Wednesday, August 3, 2011

ရေဒီယို

(၁)
ငါက ရယ်ဒီမိတ် ဆိုပေမဲ့
ခလုပ်ကိုတော့ မင်းနှိပ်ရလိမ့်မယ်
မင့်စိတ်ကြိုက်ချည်းပဲ
ငါလိုက်ပြီး မဖျော်ဖြေနိုင်ဘူး
ငါကိုယ်တိုင်လည်း
ငါ့စိတ်ကြိုက် ဖြစ်တည်ခဲ့ရတာမဟုတ်ဘူး။
ငါ့ကိုမွေးပြီးနောက်
ငါ့ဦးနှောက်ကို သူတို့ယူသွားတယ်
သူတို့ စိတ်ထင်ရာတွေ ပို့ချပေးတယ်
တချို.အချက်တွေ မင်းကြိုက်ရင်ကြိုက်နေမှာ
နားဆင်ကြည့်
သြော်...သူတို့ဆိုတာ "ရှိပြီးသားလောကဥပဒေ" ကိုပြောတာ။
ဆိုပါတော့....
လူကြိုက်များတဲ့တေးတွေ ဆိုနေရတယ်
အနှစ်မဲ့ အတင်းအဖျင်းတွေ ပြောနေရတယ်
နောက်ဆုံးပေါ် ကမ္ဘာ့သတင်းတွေ ရွတ်နေရတယ်
စင်ပေါ်ကလူတွေရဲ့ အင်တာဗျူးကို အော်ဖတ်ပေးနေရတယ်
မထင်ပေါ်တဲ့ ပစ္စည်းတွေရဲ့ကြော်ငြာကို လှော်ခပ်ပေးနေရတယ်
အဆိုးဆုံးက
ငါမလုပ်ချင်တဲ့ အဲဒါတွေကို
အချိန်ကန့်သတ်မှုနဲ့ လုပ်နေရခြင်းပဲ။
ဘယ်လိုလဲ...
သီချင်းတစ်ပိုဒ်ဖြစ်ဖြစ်၊ သတင်းတစ်ပိုဒ်ဖြစ်ဖြစ်
မင့်အကြိုက်နဲ့ ကာရန်သင့်နေပြီလား
အဲဒါပဲ၊ အချစ်ဟာ အဲဒီတိုက်ဆိုင်မှုလေးပဲ
(ဥပမာ...ငါစိတ်ကောင်းဝင်နေချိန်မှာ
ရေဒီယိုခလုပ်ကို မင်း နှိပ်မိသွားသလိုပေါ့)

(၂)
ကောင်မလေးရေ...
လောကက တ၀က်ရေး ငါက တ၀က်ရေး
ငါဟာနှစ်ယောက်ပေါင်းရေးတဲ့ စာအုပ်တစ်အုပ်ပဲ
ငါ့ရင်ခွင်ကို စာအုပ်အဖုံးဖွင့်ထားတယ်
မင်းကြိုက်တဲ့ စာသားတွေရှိနိုင်ကောင်းပါရဲ့
ရေဒီယိုတစ်လုံးလိုဘ၀နဲ့ကောင်က
ရေဒီယိုတစ်လုံးလိုမင်းကိုလိုအပ်
ငါတို့ တစ်ဦးကိုတစ်ဦး ခလုပ်နှိပ်လိုက်တဲ့အခါ...

(၃)
နောက်ဆက်တွဲ ရေဒီယိုတွေရဲ့ အသံဟာ
တလောကလုံး ဆူညံနေတော့တာပဲ။ ။

သုအိုင်စံ

0 comments: