲ့ အခု သတင်းထောက်မလေးတို့ရဲ့ အမေးကို ကျွန်တော် ပြန်ဖြေခဲ့ပုံကို အနှစ်ချုပ်ပြီး တင်ပြချင်တယ်ဗျာ။

ဝါသနာအလုပ်ဆိုတာ

အမှန်တော့ အဲဒီမေးခွန်းဟာ အခြေခံကစပြီး မှားနေတဲ့မေးခွန်း ဖြစ်တယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးလုပ်ငန်းကို ၀ါသနာတစ်ခုအဖြစ် သဘောထားပြီး မေးထားလို့ပဲဖြစ်တယ်ဗျာ။ တကယ်တော့ နိုင်ငံရေးဆိုတာ (သီးသီးသန့်သန့်ရွေးထုတ်ပြီး ပြောရရင် ကျွန်တော်တို့လို နိုင်ငံမျိုးတွေမှာ) ၀ါသနာတစ်ခု မဟုတ်ဘူးဗျ။ ၀ါသနာဆိုတဲ့ ဝေါဟာရကို ]]သင်အလုပ် လုပ်မနေချိန်မှာ စိတ်ချမ်းမြေ့ပျော်ရွှင်မှုရရှိရန်အလို့ ငှာ ပြုလုပ်တဲ့လုပ်ရပ်တစ်ခု}} (an activity that you do for pleasure when you are not working) လို့ အောက်စဖို့ဒ်အဘိဓာန်မှာ ဖွင့်ဆိုထားပြီး ရေကူးတာတို့ ဥယျာဉ်စိုက်ပျိုးတာ တို့ စတဲ့အလုပ်တွေကို ဥပမာပေးထားတယ်ဗျာ။

ဒီမိုကရေစီနိုင်ငံတွေမှာတော့

]]ကျွန်တော်တို့လို နိုင်ငံမျိုးတွေမှာ}} လို့ ကျွန်တော် သုံးနှုန်းထားတာကို သတိပြုမိကြမယ် ထင်တယ်ဗျ။ မှန်တယ်ဗျာ။ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံအားလုံးပါဝင် လက်မှတ်ရေးထိုးပြဋ္ဌာန်းထားတဲ့ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းပါ အခြေခံ လူ့အခွင့် အရေးများ လုံလုံလောက်လောက် ရရှိထားကြပြီး အဲဒီအခြေအနေရဲ့ အကျိုးဆက်အဖြစ် ငြိမ်းချမ်းမှု ဖွံ့ဖြိုးတိုးတက်မှု၊ တင့်တယ်ထည်ဝါမှု စတဲ့ ကောင်းမြတ်ခြင်း တရားတွေ စည်ပင်ပွင့်လန်းနေတဲ့ နိုင်ငံတွေ(တစ်နည်း) ဖွံ့ဖြိုးပြီး ဒီမိုကရေစီနိုင်ငံကြီးတွေမှာတော့ နိုင်ငံရေးဆိုတာ ၀ါသနာတစ်ခုဖြစ်အောင်း ဖြစ်နိုင်သလို အဲဒီက နောက်တစ်ဆင့်တက်ပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်း (profession) တစ်ခုလည်း ဖြစ်ချင်ဖြစ်နိုင်တယ်ဗျ။ အဲဒါကို ရှုထောင့်တစ်မျိုးကကြည့်ပြီး ပြောရရင် နိုင်ငံသူ နိုင်ငံသားအားလုံး (တစ်ယောက်မကျန်) မဖြစ်မနေ အရေး တကြီးပါဝင်ဖြေရှင်းကြမှ ပြေလည်မယ့် အမျိုးသားရေး အကျပ်အတည်းကြီးတစ်ခုကို အောင်မြင်စွာ ဖြေရှင်းကျော်လွှားလွန်မြောက်နိုင်ခဲ့ ကြပြီဖြစ်တဲ့ နိုင်ငံမျိုးတွေမှာတော့ နိုင်ငံရေးဟာ ၀ါသနာတစ်ခု၊ အသက်မွေးဝမ်းကျောင်းတစ်ခု ဖြစ်နိုင်တယ်ဗျ။

ဝါသနာအလုပ် လုံးဝမဟုတ်ပါ

ဒါပေမယ့် ကျွန်တော့်တို့လို အမျိုးသားရေးအကျပ်အတည်းကြီးတွေ တစ်ခုပြီးတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပြီး အခုအထိလည်း အမျိုးသားရေး အကျပ်အတည်းကြီးတစ်ခုနဲ့ ကြုံတွေ့ရင်ဆိုင်ဖြေရှင်းနေရဆဲဖြစ်တဲ့ နိုင်ငံတစ်ခုမှာတော့ နိုင်ငံရေးဆိုတာ ၀ါသနာတစ်ခု လုံးဝ(လုံးဝ)မဟုတ်ပါဘူးဗျာ။

လောကီနယ်ပယ်အတွင်း ကျင်လည်လှုပ်ရှားနေကြရတဲ့ လူသားတွေရဲ့ အန္တိမပန်းတိုင်က ဖွံ့ဖြိုးတိုးတက်စည်ပင်သာယာဝပြောတဲ့ လူ့ ဘောင်အဖွဲ့အစည်း တစ်ခုတည်ဆောက်ရေးပဲ ဖြစ်တယ်ဗျာ။ ဒီကနေ့ အဲသလိုမျိုးလူဘောင် အဖွဲ့အစည်းကို အတော်ကလေး မြင့်မားတဲ့ အတိုင်းအတာတစ်ခုအထိ အောင်အောင်မြင်မြင် တည်ဆောက်နိုင်ခဲ့ကြပြီး ဖြစ်တဲ့ နိုင်ငံတွေ လျှောက်လမ်းခဲ့တဲ့ ခရီးက မရောက်သေးတဲ့ နိုင်ငံတွေကို ပေးနေတဲ့ သင်ခန်းစာက ဖွံ့ဖြိုးရေးဆိုတာ ငြိမ်းချမ်းရေးရှိမှ ရရှိခံစားနိုင်တဲ့ အရာဖြစ်တယ်။ ငြိမ်းချမ်းရေးဆိုတာကလည်း ညီညွတ်ရေးရှိမှ ဖြစ်ထွန်း ပေါ်ပေါက် လာနိုင်တဲ့ အရာဖြစ်တယ်။ ညီညွတ်ရေးဆိုတာကလည်း လွတ်လပ်မှု နဲ့ အခွင့်အရေးတန်းတူညီမျှမှုရှိမှ တည် ဆောက်နိုင်တဲ့ အရာဖြစ်တယ်ဆိုတာပဲ ဖြစ်တယ်ဗျ။

နယ်ချဲ့နဲ့ ဖက်ဆစ်တော်လှန်ရေး

အားလုံးသိကြတဲ့အတိုင်း ကျွန်တော်တို့နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပထမဆုံး အခြေခံအုတ်မြစ်ဖြစ်တဲ့ အမျိုးသားလွတ်မြောက်ရေး ရရှိဖို့တိုက်ပွဲ အလီလီ ဆင်နွှဲခဲ့ရတဲ့နိုင်ငံဖြစ်တယ်ဗျ။ ဗြိတိသျှကိုလိုနီနယ်ချဲ့အစိုးရကို နှစ်ကြိမ်၊ ဖက်ဆစ်ဂျပန်အစိုးရကို တစ်ကြိမ် စုစုပေါင်း သုံးကြိမ် ဆင်နွှဲခဲ့ရတဲ့ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲများဟာ ကျွန်တော်တို့နိုင်ငံရဲ့ ခေတ်သစ်သမိုင်းမှာ ပထမဆုံး ကြုံတွေ့ခဲ့ရတဲ့ အမျိုးသား ရေး အကျပ်အတည်းကို တစ်မျိုးသားလုံး (တစ်နည်း) ပြည်သူတစ်ရပ်လုံး အားသွန်ခွန်စိုက်စွမ်းစွမ်းတမံ ပါဝင်ဖြေရှင်းခဲ့ကြရတဲ့ ရုန်းကန်မှု ကြီးတွေပဲ ဖြစ်တယ်ဗျ။

ကိုဘဦးမှသည် သခင်အောင်ဆန်းသို့
အဲဒီကာလတွေမှာ ကောလိပ်ကျောင်းသား ကိုဘဦးခေါင်းဆောင်တဲ့ ကျောင်းသားတွေ စာသင်ခန်းကို စွန့်ခွာပြီး သပိတ်စခန်းတွေမှာ နေထိုင်ခဲ့ကြ တာ (၁၉၂၀)။ ဆရာစံဦးဆောင်တဲ့ တောင်သူလယ်သမားကြီးတွေ တံစဉ်တွေ လွှတ်ချပြီး ဓားတွေ၊ သေနတ်တွေကို စွဲခဲ့ကြတာ (၁၉၃၁)၊ သခင်ဘိုးလှကြီး ခေါင်းဆောင်တဲ့ ရေနံမြေအလုပ်သမားကြီးတွေ လုပ်ငန်းခွင်သုံး လက်နက် ကိရိယာ တန်ဆာပလာတွေကို စွန့်လွှတ်ပြီး ခရီးရှည်ချီတက်ဆန္ဒပြခဲ့တာ (၁၉၃၈)၊ သခင်အောင်ဆန်း ခေါင်းဆောင်တဲ့ လူငယ်နိုင်ငံရေးသမားတွေနဲ့ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တွေ ရပ်ဝေးမြေခြားမှာ စစ်ပညာ သွားသင်ခဲ့ကြတာ (၁၉၄၁)၊ အလွှာစုံက ပြည်သူတွေ မိမိတို့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို စွန့်လွှတ်ကျောခိုင်းပြီး ဘီအိုင်အေထဲ ၀င်ရောက်ခဲ့ကြတာ (၁၉၄၂)၊ တစ်နည်းပြောရရင် တစ်ချိန်က သလဲသီးလို သူ့အကန့်နဲ့သူ ရှိခဲ့ကြတဲ့ ပြည်သူတွေ အမျိုးသားလွတ်မြောက်ရေးဆိုတဲ့ နိုင်ငံရေး ပင်မရေစီးကြောင်းကြီးထဲ ခုန်ချပါဝင်လာကြတာတွေဟာ ၀ါသနာပါလို့ လုပ်ခဲ့ကြတာ မဟုတ်ဘူးဗျ။ ငါတို့နိုင်ငံလွတ်မြောက်ရေးအတွက် ငါတို့အားလုံးမှာ တာဝန်ရှိတယ်ဆိုတဲ့ တာဝန်သိစိတ်နဲ့ ပါဝင်ထမ်းဆောင်ခဲ့ကြတာပဲ ဖြစ်တယ်ဗျ။ ၀ါသနာတစ်ခုအနေနဲ့ အပန်းဖြေဖို့ နိုင်ငံရေးလုပ်ခဲ့ကြတာ မဟုတ်ပါဘူးဗျာ။

ဘ၀တွေ အသက်တွေပေး၍

လွတ်လပ်ရေးရပြီးတော့လည်း အားလုံးသိကြတဲ့အတိုင်း ကျွန်တော်တို့ နိုင်ငံဟာ ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊ ဒီမိုကရေစီရေးတို့ တစ်ပေါင်းတည်း ပါဝင်တဲ့ အမျိုးသားရေး အကျပ်အတည်းကြီးနဲ့ ဆက်လက်ရင်ဆိုင်ခဲ့ရတာ ဖြစ်တယ်ဗျ။ ၁၉၄၈-၄၉ မှာ ကျောင်းသားတွေ စာသင်ခန်းတွေထဲက ထွက်လာပြီး သေနတ်ကိုင်ခဲ့ကြရပြန်တယ်။ ၁၉၆၂ မှာ စာသင်ခန်းကို ကျောခိုင်းပြီး အဓိပတိလမ်းမပေါ် လျှောက်ခဲ့ကြရတယ်။ ၁၉၇၄-၇၅-၇၆ မှာ ကျောင်းသားနဲ့ အလုပ်သမားတွေ စာပေသင်ယူမှုနဲ့ ကုန်ထုတ်လုပ်မှုတွေကို ရပ်ဆိုင်းပြီး သပိတ်သမားတွေ ဖြစ်ခဲ့ကြရတယ်။ ၁၉၈၈ မှာ လှည်းနေလှေအောင်း မြင်းစောင်းမကျန် ပြည်သူတွေ မိမိတို့ကို ထမင်းကျွေးနေတဲ့အလုပ်တွေကို စွန့်လွှတ်ပြီး လမ်းမတွေပေါ် ချီတက်ခဲ့ကြတယ်။ ၂၀၀၇ မှာ သံဃာတော်တွေ ကျောင်းသင်ခဏ်းတွေကို ကျောခိုင်းပြီး လမ်းမတွေပေါ် ကြွချီခဲ့ကြတယ်။ အဲဒီလုပ်ရပ်တွေ အားလုံးဟာ မိမိတို့လုပ်နေကျ အလုပ်ကနေ ငြီးစီစီဖြစ်လာလို့ ခေတ္တခဏလောက် အပန်းဖြေရအောင်ဆိုပြီး နိုင်ငံရေးလုပ်ခဲ့ကြတာ မဟုတ် ဘူးဗျ။ နေ့တွေ လတွေ နှစ်တွေနဲ့ တည်ဆောက်ထားတဲ့ ဘ၀တွေ၊ တချို့ဆိုရင် အသက်တွေကိုတောင် စတေးပေးဆပ်ပြီး လုပ်ခဲ့ကြတဲ့ နိုင်ငံရေးဖြစ်တယ်ဗျ။ မလုပ်မဖြစ်လွန်းလို့ မတတ်သာလွန်းလို့ လုပ်ခဲ့ကြရတဲ့ နိုင်ငံရေးဖြစ်တယ်ဗျ။ ၀ါသနာပါလို့လုပ်တဲ့ နိုင်ငံရေး မဟုတ်ပါဘူးဗျ။
လူတိုင်းတက်ကြွပါဝင်

ကျွန်တော်တို့နိုင်ငံမှာ တစ်ချိန်ချိန်မှာတော့ နိုင်ငံရေးဟာ ၀ါသနာအလုပ် တစ်ခု ဖြစ်လာကောင်း ဖြစ်လာနိုင်ပါတယ်။ အခုအချိန်မှာတော့ နိုင်ငံရေးဟာ ၀ါသနာအရ မဟုတ်ဘဲ ဒီမိုကရေစီနိုင်ငံထူထောင်ရေးတည်းဟူသော အမျိုးသားရေးတာဝန်အရ မလုပ်မဖြစ် လုပ်ကြရမှာ ဖြစ်တာကြောင့် လူတိုင်း တက်တက်

မောင်ဝံသ ၁၃ ၁၂ ၁၁

(maungwuntha facebook စာမျက်နှာမှကူးယူဖော်ပြသည်။)
ပြောချင်လွန်းလို့ / မောင်ဝံသ (ယခုအပတ် ပြည်သူ့ခေတ်ဂျာနယ်ပါ ဆောင်းပါး)
maungwuntha@gmail.com
Rest of your post

0 comments: