Wednesday, August 3, 2011

အညတရ

ဘယ်စကားစုကိုမှ
အလုပ်အကျွေးပြုနေတာမဟုတ်ဘူး
ဝါကျထဲမှာပါဝင်ဆင်နွှဲနေပေမဲ့
သူတို့ဟာ
ကတ္တားတွေလိုဥာဏ်ပညာမကြီးမား
ကံတွေလိုလည်းဇာတာစမ်းမလှ
အခြေခံတာဝန်ထမ်းနေကြတဲ့ တြိယာဘ၀နဲ့
တခါတခါ လိုအပ်ရင်ဖြည့်စွက်ခံဖို့
အရန်သင့်ကွက်လပ်လည်းဖြစ်လိုက်ပြန်ရဲ့
တခါတရံ
အနိမ့်နဲ့အမြင့်ကြားက လှေကားအလား
ဟိုဘက်နဲ့ဒီဘက်ကြားက တံတားအလား
အရင်မျိုးဆက်နဲ့နောက်မျိုးဆက်ကြား
စကားဆက်လည်းဖြစ်သွားလိုက်သေးရဲ့
ကတ္တားနဲ့ကံတွေက စိတ်ဓါတ်မမှန်ကြတဲ့အခါ
ဗျည်းနည်းနည်း သရနည်းနည်းနဲ့
(အဓိပ္ပါယ်မဲ့ရင်မဲ့ပစေ)
စကားလုံးတစ်ခုအဖြစ်ပဲသင်းခွဲနေလိုက်ချင်ပ
(ရတတ်ရိုးလား)
လူ့အဆောက်အအုံဝါကျကြီးထဲမှာ
သူတို့ကို ဗျည်းနဲ့သရတွေလုံလုံလောက်ပေးကြ
တြိယာတွေကတြိယာပီပီပေးဆပ်သွားပ့ါမယ်
ဘယ်စကားစုကိုမှ
အလုပ်အကျွေးပြုနေတာမဟုတ်ဘူး
ဝါကျတစ်ကြောင်းကို သူတို့ဘ၀နဲ့ ပါဝင်ရေးဖွဲ့နေတယ်။ ။

သုအိုင်စံ

0 comments: