ဝေရီရီနဲ့ ကောင်းကင်က လမင်းလေးကို ငေးကြည့်နေတုန်း
"၀ုန်း" ဆို အတိတ်ဟောင်းတို့ နိုးထ
ရင်ဝကနေ ထွက်လာကြတယ်။
ချည်တိုင်ကလွတ်လာတဲ့ မြင်းရိုင်းတစ်ကောင်လို
ဝုန်းကနဲ ဒိုင်းကနဲနဲ့ ကစုန်စိုင်း နေလိုက်တာ
လည်ဆံမွှေးတွေတောင် ထောင်လို့ပါလား။
ဒီခံစားချက်တွေကို နှလုံးသား အောက်ဆုံးလွှာရဲ့
ထောင့်တစ်နေရာမှာ မသိမသာ သိမ်းဆည်းထားခဲ့တာ
ဘာလိုလိုနဲ့ နှစ်နှစ်ဆယ်ကျော်ကြာခဲ့ပြီပဲ။
ဒဏ်ရာတွေဗရပွနဲ့ အလံတော်မြေမကျခဲ့တဲ့ မင်းမျက်ဝန်းတွေက
မှန်တံခါးဝမှာရော အမှောင်ထဲမှာပါ
အရင်လိုပဲ စူးစူးရှရှနဲ့ တောက်ပနေကြတုန်းပဲ။
အရင်ကဆို
ခွပ်ဒေါင်းအလံတော်အောက်ကနေ
နေ့တဓူဝ မင်းကိုငါအလေးပြုနေကြ။
ဘ၀ရဲ့ ဗာဟီရတွေ ၀ဲဂယက်တွေက တစ်ခုပြီးတစ်ခု
စုပြီးရင်းစုလာတော့ ပေါ့တော့တော့ အတွေးနဲ့
မင်းကိုငါ ဘေးဖယ်ထားသလိုများ ဖြစ်မိသွားသာလား။
မပူပါနဲ့ခလေးရယ်
ရာသီတွေ ဘယ်လိုပြောင်းပြောင်း
မဟောင်းနိုင်တဲ့ သွေးသမိုင်း ကမ္ဘာ့စာမျက်နှာတိုင်းမှာ သက်သေရှိတယ်
မှေးမှိန်ကွယ်ပျောက်ဖို့ မလွယ်ဘူး ရင်ထဲက "ဆူး"။ ။
ထူးသျှား
Monday, August 1, 2011
ရင်ထဲက ဆူး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment