ဘ၀မှာ ဘယ်အရာကို အကြောက်ဆုံးလဲလို့မေးရင် ကျမ မှာ မစိုင်းမတွဖြေဖို့ အဖြေရှိပါတယ်။ အဲဒါဟာ ၈၈ ပြည်သူ့အရေးတော်ပုံကြီးထဲက မျက်မြင်အဖြစ်အပျက်ပါပဲ။ လူမဆန်ဆုံး လုပ်ရပ်လို့ ပြောရင်လည်းရ သလို ကျမရဲ့ စိတ်ထဲမှာ အာဏာရှင်ကို မပြုတ်မချင်းတော်လှန်ရမယ်ဆိုတဲ့ အသိကိုလည်း ပေးခဲ့တဲ့ ဖြစ်ရပ်တခုပါပဲ။ သြဂုတ်လ ၁၀ ရက်နေ့က ကျမနဲ့ ကျမရဲ့အမေ ဆေးရုံကြီးဝင်းထဲကိုရောက်သွားခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဆေးရုံကြီးရဲ့ အရေးပေါ်မှာ လူနာတွေ အရမ်းများနေပါပြီ။ ဆေးလည်းမရှိတော့ပါ။ သွေးလည်းမရှိတော့ပါ။
ဂွမ်း၊ ပတ်တီး ၊ ဘာဆိုဘာမှ မရှိတော့လို့ ဆေးရုံက သူနာပြုတွေက ဆိုင်းဘုတ် တခုရေးပြီး အဖြူရောင် ကမ္ဘာသုံး ဆေးဝန်ထမ်း အမှတ်တံဆိပ်နဲ့ ဆေးရုံကြီး အပြင်ဘက်ကိုထွက်ပြီး ဆိုင်းဘုတ်နဲ့ မတ်ရပ်ကြပါတယ်။ ဆိုင်းဘုတ်မှာက "ဆေးလည်းကုန်ပြီ၊ သွေးလည်းကုန်ပြီ၊ ပစ်နေတာကို ရပ်ပေးပါ" လို့ရေးထားတာပါ။ မြန်မာစာမတတ်တဲ့ စစ်သားတွေက သူနာပြုတွေကို ဆန္ဒပြသူတွေလို့ သတ်မှတ်ပြီး စစ်ကားနဲ့ ဆေးရုံကြီးဝင်းအတွင်း ၀င်ရောက်ပစ်ခတ်ပါတယ်။ သူနာပြုတွေကို ၀န်းရံပေးနေတဲ့ လူတွေကိုပါ ပစ်ခတ်တာပါ။ အဲဒီနေရာမှာ လူ ၂ ဦးသေဆုံးခဲ့ရပြီး သူနာပြုဆရာမတွေ ဒဏ်ရာအပြင်းအထန်ရခဲ့ပါတယ်။ ကျမလည်း အဲဒီလူအုပ်ထဲမှာ ရပ်နေရာက ပစ်တော့ ပြေးပါတယ်။ ပြေးရင်းပြေးရင်းက ဒေါ်ပုဆေးရုံဝင်း(ယခု ဦးနှောက်နဲ့ အာရုံကြောအဆောင်) အတွင်းရောက်သွားပါတယ်။ ဒေါ်ပုဆေးရုံဝင်းထဲမှာ ကျမ ငယ်သူငယ်ချင်း နွယ်နွယ်ထွန်းရှိတော့ ကျမသူတို့အိမ်ပေါ် ပြေးတက်သွားလိုက်ပါတယ်။ သူတို့အိမ်က ဆေးရုံကို ခတ်ထားတဲ့ ခြံဝင်းနဲ့ ကပ်လျက်တည်ရှိပါတယ်။ သူတို့အိမ်ကနေလှမ်းကြည့်ရင် ဆေးရုံကြီးရှေ့က ကတ္တရာလမ်းမကြီးကိုလည်းမြင်နေရပါတယ်။ သူတို့ အိမ်ရှေ့မှာ ကျမတို့ တဖက် မကတဲ့ မကျည်းပင်ကြီးရှိပါတယ်။ လူတွေအားလုံးပြေးကြလွှားကြနဲ့ ဆေးရုံကြီးရှေ့မှာ ကမ္ဘာပျက်နေပါတယ်။ သေနတ်သံတွေက တဒိန်းဒိန်းနဲ့ ဆူညံနေပုံက စစ်မြေပြင်ကို ရောက်နေသလား ထင်မှတ်ရလောက်အောင်ပါ။
ကျမ မိနွယ်တို့အိမ်ပေါ်ပြေးတက်လာတော့ မိနွယ်အမ မသီတာက တံခါးပြေးဖွင့်ပေးပါတယ်။ သူတို့အိမ်မှာလည်း သူတို့ညီအမ ၂ ယောက်ပဲကျန်ခဲ့တာပါ။ ကျမရောက်လာတော့ သူတို့က အားရှိသွားတဲ့ပုံနဲ့ ပျော်သွားပုံရပါတယ်။ မိနွယ်တို့ အိမ် နံရံတွေမှာလည်း သေနတ်ကျည်ပေါက်ရာတွေတွေ့နေရပါတယ်။ မသီတာက ၉ ရက်နေ့ မနက်ကတည်း ကျည်ဆံတွေပလူပျံနေလို့ သူတို့ မတ်တပ်ရပ်ပြီး လမ်းမသွားရဲတဲ့ အကြောင်းပြောပါတယ်။ ကျမတို့ သုံးယောက် သူတို့ အိမ်ဝရံတာလေးကနေ မှောက်လျက်အိပ်ပြီး သူတို့အိမ်အောက်ထပ်ကို ချောင်းကြည့်ကြပါတယ်။
ပစ်သတ်ခတ်သံတွေကြားထဲမှာပဲ မိနွယ်တို့ အိမ်ရှေ့က မကျည်းပင်ကြီးအောက်ကို အသက် ၄၀ ၀န်းကျင်ယောက်ျား ၂ ယောက်၊ အသက် ၅၀ ၀န်းကျင် မိန်းမတယောက်နဲ့ ဘုန်းတော်ကြီး တပါးပြေးဝင်လာတာကို ကျမတို့တွေ့လိုက်ပါတယ်။ မသီတာက တံခါးဖွင့်ပေးမလို့ ထလိုက်ချိန်မှာပဲ ဆေးရုံဝင်းထဲကို ဘက်နက်တပ်ထားတဲ့ သေနတ်ကိုင်လာတဲ့ စစ်သား ၂ ယောက်ဝင်လာလို့ ကိုယ်ရှိန်သတ်ပြီး စောင့်ကြည့်နေလိုက်ပါတယ်။
စစ်သားတွေက ပုန်းအောင်းနေတဲ့ လူတွေဆီကို လျောက်လာပါတယ်။ စစ်သားတွေအနားရောက်လာတော့ ဘုန်းကြီးက "တကာတို့ ဦးဇင်းတို့က ဆေးရုံမှာ ရောဂါလာပြတာ။ ဆန္ဒပြတဲ့ သူတွေမဟုတ်ဘူး" လို့ ပြောတဲ့ အသံကို ကျမတို့ ကြားလိုက်ပါတယ်။ စစ်သားတွေကလည်း ဒေါသတကြီးနဲ့ ပြန်ပြောပေမဲ့ သူတို့ပြောတဲ့ စကားကို ကျမတို့နားမလည်ပါ။ တိုင်းရင်းသားတွေဖြစ်ပုံရပါတယ်။ ပုန်းနေသူတွေလည်း နားလည်ပုံမရပါ။ နောက်ဆုံး ဘုန်းကြီးက စစ်သားတွေကို လက်အုပ်မိုးပြီး သူတို့အသက်ကို ချမ်းသာပေးဖို့ ပြောတာကိုလည်း တွေ့လိုက်ရပါတယ်။ ကျမတို့ မြင်ကွင်းရှင်းရှင်းမြင်ရအောင် အိမ်အောက်ကို သေချာငုံကြည့်လိုက်ချိန်မှာပဲ ဘုန်းကြီးရဲ့ ရင်ဝကို ဘက်နက်နဲ့ ထိုးချလိုက်ပါတယ်။ ဘုန်းကြီးရဲ့ ရင်ဝထဲက ဘက်နက်ကို ပြန်စွဲထုတ်လိုက်ချိန်မှာတော့ သွေးတွေ ပန်းပြီးထွက်လာတာမြင်လိုက်ရပါတယ်။ တချိန်တည်းမှာပဲ ကျန်လူ ၃ ဦးကိုပါ ဘက်နက်နဲ့ ထိုးသတ်ပြီး သူတို့ အလောင်းတွေကို မြေပြင်မှာ ဒရွတ်တိုက်စွဲသွားပါတယ်။ သဲလမ်းပေါ်မှာ သွေးဆွတ်ကြောင်းကြီး ကျန်ခဲ့ပါတယ်။ ဘက်နက်နဲ့ ထိုးလိုက်တဲ့ အချိန်မှာ မသီတာက ယောင်ယမ်းပြီး ထဖို့ ကျိုးစားလိုက်ပါသေးတယ် ။ မသီတာဘေးမှာနေတဲ့ မိနွယ်က မသီတာပခုံးကို အတင်းပြန်ဆွဲချလိုက်ပါတယ်။ နို့မို့ ကျမတို့ရှိတဲ့ဆီတောင် သေနတ်နဲ့ ပစ်သွားနိုင်ပါတယ်။ အဲဒီအချိန်က မသီတာက ၂၁ နှစ်ပဲရှိသေးပြီး ကျမနဲ့ မိနွယ်က ၁၉ နှစ်ပဲရှိပါသေးတယ်။
အဲဒီအချိန်ကတည်း က ကျမလေ အိပ်မက်ထဲမှာ ရဲကနဲ မြင်လိုက်ရင် ညဆက်အိပ်လို့ မရတော့ပါဘူး။ သွေးမြင်ရင် ရင်တုန်ပန်းတုန်ဖြစ်တတ်တာ အခုအချိန်အထိပါပဲ။ မသီတာကတော့ စကားမပြောတော့ပဲ ငေးငိုင်နေလို့ စိတ်ရောဂါကု ဆရာဝန်နဲ့ ပြသခဲ့ရပါသေးတယ်။ ကျမထောင်မကျခင်အထိ မသီတာနဲ့တွေ့တော့ သူက သွေးတွေမြင်ရင်အခုအချိန်အထိ ရင်ထဲမှာ တမျိုးကြီးဖြစ်နေတုန်းပဲတဲ့။
ခင်ငြိမ်းသစ်။
Sunday, August 7, 2011
အိပ်မက်ထဲမှာတောင် သွေးမြင်ရင် လန့်တယ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment