နွေသစ်ဦး
သူ့ကို ၁၈၅၃- ခုနှစ်တွင် မွေးဖွားခဲ့သည်။ သူ သေဆုံးချိန်တွင် ၃၇- နှစ်သာ ရှိသေးသည်။ ၁၈၉၀- ခု။
ဒတ်ခ်ျ လူမျိုး၊ ပရိုတက်စတင့် ဘာသာဝင် မိဘများမှ သူ့ကို မွေးဖွားခဲ့သည်။ သူ့အဖေသည် သင်းအုပ် ဘုန်းတော်ကြီးတပါးဖြစ်သည်။ ညီအကို မောင်နှမထဲတွင် အကြီးဆုံးသားလည်း ဖြစ်သည်။
လန်ဒန်ရှိ သူ့ဦးလေးဖြစ်သူ ပိုင်ဆိုင်သည့် ပန်းချီအရောင်းဆိုင်တွင် အရောင်းစာရေး ၀င်လုပ်သည်။ ပန်းချီကားများကို ရောင်းချရာတွင် အဆင်မပြေခဲ့။ အရောင်းသမားကောင်း တယောက် မဖြစ်ခဲ့။ ပန်းချီကား ၀ယ်ရန်လာသူ လူကုန်ထံများအား ပန်းချီကားကောင်းများ ကို မခံစားတတ်ကြောင်းကို အားမနာတန်းပြောသည်။ သူငှားနေသော အိမ်ပိုင်ရှင်၏ သမီး ဖြစ်သူ အာဆူလာအပေါ် ချစ်ခင်မြတ်နိုးခဲ့သည်။ အာဆူလာက သူ့ကို မချစ်။ သူက လက်ဆွဲပြီး စကားပြောသောအခါ အာဆူလာက ဆောင့်ရုန်းကာ ….
“ခေါင်းနီ အရူး”
“ရှင် ထွက်သွား … သွား မနေနဲ့”
သူ့မိဘများရှိရာ ဟော်လန် ကျေးလက်သို့ အသည်းကွဲသူ အဖြစ်ပြန်သွားခဲ့ရသည်။
သူ၏ ဦးလေး ရေတပ်မတော်မှ ဒုတိယ ဗိုလ်ချုပ်ကြီး ဂျိုဟန်နက်စ် ဗင်ဂိုးရှိရာ နယ်သာလန်နိုင်ငံ မြို့တော် အမ်စတာဒမ်သို့ရောက်သွားသည်။ ဦးလေးဖြစ်သူက သူ့ကို လက်တင်နှင့် ဂရိဘာသာ သင်ကြားရန် မင်းဒက်စ် ဒါကော့စတာ ဆိုသည့် ဆရာထံတွင် အပ်နှံပေးခဲ့သည်။ ဆရာက သူ့ကို ပန်းချီကားများနှင့်လည်း မိတ်ဆက်ပေးခဲ့သည်။ သူသည် တနေ့လျင် နာရီ (၂၀) မျှ စာကျက်သည်။ ဆရာမင်းဒက်စ်က သူ့ကို ဒတ်ခ်ျပန်းချီ ဆရာကြီး ရမ်းဘရန့်စ် အကြောင်းကို မိတ်ဆက်ပေးသည်။ ပန်းချီကားရောင်းသူနှင့် ပန်းချီ အနုပညာဆရာကို ခွဲခြားပြပေးခဲ့သည်။
“လူတိုင်းမှာ ရိုးသားဖြောင့်မတ်မှု တခုဟာ ရှိတယ်။ ဒါဟာ လူ့အကျင့် စာရိတ္တရဲ့ ဂုဏ်၊ အရည်အသွေးပဲ။ တကယ်လို့ လူဟာ အဲဒါကို သိမြင်နားလည်မယ်ဆိုရင် သူဘာပဲ လုပ်လုပ် သူ့အလုပ်ရဲ့ အဆုံးသတ်ဟာ ကောင်းမှာပဲ”
သူ့ဆရာ၏ စကားကို မမှိတ်မသုန် နားထောင်နေခဲ့သည်။ ထိုအတိုင်းလည်း သူ့ဘ၀ကို ကျင့်ကြံနေထိုင်သွားခဲ့သည်။ သူကား လူသာ သေသွားခဲ့သော်လည်း နာမည် မသေခဲ့သည့် ပန်းချီဆရာကြီး ဗင်းဆင့် ဗင်ဂိုး ….. ဖြစ်သည်။
ဗင်းဆင့်သည် ဘယ်ဂျီယံအမျိုးသားများ၏ အီဗန်ဂျယ်လစ် ဓမ္မဆရာများ စည်းရုံးရေး ကော်မီတီတွင် ၃- လသင်တန်းတက်ခဲ့သည်။ သင်တန်းပြီးသောအခါ ဓမ္မဆရာ အဖြစ်နှင့် ဘယ်ဂျီယံတောင်ပိုင်းရှိ ဘိုးရင်းနိတ် ကျောက်မီးသွေးတွင်းသို့ သွားရောက်ကာ မိုင်းအလုပ်သမားများကို ဘုရားသခင်နှင့်တွေ့ဆုံပေးခဲ့သည်။
ဘိုးရင်းနိတ်တွင် ကလေးမိုင်းအလုပ်သမားများနှင့် တွေ့ဆုံခဲ့ရသည်။ သူ့မှာရှိသမျှ အ၀တ်အစားများကို နွမ်းပါးလွန်းလှသည့် မိုင်းအလုပ်သမားများကို ဝေငှပေးခဲ့သည်။ မြေအောက် ကျောက်မီးသွေးမိုင်း အလုပ်သမားများ၏ ဘ၀ကို အရင်းခံကျကျ စာနာနေထိုင်ခဲ့သည်။ မြေအောက်မိုင်းထဲသို့ ဆင်းသည်။ အလုပ်သမားများ၏ နေ့လည်စာ သည် ကော်ဖီကြမ်းတခွက်၊ ကျောက်မီးသွေးမှုံ့များ ပေကျံနေသော ပေါင်မုန့်ကြမ်း တလျှက် သာ။ တနေ့ မိုင်းတွင်း ပေါက်ကွဲမှုဖြစ်သည်။ သူချစ်ရသော မိုင်းအလုပ်သမား အချို့ သေဆုံးကြရသည်။
သူ့ ဓမ္မအသင်းမှ လူကြီးများ ရောက်လာသည်။ လူရုပ်ပင်မပေါ်တော့သော ဗင်ဂိုးကို တွေ့တော့ စိတ်ပျက်ချောက်ချားသွားကြသည်။ ဗင်ဂိုးကို ဘုရားသခင်အား အကြည်ညို ပျက်အောင်လုပ်သည်ဆိုကာ တရားဟောခွင့်ကို ရုတ်သိမ်းလိုက်သည်။ ထိုမှစ၍ ဗင်ဂိုး ပန်းချီကို စဆွဲတော့သည်။ သူ့ညီ သီအိုဗင်ဂိုးက ဆေးတွေ၊ စာရွက်တွေ ပို့ပေးသည်။ ပန်းချီ ကို ထမင်းမစား၊ ဟင်းမစား ဆွဲတော့သည်။ သူဆွဲသည့် ဇာတ်ကောင်များမှာ မိုင်းအလုပ်သမားများပင် ဖြစ်သည်။ တနေ့ သီအိုရောက်လာသည်။ ဖျားနေသော၊ လူရုပ် မပေါ်တော့သော သူ့အကိုကို တွေ့တော့ငိုသည်။ ပြီး အစားကောင်းကောင်း ချက်ကျွေးကာ သူ့ကို ပြန်ခေါ်သွားတော့သည်။
ပါရီရောက်တော့ ဂေါ်ဂင်နှင့်တွေ့သည်။ ဆူးထရက်နှင့် တွေ့သည်။ စေးဇန်းနှင့် တွေ့သည်။ ပန်းချီဆေးရောင်းသူ ပီရီတန်ဂိုင်းနှင့်တွေ့သည်။ ပန်းချီတွင် ခေတ်သစ်တခုကို ထူထောင်နေသည့် တော်လှန်ပန်းချီဆရာ လူငယ်များ ဖြစ်ကြသည်။ သူတို့အားလုံးက ဗင်ဂိုးကို ချစ်သည်။ ဗင်ဂိုး ယုံကြည်သည့် အယူအဆမှာ “ လူဟာ သူစွမ်းသမျှလုပ်ပြီး လိုအပ်သမျှ ယူ” ဖြစ်သည်။
ပါရီကို မရောက်မီ သူ့မိဘများရှိရာ အက်တင်သို့သွားသည်။ သူဆွဲထားသော ပန်းချီကားများကို သူ့မိဘများက မကြိုက်။ မခံစားတတ်။ ဗင်ဂိုးကတော့ ပန်းချီကားတွေ သာ ဆက်ဆွဲနေသည်။ နောက်တော့ မြို့တော် ဟေ့ဂ် သို့ ရောက်ရှိသွားသည်။ ဟေ့ဂ်မှ တဆင့် နျူနင် သို့ရောက်သွားပြန်သည်။ ရောက်ရာအရပ်တိုင်းတွင် ပန်းချီကိုသာ ဆွဲနေခဲ့ သည်။ နျုနင်မှသည် ပါရီသို့ …
ဗင်ဂိုးသည် အချစ်ရေးတွင် ကံဆိုးသူတဦးဖြစ်ခဲ့သည်။ သူ၏ ပန်းချီအပေါ်ထား သော သစ္စာတရားနှင့် ရပ်တည်ချက်သည် သူ့ကို လူတွေက အရူးဟု ခေါ်သည်အထိ ဖြစ်ခဲ့ ရသည်။ တကယ်လည်း ရူးသွပ်သည်အထိ ပန်းချီကိုဆွဲခဲ့သည်။ ညီဖြစ်သူ သီအိုက သူ့ကို တလလျင် ဖရန့်ငွေ ၃၀၀ ပေးသည်။ သူက ပေါင်မုန့်အသိုးတွေသာ စားပြီး ပန်းချီဆွဲခဲ့သည်။ သူ့ပန်းချီကားများကို လူတွေက တန်ဖိုးမထားကြ။ သို့သော် သူသည် သူယုံကြည်သည့်အတိုင်း ပန်းချီကို ဆွဲခဲ့သည်။ အရောင်နှင့် ပတ်သက်လျင်လည်း ခံစားမှု အားကြီးသည်။ အ၀ါရောင်တွင် ဗန်ဂိုး၏ အ၀ါရောင် ဟူ၍ပင် ဖြစ်ခဲ့သည်။
အာလူးစားသူများ၊ နေကြာပန်း၊ ဆိုက်ပရပ်ပန်းများ၊ ဂျုံခင်းနဲ့ ကျီးကန်းများ၊ ပေါ့ထရိတ် ပုံတူပန်းချီကားများ … စသည်ဖြင့် ပန်းချီကားပေါင်း ထောင်ကျော် ရေးဆွဲသွားခဲ့သည်။ သူ သက်ရှိထင်ရှားရှိနေစဉ်က သူ့ပန်းချီကားကို မည်သူကမျှ မ၀ယ်ခဲ့။ သူကလည်း ရောင်းဖို့ထက် ရေးဖို့သာ ပန်းချီဆွဲခဲ့သူ။ အားလ်စ် မြို့သို့ သူရောက်သွား သည်။ အားလ်စ်သည် ကျွက်ကျွက်ဆူအောင် နေပူလှသည့် အရပ်ဖြစ်သည်။ ဗင်ဂိုးသည် ထိုအပူအောက်တွင် ပန်းချီကို နေ့မသိ၊ ညမသိ ဆွဲနေခဲ့သည်။ ကြာတော့ သူ့ ဦးခေါင်းကို ဒုက္ခပေးတော့သည်။ တခါ တရံ သူ့နားထဲ အသံတွေ မခံသာအောင် ကြားလာတော့သည်။ ဟင်းအိုးထဲသို့ ဇွန်းနှင့်မမွှေ ပန်းချီစုပ်တံတွေနှင့် မွှေသည်။ ကလေးများက ခေါင်းနီ အရူးဟု ခေါ်ကာ ခဲများနှင့် ၀ိုင်းပေါက်သည်အထိ။ တညတွင် သူချစ်သော ပြည့်တန်ဆာမလေးထံ သူ့နားရွက်ကို ဖြတ်ပြီး ပါဆယ်ထုပ် သွားပို့ခဲ့သည်။ နောက်တော့ စိန့်ရီမီ အရူးဆေးရုံသို့ တက်ရောက် ကုသခံရသည်။ နည်းနည်း ဝေဒနာ သက်သာသည်နှင့် ပန်းချီကို ဆွဲတော့သည်။ သို့သော် ပင်ပန်းသည်နှင့် ရောဂါက ပြန်ထသည်။
သီအိုက ဗင်းဆင့်ကို ဒေါက်တာဂါချက်ဗ်နှင့် ဆက်လက် အပ်နှံ ကုသပေးသည်။ သြဗားစ် မှာဖြစ်သည်။ သီအိုလည်း အိမ်ထောင်ကျ ကလေးပင်ရနေပြီ။ ဗင်ဂိုးသည် ဒေါက်တာ ဂါချက်ဗ်ထံတွင် ဆေးကုသခံရင်း ပန်းချီကိုသာ ဆွဲနေခဲ့သည်။ သီအိုသည် ဗင်ဂိုးကို အရင်လို မထောက်ပံ့နိုင်တော့။ စီးပွားရေးကလည်း ကျနေပြီ။ ကလေးအတွက်၊ မိန်းမအတွက်နှင့် ကသီလာသည်။ ဗင်ဂိုးက သူ့ကို မထောက်ပံ့တော့ဖို့ တောင်းဆိုသည်။ သူ့ကိုယ်သူလည်း အလကားကောင်ဟု ခံစားလာရသည်။ ရောဂါဟောင်းက သုံးလ တကြိမ်ပြန်ပြန် ထလာတတ်သည်။ သေနတ်တလက် ၀ယ်လိုက်သည်။ ဗင်ဂိုး … သူ့ကိုယ်သူ …။
ခုဆို ပန်းချီဆရာကြီး ဗင်းဆင့်ဗင်ဂိုး သေသည်မှာ နှစ်ပေါင်း ၁၂၀ ကျော်ခဲ့ပြီ။ ဗင်ဂိုး၏ ပန်းချီကားများသည် ခုဆို ဒေါ်လာ သန်းပေါင်း ရာချီတန်သည်အထိ ဖြစ်နေသည်။ ယနေ့ခေတ် လူငယ်ပန်းချီဆရာများက ဗင်ဂိုးကို အတုယူ လေ့လာကြရသည်။ ဥရောပ တလွှားရှိ အင်္ဂလန်၏ လန်ဒန်မြို့တော်၊ ပြင်သစ်၏ ပါရီမြို့တော်၊ အီတလီ၏ ဗင်းနစ်၊ နယ်သာလန်၏ အမ်စတာဒမ် မြို့တော်တို့တွင် ဗန်ဂိုးပန်းချီပြခန်းများ နာမည်ကျော်နေဆဲ ဖြစ်သည်။ သူ့ ပန်းချီကားတွေကို ကြည့်ရင်း ရှိုက်ကြီးတငင် မျက်ရည်ကျသူတွေက မနည်း။
နာမည်ကြီး အဆိုတော် ဒွန်မက်ဂ်လင်း (Don Mclean) က ဗင်းဆင့် ( Vincent, Starry Starry Night ) သီချင်း ကို သီဆိုခဲ့သည်။ တေးရေး ကိုဝင်းမင်းထွေးက ကော်ပီရေးကာ ကွယ်လွန်သူ အဆိုတော် ထူးအိမ်သင်က “ဗင်းဆင့် ဗင်ဂိုးတမ်းချင်း” အဖြစ် မြန်မာမှုပြု သီဆိုခဲ့သည်။
စာရေးဆရာကြီး အိုင်ရဗင် စတုန်း ( Irving Stone) က ပန်းချီဆရာကြီး ဗင်းဆင့် ဗင်ဂိုး အတ္ထုပ္ပတ္တိကို ရမ္မက်မီး (Lust for Life) အမည်ဖြင့် ရေးသားသွားခဲ့သည်။ အဆိုပါ မူရင်းဝတ္ထုကြီးအား ယခုကွယ်လွန်သူ စာရေးဆရာကြီး မောင်ထွန်းသူ မှ ဘာသာပြန်ဆိုခဲ့သည်။ ၂၀၀၀ ခုနှစ် ဇူလိုင်လတွင် ဦးလှမြင့် (နွယ်နီ စာပေ) မှ ပထမ အကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့သည်။ ဦးလှမြင့် (နွယ်နီ စာပေ) သည်ကား မကြာသေးခင်ကမှ ကွယ်လွန်သွား သော စာရေးဆရာ နတ်နွယ် ပင်တည်း။ လူတို့ သေခဲ့ပြီ။ သို့သော် သစ္စာတရားဖြင့် ရေးထိုးခဲ့သော သူတို့၏ အနုပညာ အမည်နာမတို့သည်ကား မသေ ….။
ရောင်ခြည်ဦး စာဖတ်ပရိသတ်အတွက် ဖေါ်ပြပါ ပန်းချီဆရာကြီး ဗင်းဆင့်ဗင်ဂိုး၏ အတ္ထုပ္ပတ္တိ စာအုပ်အား ညွှန်းဆို ရေးသား အပ်ပါသည်။ ။
နွေသစ်ဦး
၂၀၁၁။
Tuesday, June 14, 2011
အရောင်နှင့် စကားပြောသူ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment