Wednesday, December 21, 2011

ငရဲကြီးရှစ်ထပ်ရှိသည်ဟုဆိုကြသည်

ဖေမြင့်

“သူငယ်ချင်အရက်သောက်မလား” သူငယ်ချင်းကမေးသည်။

“မင်းထီပေါက်လို့လား” ကျွန်တော်ကမေးသည်။

“ဘယ်ပေါက်ပါ့မလဲကွ”

“ဒါဖြင့်လဲလုပ်မနေပါနဲ့ကွာ၊ ငါ့မှာလဲ အရက်ဖိုးပိုက်ဆံမရှိဘူး၊မင်းမှာလဲရှိမှာလဲရှိမှာမဟုတ်ဘူး။”

“ဘာလို့မရှိရမှာလဲကွ၊ ရှိတာနဲ့သောက်မှပေါ့”

“တော်ပါပြီကွာ၊ ငါမလိုက်တော့ပါဘူး၊ မင်းကကော ဘာကြောင့်ဒါလောက်အရက်သောက်ချင်နေရတာလဲ။”

“အရှင်းဆုံးပြောရရင် စိတ်ညစ်လို့ပေါ့ကွာ သူငယ်ချင်း၊စိတ်ညစ်နေတာကြာပြီကွာ၊ နေတိုင်းစိတ်ညစ်နေတာ မင်းလဲသိသားပဲ၊ဒီနေ့တော့ ငါအရက်သောက်တော့မယ်။”

“မဟုတ်သေးပါဘူးကွာ၊စိတ်ညစ်စရာကတော့ လူတိုင်းမှာရှိတာပေါ့၊စိတ်ညစ်လို့ အရက်သောက်တော့ စိတ်ညစ်စရာတွေထပ်ကြုံရမှာပေါ့၊ စိတ်ညစ်လို့သောက်၊သောက်လို့စိတ်ညစ်၊ ပတ်ချာလည်ပြီး နောက်ဆုံး ကိုယ်ပဲဒုက္ခရောက်မှာပေါ့။ လူ့ဘဝဆိုတာ အခက်အခဲတော့ရှိမှာပဲ၊ အခက်အခဲကို ရင်ဆိုင်ဖြေရှင်းရဲဖို့ လိုတယ်၊ ဒီကနေ့အဆင်မပြေရင်နက်ဖြန် အဆင်ပြေမှာပေါ့ သူငယ်ချင်း၊ အရေးကြီးတာက ကှိယ်ကအားမလျော့ဘဲ ကြိုးစားဖို့ပဲသူငယ်ချင်း၊ အဲဒါမှ တစ်နေ့မှာ အောင်မြင်မှုရမှာပေါ့၊ အခုလောလောဆယ်ဆယ် တောင့်ထားစမ်းပါဦး”

“မင်းစေတနာကိုငါနားလည်ပါတယ် သူငယ်ချင်း၊ မင်းပြောတဲ့စကားမျိုးလည်း ငါပြောတတ်ပါတယ်၊ ပြောလဲ ပြောခဲ့ဘူးတာပဲ၊ ဒါပေမယ့်ငါဒီထက်ပိုပြီးတောင့်မခံနိုင်တော့ဘူး၊ မင်းလဲသတိထား၊ မခံနိုင်လောက်တဲ့ အင်းအားကိုအတင်းတောင့်ခံရင် ဂျွတ်ခနဲ ကျိုးသွားလိမ့်မယ်၊ ရူးသွားတာနဲ့စာရင် အရက်သမားဖြစ်တာကမှ တော်သေးတယ် သူငယ်ချင်း”

“မဟုတ်သေးဘူးကွာ၊ မင်းကပြဿနာကို အဲသလောက် ပုံကြီးချဲ့မပြောနဲ့ရူးသွားရလောက်အောင်အထိ မင်းဘဝမခက်ခဲသေးပါဘူး၊ မင်းသောက်ချင်ရင် သောက်ချင်တယ်ပြောပါ”

“အေး ဟုတ်တယ်၊သောက်ချင်တာလဲ တစ်စိတ်တစ်ပိုင်းပါတာပေါ့ကွာ၊ အရက်ဆိုတာက စိတ်မညစ်ပဲလဲ သောက်လို့ကောင်းတဲ့ ပစ္စည်းတစ်ခုမဟုတ်လား၊ စိတ်ညစ်လို့ဆိုတော့ သောက်ဖို့အကြောင်းဟာ နှစ်ထပ်ကွမ်းလုံလောက်နေပြီ”၊ “ကဲ…..မင်း မလိုက်ချင်လဲ နေတော့ကွာ ငါတော့ ဒီနေ့အဖို့ သောက်ကိုသောက်ရမှ ကျေနပ်မယ်၊ သေသေချာချာကို မူးအောင်သောက်ပြီးမှ ပျှော်ပျှော်ကြီး အိမ်ပြန်သွားတော့မယ်ကွာ”

သူငယ်ချင်း လှည့်ထွက်သွားသည်။ ကျွန်တော် တစ်ယောက်တည်း ငေါင်၍ကျန်ရစ်သည်။

အချိန်ကညနေစောင်း၊ ဘာလုပ်ရမည်မသိပါ။

အမှန်တော့အိမ်ပြန်ရုံပဲရှိသည်။ သို့သော် ဘာမှအကြောင်းမထူးသော အနေအထားဖြင့်အိမ်ပြန်သွားရတာကို ကျွန်တော်စိတ်ပျက် ငြီးငွေ့ပြီ။ ကျပ်ကျပ်တည်းတည်း ကားကြီးထဲမှာ ကိုယ့်လိုပဲ လမ်းမမြင် ကမ်းမမြင်သူများကြားထဲမှာ ငရဲခံပြီး ပြန်ရမှာလည်း ကျွန်တော်ကြောက်ရွံ့နေသည်။

သည်ငရဲကို ဖြတ်သန်းပြီးနောက်မှာ ပြန်လည်ရောက်ရှိရမည့် အိမ်ဟူသည်ကလည်း သု့ခရိပ်မြုံမဟုတ်။ ဘေးမဲ့တော့မဟုတ်။စင်စစ် မနက်အိမ်မှထွက်ခဲ့ခြင်းသည်ပင် ဘေးလွတ်ရာသို့ထွက်လာခဲ့ခြင်း၊ ပြဿနာအပေါင်းမှ ရှောင်တိမ်းပြေးလွှားလာခဲ့ခြင်း ဖြစ်သည်မဟုတ်လော။ မသေချာမရေရာမှန်း ကိုယ့်ဘာသာ သေသေချာချာသိသည့် ကိစ္စတစ်ခုကိုအကြောင်းပြုပြီး ထွက်လာခဲ့တာ ကိုယ့်ဘာသာကိုယ်ပဲ သိသည်။ အဲ…..အိမ်မှာကျန်ခဲ့သည့် မိန်းမည်းသိချင်သိနိုင်ပါသည်။

ဘတ်စ်ကားမှတ်တိုင်နှင့် ဝေးသောနေရာဘက် ကျွန်တော်ထွက်လာခဲ့မိသည်။ လက်ဘက်ရည်ဆိုင်ဝင်ထိုင်ရလျှင်ကောင်းမည်လား။ ဘာလုပ်မည်လဲ။ အလကား ပိုက်ဆံကုန်ဦးမည်။ မီနီမတ်ကက်တွေ၊ နိုင်ငံခြားကုန်တိုက်တွေဆိုတာကလည်း ကိုယ်နှင့်ဘာမှမဆိုင်။ ရုပ်ရုင်ရုံက ပိုစတာများ၊ ဓာတ်ပုံကားချပ်များကို ငေးကြည့်နေရအောင်လည်း ကျွန်တော်ကလေးမဟုတ်တော့။ နိုင်ငံခြားပြက္ခဒိန် အသစ်ကလေးတွေချိတ်ထားတာ သွားလှန်ကြည့်ရ ကောင်းမည်လား၊ ဝယ်လဲမဝယ်ပဲ အသားလွတ် အရသာခံသွားသည်ဟု ကျိတ်ပြီးဆဲရေးတာကို ခံရနိုင်သည်။ အားမနာပါးမနာ ကောက်ကိုင်လှန်လောလို့ရသည့် လမ်းဘေးစာအုပ်ဆိုင်တွေကိုပဲ တစ်ဆိုင်ပြီးတစ်ဆိုင် ဝင်ထိုင်ကိုင်ကြည့်နေမိသည်။ အရက်ဆိုင်တစ်ဆိုင်ရှေ့ နားကိုကျွန်တော်ရောက်လာသည်။

အထဲမှာ သောက်စားနေကြသည်။ ကျွန်တော်အာခံတွင်းထဲတွင် စွတ်စို၍လာသည်။ ဆိုင်ထဲကိုလှမ်းကြည့်ရင်း ဆိုင်ရှေ့မှ ကျွန်တော် ဖြတ်ကျော်၍သွားသည်။ ဒီဆိုင်ဝင်ပြီး ကျွန်တော်တစ်ခွက်နှစ်ခွက်လောက်သောက် လိုက်ရရင်ကောင်းမလား။ “ဟာ…..မလုပ်ပါနဲ့”။ အဓိပ္ပာယ်မရှိဘူး။ ဟိုကောင့်ကျတော့ ကြီးကြီးကျယ်ကျယ် ပြောလိုက်ပြီးတော့။

ဒါပေ့မယ့် သူပြောသွားသလို တစ်ခါတစ်လေတော့ စိတ်တောင့်တင်းမှုတွေ ပြေလျော့သွားအောင် နည်းနည်းပါးပါး လုပ်လိုက်တာမှားဘူးထင်သည်။ သို့သော် ပိုက်ဆံရှိသလား။ ကျွန်တော့်အိတ်ထဲမှာ အရက်ဝင်သောက်၍ ရလောက်သောငွေကြေးတော့ရှိသည်။ ဆယ်တန်တစ်ရွက်၊ ကျပ်တန်သုံးလေးရွက်၊ ပြီးတော့သေသေချာချာ လေးခေါက်ချိုး ခေါက်၍ ထည့်ထားသည့် ကိုးဆယ်တန်တစ်ရွက်။ တစ်ကယ်တော့ သည်ကိုးဆယ်တန်က ကျွန်တော်သုံးစွဲရန် ထည့်ထားသည့်ပိုက်ဆံမဟုတ်။ အရက်သောက်ရန်အတွက်ကား သာ၍မဟုတ်။ ကျွန်တော့ဖိနပ် လမ်းမှာပြတ်သွားလျှင်အသစ်တစ်ရန်ဝယ်စီးရန် အတွက်သာဖြစ်သည်။ ကျွန်တော် တခြားအရာတွေကို သိပ်ဂရုမစိုက်သော်လည်း ဖိနပ်မပါဘဲ လမ်းလျှောက်ရမှာကိုတော့ ကြောက်နေသေးသည်။ ထို့ကြောင့်မြိုထဲထွက်လျှင် ကိုးဆယ်တန်ကလေးကိုအိတ်ထဲထည့်ယူခဲ့မြဲ ဖြစ်သည်။ အင်း….ဖိနပ်တစ်ရန် ကိုးဆယ်နဲ့မှရသေးရဲ့လား ကျွန်တော်တွေးပှုလိုက်မိသည်။သို့သော်လောကကြီးတွင် တွေးပှုမည်ဆိုပါက ပှုစရာတွေချည်းပဲမဟုတ်လား။ ပှုတာလည်း သည်စိတ်၊ မပှုတာလည်းသည်စိတ်။ ကိုယ်ပှုချင်လည်း ပှု၍ရသည်။ မပှုချင်လည်း မပှု၍ရသည်။ ပတ်ဝန်းကျင်ဆိုတာ ဂရုစိုက်မည်ဆိုလည်းရသည်။ မစိုက်ပဲနေတာ့ကော ဘာဖြစ်သေးလဲ။ သူတို့ကိုမထိခိုက်လျှင်ပြီးတာပဲမဟုတ်လား။ ကျွန်တော် နောက်ပြန်လှည့်ကာ ဆိုင်ထဲကိုလှမ်းကြည့်သည်။ အထဲသို့ဝင်လာမိသည်။ အရက်သမားတွေ စားပွဲတိုင်းလိုလို ပြည့်နေသည်။ တချို့ကဝိုင်းဖွဲပြီး ဆူညံအော်ဟစ်ပြောဆိုနေကြသည်။ နေရာလွတ်သည့် စားပွဲများက လူတွေကြည့်ရသည်မှာလည်း ဖော်ရွေသည့် လက္ခဏာမရှိ။ သူစိမ်းတွေ။ ဘယ်သူနှင့်မှ မဆက်ဆံချင်သည့်ပုံစံတွေ။ တစ်စားပွဲတည်းထိုင်၍ အရက်သောက်မိလျှင်ပြဿနာတက်ချင် တက်လာနိုင်သည့် ရုပ်မျိုးတွေ။ သူငယ်ချင်းတစ်ယောက်ကို ရှာသလိုလိုနှင့် ကျွန်တော်ပြန်လှည့်ထွက်လာခဲ့သည်။ အပြင်ရောက်မှသတိရသည်။ ကောင်းဘွိုင်ဇာတ်ကားများထဲကလို ကောင်တာမှာရပ်ပြီး နှစ်ပတ်မှာ၊ ဂွပ်ခနဲ မော့သောက်ပြီးခပ်တည်တည် ပြန်ထွက်လာခဲ့လျှင်လည်းရသားပဲ။

ပြန်လှည့်ဝင်မလိုလိုလုပ်ပြီးနောက်မှ ရှက်သလို ခြေလှမ်းများမရဲသလိုဖြစ်ကာ ကျွန်တော်ဆက်ထွက်လာခဲ့သည်။ စိတ်ထဲမှာ ဆတ်တငံငံနှင့်။ကံအားလျော်စွာ သိပ်ဝေးသည့်တစ်နေရာမှာပဲ နောက်ထပ်အရက်ဆိုင်တစ်ဆိုင်က ရှိနေပြန်သည်။ ကဲ…..ဝင်မလား။ သည်တစ်ခါဝင်လျှင်တော့ သောက်ဖြစ်အောင်သောက်မည်။ ဆိုင်ဝကြည့်လိုက်တောု့ဟိုဆိုင်တုန်းကလို လူအပြည့်။ လူတွေကြည့်တော့လည်းသိပ်အဆင်ပြေနေတဲ့ပုံစံမျိုး မတွေ့ရ။ တချို့ဆိုလျှင်အတော်ပင်နွမ်းနွမ်း ဖတ်ဖတ်။

ကျွန်တော်ကောင်တာမှာသွားရပ်သည်။ ဖန်ခွက်တစ်လုံး တောင်းသည်။ရမ်နှစ်ပက်မှာသည်။ရေခဲတစ်ပွဲ၊ မြေပဲတစ်ပွဲမှာသည်။ ဂွပ်ခနဲမော့မသောက်ဖြစ်။ ကျွန်တော်အဲသလို မသောက်နိုင်။ သောက်နိုင်သူတွေကို သဘောကျရုံပဲရှိသည်။ ဖန်ခွက်ထဲ ရေခဲထည့်၊ ရေထည့်၊ နည်းနည်းသောက်၊ ချထား၊ မြေပဲဝါး၊ အခန်းထဲသောက်စားနေသူများကို ကြည့်၊ နည်းနည်းသောက်။

“ဟိုစားပွဲမှာ နေရာလွတ်သွားပြီ၊ သွားထိုင်ပါလား တဲ့၊” ကောင်တာကလူက ပြောသည်။စားပွဲတစ်လုံးမှာလူနှစ်ယောက်ထသွားသည်။ တစ်ယောက်ကတော့ကျန်နေသေးသည်။ ကောင်တာကလူ ကြည့်ရတာသူအရက်ချင်သည့်အနား မှာရပ်နေတာကို ကြိုက်ပုံမရသဖြင့် သူညွန်ပြသည့် စားပွဲဆီသို့ ရွေ့သွားလိုက်သည်။ စားပွဲမှာတစ်ရောက်ထဲကျန်သည့်သူက ကျွန်တော့် ထက်အတော်လေး အသက်ကြီးသည်။ မူးလည်းအတော်မူးနေသည်။ ကျွန်တော်သူနှင့် မျက်နှာချင်းဆိုင် ဝင်ထိုင်သည့်အခါ သူကမော်၍ပင်မကြည့်။ ခေါင်းကိုငိုက်စိုက်ချကာ ပါးစပ်က ဗျစ်တောက်ဗျစ်တောက်တွေပြောနေသည်။ သူ့ရှေ့စားပွဲပေါ်မှာ ငွေစက္ကူအချို့ရှိသည်။

“သေပေါ့၊ သေကြပေါ့” သူကပြောပြီးရုတ်တရက်မော့ကြည့်သည်။ ကျွန်တော့်ကိုမြင်တော့ လက်ညိုးထိုးပြီး လှမ်းပြောသည်။ “ခင်ဗျားကိုပြောတာ မဟုတ်ဘူး”။

“ရပါတယ်ခင်ဗျာ၊ကိစ္စမရှိပါဘူး၊ ကျွန်တော်နားလည်ပါတယ်”။ သူကကျွန်တော့်ကို မူးဝေနေသော မျက်လုံးဖြင့်ကြည့်နေသည်။ “မောင်ရင် နားလည်တယ်ဆိုရင်ကောင်းပါတယ်၊ ဒါပေမယ့် နားလည်တယ်ဆိုတာ သိပ်များများနားလည်မှ ကောင်းတယ်၊ မလည်တလည်ဆိုရင်ခက်တယ်ကွ၊ ရင်းရင်းနှီးနှီး ပြောတာစိတ်မဆိုးနဲ့နော်၊ ဟောဒီမှာ မလည်တလည်နဲ့ လူလည်လုပ်နေတဲ့လူတွေကြောင့် ဒုက္ခရောက်နေတဲ့ အကောင်” သူ့ရင်ဘတ်သူ ဗုန်းကနဲပုတ်လိုက်သည်။

ထို့နောက်ဆက်ပြောသည်။

“မိန်းမ နေမကောင်းတာပဲကွာ ဘာဖြစ်လဲဟုတ်လား၊ မိန်းမဆိုတာနေမကောင်ဖြစ်မှာပေါ့၊ မိန်းမတွေ အမြဲနေမကောင်းဖြစ်နေတာပဲ၊ သေလဲသေပေါ့ ကွာ၊ သူမသေ ကိုယ်သေ၊ သေရင်အေးတာပဲ၊ သားသမီးတွေဆိုတာလဲ ရှာဖွေပေးကမ်းနိုင်သရွေ့ကာလပတ်လုံး သူတို့ကိစ္စက ပြီးဆုံးတယ်လို့မှ မရှိဘဲ၊ သေပြီဆိုတော့မှ ကိစ္စပြတ်တာ၊ ငါသေပြီ၊ မင်းတို့ကိုမပေးနိုင်တော့ဘူး”။ “ငါ့ အပိုင်းရပ်သွားပြီး၊ မင်းတို့ဘာသာမင်းတို့ လူ့ဘဝထဲရုန်းကန်ကြတော့.၊ အစတုန်းကတော့ လူ့ပြည်ဆိုတာ ငရဲနဲ့ နိဗ္ဗန်တွဲထားမယ်လို့ထင်ထားတာ၊ နိဗ္ဗန်တစ်ခုတည်း ရှိပေမယ့်ငရဲကျတော့ ရှစ်ခုတောင်ရှိတယ် မဟုတ်လား၊ လူ့ပြည်ဆိုတာ ငရဲကြီးရှစ်ထပ်ထဲက တစ်ထပ်ထပ်ရဲ့အစွယ်အပွား တစ်ခုဖြစ်မယ်၊ ဒီသားသမီးတွေကို ငရဲပြည်ကိုခေါ်လာမိတဲ့အတွက် ကိုယ့်မှာအပြစ်ရှိတာပေါ့ကွာ၊ တာဝန်ရှိတယ်ပြောလဲခံရမှာပေါ့၊ ဒါပေမဲ့ ဒါငရဲပြည်ပဲဟေ့၊ ငါခေါ်လာမိတာ ငါတောင်းပန်တယ်၊ ငါလဲ အမှုမဲ့ အမှတ်မဲ့ ခေါ်လာခဲ့မိတာ၊ မင်းတို့နဂိုလာရာ အရပ် ပြန်ကြမလားဆိုရင် သူတို့ကော ပြန်ချင်မလား၊ပြန်ကြမလား၊ အေး ဘယ်ပြန်ရမှန်းလဲတော့ မသိကြဘူးပေါ့ကွာ၊ ဒါပေမဲ့ ငရဲပြည်မှန်းသိပြီးတဲ့နောက် သူတို့ဆက်နေချင်သေးကြသေးရင်တော့ နေကြပေါ့ကွာ၊ ဒါသူတို့အပိုင်းဖြစ်သွားပြီ၊ ဒါပေမဲ့ အခုကျုပ်က မသေဘူး”။ “ဒါလောက်အရက်သောက်တာတောင် မသေသေးဘူး၊ မိန်းမသေမှာ၊ အဲ မိန်မလဲ ပြောသာပြောရတာ၊ တော်တော်နဲ့ သေမဲ့ရုပ်မဟုတ်ပါဘူး၊ စောစောကပြောတဲ့ မလည်တလည်နဲ့ လူလည်လုပ်တဲ့ကိစ္စခံနေရတာ၊ ဒီလိုလေကွာ၊ မောင်ရင် စဉ်းစားကြည့်၊ မိန်းမက နေမကောင်းဘူးကွာ၊ နှလုံးတုန်တယ်၊ ရင်ခုန်တယ်၊ မအိပ်နိုင်ဘူး၊ ထမင်းမစားနိုင်ဘူး၊ လမ်းထဲက ဆရာဝန်နဲ့ ဆေးထိုးတယ်၊သိပ်မထူးဘူး၊ ဒါပေမဲ့ ဒီနေ့မထူးခြားရင် နောက်နေ့ထူးခြားချင်ထူးခြားလာမှာပေါ့ကွာ၊ နည်းနည်းပါးပါး စောင့်ကြည့်ပေါ”့၊ “ဒါကို လူတတ်လုပ်တဲ့လူက ဝင်ပြီးဟာ နှလုံးရောဂါဖြစ်နေရင်ခက်မယ်၊ ရိုးရိုးဆရာဝန်နဲ့ ပြနေလို့ ဘယ်ဖြစ်မလဲ၊သူတို့တောင် နှလုံးရောဂါပါရဂူနဲ့ ပြပြီးမှ သက်သာသွားတာ ဘာညာလုပ်တော့ မိန်းမက သူ့ရောဂါဟာ နှလုံးရောဂါပဲ၊ ပါရဂူနဲ့ပြမှ ဖြစ်မယ်၊မပြရင်သူ သေမှာလို့ ဖြစ်သွားရော၊ အဲ့ဒီတော့ ပြပေါ့ကွာ၊ မရှိရှိ ရှာကြံချေးငှားပြီးပြပေါ့၊” “ပြတော့ ပါရဂူက ဘာပြောလဲ၊ နှလုံးရောဂါဖြစ်ချင်ရင် နေတယ်တဲ့၊ ဖြစ်နေပြီလားဆိုတော့လဲ မဟုတ်ဘူး၊ ဖြစ်ချင်နေတယ်တဲ့၊ ဘာစကားလဲကွာ၊ ဘယ်သူကဖြစ်ချင်တာလဲ၊ ဒီမိန်းမကိုယ်တိုင်ကဖြစ်ချင်နေတာလား၊ ဆရာဝန်ကပဲ ဖြစ်စေချင်နေတာလား၊ အဲဒီလိုပြောတော့လဲ ကိုယ့်အလွန်ဖြစ်ဦးမယ်၊ သိတဲ့အတိုင်း စမ်းသပ်ခနဲ့ဘာနဲ့ ဆေးဖိုးနဲ့နှစ်ရာကျော်ကျတယ်၊ နောက်ဆေးဝယ်ပြီး ဆက်သောက်သုံးလပြည့်ရင် သူ့ကိုပြန်လာပြပါတဲ့၊ အဲဒါ ဆေးတစ်မျိုးက အိမ်မှာကုန်နေတာ ဆေးကတ်တစ်ကတ်ဝယ် မလို့ထွက်လာတာ၊ မေးကြည့်တော့ တစ်ရာ့ခြောက်ဆယ်တဲ့၊ အရင်တုန်းက တစ်ရာ့နှစ်ဆယ်၊ ခုတစ်ရာ့ခြောက်ဆယ်၊ ဆေးတွေပြတ်နေလို့တဲ့၊ ပြတ်နေရင်လဲသေကွာ၊ ဈေးက နောက်ထပ်ဘယ်လောက်ထိ တက်ဦးမလဲ မသိဘူး၊ ဘယ်လို ဆက်ပြီးဝယ်သောက် မလဲ၊ စိတ်ပေါက်ပေါက်နဲ့ အရက်ဆိုင်ရောက်လာတာ၊ ဆေးဝယ်ဖို့ မလောက်တဲ့ပိုက်ဆံ အရက်ဝယ်သောက်တာအေးတာပဲဆိုပြီး ချနေတာ၊ ဒီပိုက်ဆံကုန်မှ ပြန်မယ်” ငွေစက္ကူထပ်ကလေးကိုဗုန်းကနဲ ပုတ်လိုက်သည်။

ကျွန်တော်နှစ်ပက်ကုန်သွားပြီ။ ထပြန်ရကောင်းမလား စဉ်းစားသည်။ သည်လူကြီးနှင့် ကြာကြာဆက်ထိုင်၍ သင့်မည်မထင်။သို့သော် ရေခဲနှင့်မြေပဲတွေပိုနေသည်။ ပြီးအရက်ဆိုသည်က နှစ်ပက်နှင့် ဘာမှအဓိပ္ပါယ်မရှိ။ နောက်ထပ် နှစ်ပက်တစ်ခွက်မှာသည်။ ခပ်မြန်မြန်လေးသောက်ပြီးထွက်လာခဲ့သည်။ စိတ်ညစ်စရာပဲ။ လူတွေအားလုံးစိတ်ညစ်နေကြတာပဲ။ စိတ်ညစ်လို့ အရက်ဆိုင်တွေမှာလူတွေတိုးနေတာ။ အရက်သောက်တော့ ပိုက်ဆံကုန်၊ ပြဿနာဖြစ်၊ နောက်တစ်နေ့ကျ ပိုစိတ်ညစ်၊ ဖိသောက်၊သေအောင်သောက်ကြ။ ဟိုလူကြီးပြောသလို သေကုန်ကြလဲ အေးတာပဲ။ အရက်လေးပက်က သုံးပက်ပင်ပြည့်ပုံမရ။ ဘယ်နားမှ မရောက်ချင်၊ အရက်ဆိုသည်မှာ မူးအောင်သောက်တာ မဟုတ်လား။ ခပ်စောစောက ကျွန်တော်ဝင်ကြည့်ပြီးမသောက်ခဲ့သည့်ဆိုင်ဘက်သို့ လှည့်လာခဲ့သည်။ ချောင်ကလေးတစ်ခုထဲမှာ တစ်နေရာရသည်။ အေးအေးဆေးဆေး နှစ်ပက်တစ်ကြိမ်၊ နောက်နှစ်ပက်တစ်ကြိမ်၊ နောက်တစ်ပက်။

တော်ပြီ။ ပြန်တော့မယ်။ သည်လောက်ဆိုလုံလောက်ပြီ။ဘတ်စကားမှတ်တိုင် ရှိရာဘက်သို့ ကျွန်တော်လျှောက်လာခဲ့သည်။ နည်းနည်းတော့ ရေချိန်ကိုက်သလိုလို။ ပထမသောက်ဖြစ်သည့် ဆိုင်ရှေ့ကဖြတ်ရပြန်သည်။ မထူးပါဘူးကွာ၊ နှစ်ပက်လောက်ထပ်ချလိုက်မယ်။ ဆိုင်ထဲဝင်၊ နှစ်ပက်၊ ရေကလေးလက်တစ်လုံးလောက်ရောပြီး ဂွပ်ခနဲ မော့သောက်ကာ ဆင်းလာခဲ့သည်။

“အိုကေ”။ မှတ်တိုင်ရှေ့တွင်တိုးဝှေ့နေသောလူအုပ်ကြီးကိုကြည့်ကာ ကျွန်တော်သဘောကျနေမိသည်။ကျွန်တော်ဘာမှမပြောပါ စိတ်ထဲကပဲကျွတ်ပြုံးနေမိသည်။

“တက်ကြ၊ တက်ကြ၊တက်ကြပါ။ အိမ်ဝပန်းကုံးစွပ်မယ့်သူ အသင့်စောင့်နေမယ်နဲ့တူတယ်၊ ရေခဲစိမ်မျက်နှာသုတ်ပဝါနဲ့၊ ဘီယာသံဘူးနဲ့ ဆီးပြီးကမ်းမယ့်သူတွေရှိပုံရတယ်၊ သွားကြ၊သွားကြပါ”။ ကျုပ်ကတော့ အေးအေးဆေးဆေးပဲ။ မတ်တပ်ရပ်လိုက်ရမယ့်ကိစ္စ အတင်းတိုးဝှေ့နေတော့ကော ဘာအကြောင်းထူးမှာလဲ။ နံရံတွေပွင့်ထွက်လောက်အောင် မကျပ်မချင်း သည်ကားက ထွက်မှာမှ မဟုတ်ပဲ။ကားဆရာတွေ စိတ်ကျေနပ်လောက်အောင်ပြည့်ပြီ၊ ကျပ်ပြီဆိုတော့မှ ကားတွေကစထွက်သည်။

“နေပါဦး၊ နေပါဦး”တဲ့။ ပုဂ္ဂိုလ်တစ်ယောက်ပြေးလိုက်လာသည်။ ရေချိန်ကိုက်နေတာကို ဒရိုက်ဘာသိပုံမရ။ ကားက နည်းနည်းအရှိန်လျော့၍ပေးသည်။ လုံးဝတော့မရပ်။ ကမန်းကတန်း လှမ်းတက်လိုက်သည့် ပုဂ္ဂိုလ် ခြေချော်ပြီးလိမ့်ကျမလို ဖြစ်သွားသည်။ တံခါးပေါက်နားက လူတစ်ယောက် လှမ်းဆွဲလိုက်သဖြင့် ကျမသွား။ မူးယစ်ရီဝေနေရာက နည်းနည်းချောက်ချားသွားပုံ ရသည်။

“ဟေ့….ဘယ်လိုလဲကွ၊ ကားမမောင်းတတ်တာလား၊ သေကြောင်းကြံတာလား”
ပုဂ္ဂိုလ်က ခပ်ကျယ်ကျယ်အော်လိုက်သည်။

“ရပ်လဲတင်ပေးရသေးရဲ့၊ လူပါးဝစကားပြောတယ်၊ ပြန်ဆင်းခိုင်းကွာ” ဒရိုင်ဘာက ကားကိုရပ်ပစ်လိုက်ပြီး စပယ်ယာကို လှမ်းပြောသည်။

အရက်မူးလာသူက သတိကောင်းသည်။

“သည်းခံပါခင်ဗျာ၊ သည်းခံကြပါ၊ စောစောက ကျွန်တော်ပြောတဲ့ စကားကိုပြန်ရုတ်သိမ်းပါတယ်၊ ရပ်ပြီးတင်တဲ့အတွက် အများကြီးကျေးဇူးတင်တယ်၊ တကယ်ပါ၊ တကယ်ပါ၊ကျွန်တော်တောင်းပန်ပါတယ်၊ ကျန်တဲ့ခရီးသည်များလဲ အားနာစရာကောင်းပါတယ်၊ ကျွန်တော့် အပြစ်ပါ၊ ကျွန်တော့်ပါးစပ် ကိုအိမ်ရောက်ရင်ကျွန်တော် ပိတ်ရိုက်ပါ့မယ်။ ဒီမှာ ရိုက်မပြနိုင်တာကို ခွင့်လွတ်ပါ၊ အိမ်ရောက်ရင်ကျွန်တော် တကယ်ရိုက်ပါ့မယ်၊ ခင်ဗျားတို့ပို့ပေးမှ ကျွန်တော်တို့အားလုံးအိမ်ပြန်ရောက်မှာပါ၊ ကျေးဇူးရှင်များခွင့်လွတ်ဖို့တောင်းပန်ပါတယ်”

ဒရိုင်ဘာက စိတ်တိုဟန်ဖြင့် လှည့်ကြည့်သည်။ စပယ်ယာက တော့ဒေါသထက် လောဘများပုံရသည်။

“ကဲ…….. ခင်ဗျား အထဲတိုဗျာ၊ နောက်ထပ်လဲတောင်းပန်နေနဲ့တော့၊ တော်ပါပြီ၊ လုံလောက်ပါပြီ၊ လုံလောက်တာထက်ပိုနေပါပြီ။ဒီထက်ဆက်တောင်းပန်ရင် ကျွန်တော်တို့လဲ သွေးနဲ့ကိုယ် သားနဲ့ကိုယ်၊ စိတ်တိုတတ်တယ်၊ ကဲ…အစ်ကိုရေ မောင်းမယ်ဗျို့” ကားထွက်လာသည်။ အမူးသမားလည်း နောက်ထပ်ဆက်မတောင်းပန်တော့။

အရက်နံ့၊ ချွေးနံ့၊ချေးညှော်နံ့များကြားမှာ မွန်းနစ်ကျပ်သိပ်စွာဖြင့် တမေ့တမော စီးပြီးသည့်အခါ ကျွန်တော်ဆင်းရမည့် ဂိတ်ဆုံးမှတ်တိုင်သို့ ရောက်သည်။ကံအားလျော်စွာ ဂိတ်ဆုံးရှိ ဘီအီးဒီစီဆိုင်ကလေးက ဖွင့်လျက်ပင်ရှိသေးသည်။ ကျွန်တော့်အိမ်က ကားဂိတ်နှင့်မနီးမဝေး။ သို့သော်သည် အချိန်ကြီးကျမှတော့ ဆိုက်ကားနဲ့ပြန်တာပဲကောင်းမည်။ ဂိတ်မှာဆိုက်ကား အတော်များများ ရှိသေးသည်ဆိုတော့ နည်းနည်းထပ်တင်ရန်အချိန်ရဦးမည်။ဆိုင်နားကျွန်တော်ရောက်တော့ လူတစ်ယောက် ယိုင်တိယိုင်ထိုးနှင့် ဆိုင်ထဲဝင်သွားတာ မြင်လိုက်ရသည်။ သည်လောက် ယိုင်နေတာတောင် ထပ်သောက်ချင်နေသေးသလားဟု ကျွန်တော်တွေးမိသည်။ ကျွန်တော်ကတော့ သူ့လောက်မယိုင်သေးတာ သေချာသည်။ဆိုင်ထဲမှာလူအတော်ရှင်းနေပြီ။ စားပွဲခုံပုကလေးတစ်လုံးမှာ လူတစ်ယောက်ထိုင်နေသည်။ ငြိမ်ငြိမ်သက်သက်။ သို့သော် အတော်မူးနေတာတော့သေချာသည်။ ငြိမ်ငြိမ်သက်သက် မူးတတ်သည့်လူမျိုး။ နောက်တစ်ပိုင်းမှာတော့ လူငယ်သုံးယောက်။ တစ်ယောက်က ခုံနံဘေးမှာ ခွေလဲနေပြီ။တစ်ယောက်က သိပ်တာစူ၍ မရချင်တော့။ ကြိုးစားပမ်းစား ပြန်ထိုင်ပြီးနောက် “ဘီအီးတစ်စိတ်ပေး” ဟုဆိုင်ရှင်ကို လှမ်းပြောသည်။ အာအတော်လေးနေပြီ။

“ဒါပဲနော်၊ နောက်ထပ်မရတော့ဘူး၊ ဆိုင်ပိတ်တော့မယ်၊ အချိန်တောင်နောက်ကျနေပြီ” ဆိုင်ရှင်ကဆိုသည်။

လူငယ်ဝိုင်းကကောင်လေး ဆိုင်ရှင်ကိုလှမ်းပြောသည်။ “ဒီဝိုင်းရှင်းမယ် ဦးလေး၊ ကျွန်တော် ဒီကောင့်ကို ဒီမှာပဲ ထားခဲံမယ်၊ သူ့အိမ်အထိ လိုက်ပို့ရင် ကျွန်တော်တို့ပြဿနာတက်လိမ့်မယ်”

“ဟေ..ဒီလိုမဖြစ်ဘူးကွ၊ ကိုယ့်လူကိုယ် ခေါ်သွားကြ၊ငါတာဝန်မယူနိုင်ဘူး”

“ဦးလေးသူ့ကို ဖျာနဲ့သိပ်စရာမလိုပါဘူး၊ သူ့ဘာသာသူ မြေကြီးမှာ အိပ့်နေလိမ့်မယ်၊ သေရင်လဲသူ့ထိုက်နဲ့သူ့ကံပေါ့

ဘယ်ဖြစ် မလဲကွ၊ ဆိုက်ကားနဲ့တင်ခေါ်သွားလဲရတာပဲ၊ ငါ့ဆီမှာ တော့လုံးဝမဖြစ်ဘူး ပြဿနာရှုပ်ကုန်မယ်”

“ဒါဆိုလဲပြီးရောဗျာ၊ဒီ****ကိုဆိုက်ကားသမား လက်ထဲပဲ အပ်လိုက်တော့မယ်၊ အစကတည်း ****ကိုကျွန်တော်ပြောသားပဲ၊ လိုက်မပို့နိုင်ဘူးလို့၊ ကိုယ်ဘာသာကြည့်သောက်လို့၊ အခုတော့****ကသေအောင်သောက်နေတယ်၊ တစ်ခုခုဖြစ်ရင်ကျနော့်ခေါင်းပေါ် ပုံကျဦးမယ်၊ သူ့မိဘတွေက သူတို့သားကလေးကျတော့ လူကောင်း၊ ကျွန်တော်တို့ဖျက်စီးလို့ ပျက်စီးနေတယ် ထင်ကြတယ်၊ သူတို့သားမိုက်ရိုင်းနေတာတွေ သိတာမဟုတ်ဘူး….”

အဆဲကလေးနှင့်စကားပြောတတ်သည့် လူငယ်အရက်သမားက ဆိုင်ရှင်ကိုငွေရှင်းပေးသည်။ ပြီးလျှင် သူနျင့် နောက်တစ်ယောက်က မြေကြီးပေါ်တွင်အသေကောင်လဲနေသူအား ထူမပြီး ဒယီးဒယိုင် ဆိုင်မှထွက်ကြသည်။ တွဲသူတွေက အခြေအနေမကောင်း၊ အတွဲခံရသူက လုံးဝဇက်ကျိုးနေပြီ၊ ဆိုင်ထဲမှ အတော်ခက်ခက်ခဲခဲ ထွက်ခွာသွားရသည်။

“ယနေ့တွင်နောက်ဆုံးအကြိမ်းအဖြစ်ရောက်ရှိလာပါပြီ ခင်ဗျား” အသားဖြူညစ်ညစ် မျက်နှာနီစပ်စပ်နှင့် လူတစ်ယောက် အင်္ကျီမပါ၊ ခါးကြားမှာ ပုလင်းအသေးတစ်လုံးထိုးကာ ရောက်ရှိလာသည်။နှစ်ဆယ့်လေးနာရီပတ်လည်သောက်သည့် အရက်သမားမျိုးဖြစ်ကြောင်းသိသာသည်။ဆိုင်ရှင်က ဖန်ခွက်တစ်လုံးပြည့်လုနီးပါးလောက် အရက်ငှဲ့ထည့်ပြီးနောက်ဆုံးရောက်လာသော ပုဂ္ဂိုလ်ကို ကမ်းပေးသည်။ ထို့နောက်သူ့ဆီက အာတာပုလင်းလွတ်ထဲသို့ အရက်အပြည့်ထည့်ပေးသည်။ ပုဂ္ဂိုလ်ကြီးက ဖန်ခွက်တစ်လုံးကို တောက်လျှောက်မော့သောက်လိုက်ပြီး ဖန်ခွက်ကိုပြန်ပေးသည်။ ခါးပိုက်ထောင်ထဲထည့်လာသည့် ဆယ့်ငါးကျပ်တန် ငွေစက္ကူခေါက်ကလေးကို ကမ်းပေးပြီး သူ့ပုလင်းကိုယူသည်။

“လိုတာဆက်မှတ်မယ်၊ သွားပြီ၊ ဂွတ်နိုက် ၊ ဆီးယူအားလီးအင်းသမောနင်း၊ ဘဲရီး ဘဲရီး အားလီး” ဆိုပြီးထွက်သွားသည်။

“ဆိုင်ပိတ်ချိန်ရောက်ပါပြီခင်ဗျား၊ အချိန်လဲ မရှိတော့ပါဘူး ခင်ဗျာ၊ အိမ်ပြန်ကြဖို့သင့်ပါပြီ” ခဏကြာတော့ဆိုင်ရှင်ကကြေညာသည်။ဒုတိယမြောက်တစ်ဖန်ခွက်ထဲက နောက်ဆုံးလက်ကျန်ကိုမော့လိုက်ကာ ကျွန်တော်ထိုင်ခုံမှထသည်။ နည်းနည်းတော့ ယိုင်သွားသည်။ သို့သော်အဆိုးကြီးမဟုတ်။ ကျသင့်ငွေရှင်းပြီးကျွန်တော်ထွက်လာသည်။ စောစောကထိုင်ခုံမှာ ယိုင်လဲထားသည့် ပုဂ္ဂိုလ်တစ်ယောက်သာ ဆိုင်ထဲမှာ ကျန်ရစ်သည်။ဆိုင်ရှင်နှင့် မည်သို့ဆက်စခန်းသွားမည်မသိ။ အပြင်ရောက်တော့ ဆိုက်ကားတစ်စီးမျှမရှိတော့။ လမ်းပေါ်မှာ လူသူလည်း ကင်းမဲ့နေပြီ။ ဘာလုပ်ရမည်လဲ။ စဉ်းစားနေရန် အချိန်မရှိတော့။ အိမ်သို့ရောက်အောင်တော့ ခပ်မြန်မြန်ပြန်ဖို့ သာရှိတော့သည်။ တိတ်တဆိတ်ခြောက်ကပ်နေသည့် လမ်းမကြီး အတိုင်းကျွန်တော်လျှောက်လာသည်။ ငါဘာကြောင့် ဒါလောက်ထိညဉ့်နက်အောင် နေမိပါလိမ့်ဟု ကိုယ်ဘာသာတွေးပြီး အပြစ်တင်မိသည်။

အပြစ်တင်နေလို့ အကြောင်းမထူး။အိမ်မြန်မြန် ရောက်အောင်သွားရမည်။ အပြစ်တင်ချင်ရင် အိမ်ကျမှတင်။ အရက်မူးနေသည့် အရှိန်လေးနှင့် ခပ်မြန်မြန်လမ်းလျှောက်သည့်အခါ တစ်ခါတစ်ရံ ရှေ့သို့ဟပ်ထိုးလဲတော့မလို၊ လဲတော့မလိုနှင့် တစ်ကယ်တမ်းကျတော့ မလဲဘဲပြေးသလောက်နီပါးမြန်နေသည်။ ကိုယ့်ဘာသာ ကျေနပ်သလိုရှိနေဆဲ လမ်းလေးတွင် လူရိပ်လိုလို မြင်သဖြင့် ထိတ်ခနဲ ဖြစ်သွားသည်။ လူတော့လူ။ သို့သော်မတ်တပ်မဟုတ်။ လမ်းဘေးမှောင်ရိပ်မှာ တုံးလုံလဲနေခြင်းဖြစ်သည်။

ဒုက္ခပါပဲ။

မနီးမဝေး ချည်းကပ်ကြည့်သည်။ သဲသဲကွဲကွဲ မမြင်ရ။ လူတစ်ယောက်လဲနေတာ ပဲဖြစ်သည်။ ပတ်ဝန်းကျင်မှာ မည်သူတစ်စုံတစ်ယေက်မှမရှိ။ ရာဇဝတ်မှုတစ်ခုခုဆိုလျှင် ပြဿနာ။ ခပ်သုတ်သုတ်လစ်တော့မလို့အလုပ်မှာ ၄င်းလူမှာလှုပ်ရှားလာသည်။ အသံလည်းထွက်လာသည်။ စိတ်ထဲအေးသွားသည်။အမူးလွန်နေသူတစ်ယောက်ပဲ။

“ဟေ့…ကောင်မ၊ ငါခေါ်နေတာမကြားဘူးလား၊ ငါ****.. ”

လူကလမ်းဘေးမှာရှိသော်လည်း စိတ်ကတော့အိမ်ရောက်ပြီးမိန်းမကို ဆဲရေးနေပြီ။

ကျွန်တော်မှာလည်း အိမ်မှာမိန်းမရှိသည်။သို့သော် ကျွန်တော်ကတော့ မိန်းမကိုဆဲရေးတိုင်းထွာလေ့ရှိသူမဟုတ်။ မိန်းမကလည်းကျွန်တော့်ကို အလာကားကောင်၊ အရက်သမား၊ ဖိနပ်မစီးဘဲ အရက်သောက်သည့်အကောင် စသဖြင့် အမနာပပြောကြားမည့်သူမဟုတ်။မိန်းမသည် ကျွန်တော့်ကို စိုးရိမ်းကြောင့်ကြသော အမူအရာဖြင့်စောင့်မျှော်နေလိမ့်မည်။ ကျွန်တော့်ကိုတွေလျှင် “နောက်ကျလိုက်တာ၊စိတ်ပူလိုက်ရတာ၊ ဘာလို့အရက်တွေဒီလောက်သောက်လာတာလဲ” ဆိုတာလောက်သာ ပြောလိမ့်မည်။ သို့သော်ကျွန်တော့်အိတ်ထဲက ပစ္စည်းပစ္စယတွေကို ထုတ်ယူသိမ်းဆည်းသည့်အခါတွင်တော့ ကိုးဆယ်တန် အခေါက်ကလေးမရှိတော့တာတွေ့လိမ့်မည်။သည်အခါမိန်းမကျွန်တော့်မျက်နှာကိုတစ်ချက်တော့လှမ်းကြည့်လိမ့်မည်။အဲ့သည့်အကြည့်မှာကျွန်တော့်ဘဝအတွက် သူစိတ်ပျက်လက်လျော့သွားတာပါလိမ့်မယ်။ ကျွန်တော့်ဘဝနှင့်တွဲချည်ထားခဲ့မိသောသူ့ ဘဝအတွက်မျှော်လင့်ချက်တွေကုန်ဆုံးပြီဟုဝမ်းနည်းအားငယ်သွားလိမ့်မည်။

မိန်း၏အကြည့်ကို စိတ်ထဲကမြင်ယောင်မိရုံဖြင့် ကျွန်တော်တုန်လှုပ်သွားမိသည်။

ကျွန်တော်အကြီးအကျယ်နောင်တရသွားသည်။ အိမ်ခြံဝနား အရောက်မှာ တစ်ကျိုက်မော့သောက်ချဖို့ အရက်လေးပက်လောက်ဝယ်လာခဲ့မိရင် ဘယ်လောက်ကောင်းမည်လဲ။

0 comments: