Tuesday, June 14, 2011

မိုးဦးဇွန်လ၊ ဆယ်လမွန်ငါးနှင့် ကလေးများအတွက် ကျောင်းဖွင့်ချိန်

တင်ကိုမင်းညို

ငယ်ဘ၀ မိုးဦးဇွန်လများ

မိုးဦးကျ၊ ဇွန်လသည် အနောက်တောင်မုတ်သုံလေနှင့်အတူ မိုးစက်ကလေးများကို ခေါ်ဆောင်လာခဲ့ပြီ ဖြစ်သည်။ သခွပ်ပန်းတို့ ပွင့်ချိန်ဖြစ်သည်။ လယ်သမားများ၏ လုပ်ငန်းခွင် ရာသီကို ရောက်ရှိခဲ့ပြီကော …။ ကလေးများအဖို့တော့ ကျောင်းပြန်ဖွင့်ချိန် ရင်ခုန်ရာသီ …။

ငယ်ဘ၀၏ ဇာတိအိမ်ကို ပြန်ရောက်သွားသည်။ ပြင်ထောင် ဓနိမိုး အိမ်ကလေး။ မှတ်မိသည့် ကျောင်းတက်စ အရွယ်၊ တတန်းကျောင်းသား ကလေးဘ၀။ မိုးကာ ၀ယ်ရမည်။ လွယ်အိတ် ၀ယ်ရမည်။ မိုးတွင်းစီး ဖိနပ်တရံ ၀ယ်ရမည်။ ကျောက်သင်ပုန်း၊ ကျောက်တံ၊ စာအုပ်၊ ခဲတံ၊ ကျောင်းအပ်ခ … အမေ့ငြီးသံများ၊ အဖေ့ သက်ပြင်းမောချသံများ … ရိုးသား နွမ်းပါးသည့် မိသားစု ဖြစ်နေပါသော်ငြား သားသမီးအားလုံးကို မဖြစ်ဖြစ်အောင် ကျောင်းထား စာသင်စေခဲ့ပါသည်။

တနွေလုံး လွမ်းခဲ့ရသည့် စာသင်ကျောင်းကလေးများ၏ မျှော်လင့်ခြင်း တံခါးတို့ ပြန်လည်ဖွင့်လှစ်ခဲ့ပြီ။ ပျောက်ဆုံးသွားသည့် မျက်နှာကလေးများ ရှိခဲ့သလို၊ အသစ် အသစ်သော မျက်နှာကလေးများကို မြင်တွေ့ရသည်။ လွယ်အိတ်အသစ်ကလေးများ၊ စာအုပ်အသစ် ကလေးများ၊ ထီး ဖိနပ် မိုးကာ အသစ်ကလေးများ၏ ရနံ့တို့ဖြင့် စာသင် ကျောင်းကလေးသည် ထုံသင်းမွေးပျံ့ နေတော့သည်။

ထိုကဲ့သို့သော ရနံ့များ၏ နောက်ကွယ်တွင် ဂုဏ်ယူပီတိဖြစ်မှုများ။ ကြွားဝါ ၀င့်မော် နေမှုများ၊ နေ့ပြန်တိုး အကြွေးများ၊ မျက်ရည်များ၊ သက်ပြင်းမောများဖြင့် အတိပြီးနေသည်။ မည်သို့ပင်ဖြစ်စေ ကလေးများအားလုံး ဇွန်လ၏ မိုးရေစက်များအောက်တွင် စာသင်ကျောင်းသို့ သွားနေကြမည် ဖြစ်သည်။ ကလေးများ အားလုံး စာသင်ကျောင်းခန်းထဲသို့ သွားနိုင်ကြပါရဲ့ လား။

တတန်းပြီး တတန်း အောင်မြင် အတန်းတက်သွားသည့်အခါ တရစ်ပြီး တရစ် ကျောင်းအပ်ခက မြင့်မားသီခေါင် လာခဲ့သည်။ အမေ့ မျက်ဝန်းတွင် ကြိတ်၍ကျစရာ မျက်ရည်စတို့ ကုန်ခန်းသလောက်ရှိခဲ့ပြီ။ အဖေ့ မေးရိုးသည် အရင်နှစ်များထက် ပိုလို့ တင်းမာနေ သယောင်။

“ မဖြစ် ဖြစ်တဲ့နည်းနဲ့ ကလေးတွေကို ကျောင်းဆက်ထားမယ်”

ဆယ်လမွန်ငါးများ

ဆယ်လမွန်ငါးသည် ရေချို မြစ်ချောင်းများတွင် ပေါက်ဖွားပြီး ပင်လယ်သမုဒ္ဒရာများ ဆီသို့ ရွှေ့ပြောင်းသွားလာသည့် ငါးတမျိုးဖြစ်သည်။ သူ၏ထူးခြားချက်မှာ တနှစ်တခါ သား ဖောက်ရာသီရောက်ချိန်၌ သူ့ဇာတိချက်ကြွေ၊ မွေးရပ်မြေဆီသို့ ပင်လယ်သမုဒ္ဒရာ မြစ်ချောင်း အင်းအိုင်များကို ဆန်တက်ပြီး ခက်ခဲကြမ်းတမ်းသည့် ခရီးရှည်ကြီးကို ဖြတ်သန်း ကူးခတ်ကာ မဖြစ်အနေ အရောက်ပြန်တတ်သည့် ငါးတမျိုးဖြစ်ပေသည်။ သူတို့ သားဖေါက် မည့် နေရာသို့ သွားရာ ခရီးလမ်းတွင် ရေတံခွန်များ ကာဆီးထားလျင်လည်း ခုန်တက် ကူးခတ် သွားနိုင်ကြ သည်။

ဗမာပြည်၏ ဒြပ်မဲ့ပန်းချီ ( Abstract) ကားများကို ရေးဆွဲသည့် ပန်းချီဆရာ၊ သီချင်း ရေးသူ၊ အဆိုတော် ကွယ်လွန်သူ ကိုခင်ဝမ်းက “ဆယ်လမွန် ငါးတို့ အပြန်” သီချင်းကို ဖွဲ့သီ ဆိုခဲ့ပါသည်။ ကိုခင်ဝမ်း၏ ဆယ်လမွန်ငါးသည် ဘ၀အရ လက်တွေ့ကျသော အဘိဓမ္မာတို့ သက်ဝင်နေသည်ဟု ခံစားရသည်။

“ရေလွှာလည်း ခင်းပျံ့ကြည်လင်စေ … မိုးဦးလည်း လှပသာယာစေ … ဘ၀စေရာ တာဝန် … ကျေပွန် ဆောင်ရွက်ခဲ့သူတို့ … ရေစုန်ကို ဆန်ကာ ပြန်ခဲ့ပြီ … မိုးဦးရေဆန် … မိုးဦးရေဆန် … ဆယ်လမွန်ငါးတို့ အပြန် …”

ဆယ်လမွန်ငါးသည် တိရိစ္ဆာန်မျိုးနွယ်ပင် ဖြစ်နေသော်ငြား ဘ၀၏ စေရာတာဝန်အရ အလုပ်လုပ်သူဖြစ်သည်။ ရေကြည်ရာ၊ ဘ၀ဆက်ရာ အခြားတပါးသော သမုဒ္ဒရာရပ်ဝန်းဆီသို့ သွားရောက် အခြေချကာ အချိန်တန်လျင် ဇာတိအိမ်ကို မရောက်ရောက်အောင် ပြန်လာတတ် သော မိုင့်ဂရင့် အလုပ်သမား ငါးအမျိုးအစားလည်း ဖြစ်ပါသည်။

ကလေးများအတွက် ကျောင်းတွေဖွင့်တော့မည်။ စာတော်သည့် ကလေးများ အပါ အ၀င် ကလေး အတော်များများ ကျောင်းထွက်သွားခဲ့ပြီ။ တဦးချင်းကို လိုက်မေးဖို့ မဖြစ် နိုင်။ သူတို့ အားလုံး မဖြေချင်ကြ။ မျက်နှာကလေးများက ငိုမဲ့မဲ့ …။ မိုင့်ဂရင့် အလုပ်သမား များ၏ သားသမီးများ ဖြစ်ကြသည်။ သူတပါးနိုင်ငံ နယ်စပ်တွင် တရားဝင်မှုနှင့် တရားမ၀င်မှု သည် ကား ပါးပါးကလေးသာဖြစ်သည်။

သြော် ဗမာပြည်မှ တပါးနိုင်ငံသို့ ရေကြည်ရာ မြက်နုရာ လာရောက်လုပ်ကိုင် စား သောက် နေရရှာသော မိုင့်ဂရင့်အလုပ်သမားများ … ။ သူတို့၏ ချစ်သော ကလေးငယ်များ။ ဘယ်မိဘမဆို ကိုယ့်သားသမီးကို ကျောင်းဆက်ထားချင်၊ ပညာတတ်တွေ ဖြစ်စေချင်ကြမည် မှာ သေချာသည်။ သို့သော် … သူတို့၏ ဘ၀တွေမှာတော့ …

အုပ်စုလိုက် သီးသန့်နေတတ်သော ဆယ်လမွန်ငါးများကို လူတွေက ဖမ်းယူ စား သောက်ရလွယ်သည်ဟု ဆိုကြသည်။ သူတို့၏ မလျော့သော ဇွဲသတ္တိကိုကား ဖမ်းဆီး၍ မရပေ။ ဆယ်လမွန်ငါးတို့ သားဖေါက်ရာ အရပ်ဆီ ပြန်နေကြဆဲ၊ ပြန်နေဦးမည်ဖြစ်သည်။ မည် သို့ပင်ဖြစ်စေ မိမိသားသမီးကို မဖြစ်ဖြစ်အောင် ကျောင်းဆက်ထား ပညာသင်ပေးနေသော မိဘများသည် ဆယ်လမွန်ငါးတို့၏ သတ္တိမျိုးဖြင့် ဘ၀ကို ရင်ဆိုင် ရှင်သန်နေကြသူများဟု ခံစားမိသည်။ ဘယ်လိုနည်းနဲ့မျှ ကျောင်းဆက်မထားနိုင်ရှာသော မိဘတို့သည်ကား ပိုက်ကွန် အတွင်း သက်ဆင်းချုပ်နှောင်ခံလိုက်ရသည့် ဆယ်လမွန်ငါးတွေများလား ……။

ကျောင်းဖွင့်ချိန်

တနွေလုံး လွမ်းခဲ့ရသည့် စာသင်ကျောင်းကလေးများ ပြန်လည်ဖွင့်လှစ်ခဲ့လေပြီ။ ၁၉၈၈ အရေးတော်ပုံကြီး နောက်ပိုင်းတွင် ကွယ်လွန်သူ ကဗျာဆရာ ရွှေဘုန်းလူ (တာရာမင်းဝေ) က နာမည်ကျော် “ကျောင်းဖွင့်ချိန်” ကဗျာကို ရေးသားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ရုံးခန်းတွင် ထိုကဗျာအား ဂုဏ်ပြုကာ အများဖတ်ဖို့ နံရံတွင် ကပ်ထားခဲ့သည်ဟု တဆင့်စကား ကြားခဲ့ရသည်။

“ငါတို့ကျောင်းတော်ကြီးရဲ့
မော်ကွန်းထိန်းသိမ်းရေးအခန်းမှာ
ဟစ်တလာရုပ်ထုကို
လူတစုထုဆစ်နေကြတယ်။”

သူ့ကဗျာထဲက လူတစုသည် လက်တဆုပ်စာ စစ်အုပ်စုကို ဆိုလိုသည်။ သူတို့ ထုဆစ်နေသည်ကား ဒုတိယ ကမ္ဘာစစ်၏ ဇာတ်ကောင် ဖက်ဆစ်နာဇီ အာဏာရှင် ဟစ်တလာ … အရေးတော်ပုံကြီးအပြီး စစ်အုပ်စုက ဗမာပြည်တွင် ကျောင်းများ ပြန်ဖွင့်ချိန် ….။

သူတို့ဟာ ...
ကျောက်သင်ပုန်းပေါ်မှာ အဲဒီကျည်ဆံနဲ့
“ကျောင်းဖွင့်ပြီ” ဆိုတဲ့ စာကိုရေး
သွေးစွန်းလက်တွေနဲ့ ပျူငှာစွာ
ဖိတ်ခေါ်ကြပါပြီ။

လက်ရှိ ဗမာပြည်တွင် ခုဆိုကျောင်းများ ပြန်ဖွင့်နေလောက်ပြီ။ ကလေးတယောက်၏ ကျောင်းစားရိတ် ကုန်ကျမှုသည် သိန်းချီကုန်ကျနိုင်ပါသည်။ လမ်းပေါ်တွင် ရရာအလုပ်ကို ရှာဖွေလုပ်ကိုင်ရင်း ကလေးအလုပ်သမားများ ဖြစ်နေကြပေသည်။ ကလေးစစ်သား၊ ကလေး လိင်အလုပ်သမား၊ ကလေး ပန်းရံသမား … အို … စုံလို့ပါပဲ …

လက်ရှိရောက်ရှိနေထိုင်နေသည့် အရပ်တွင် တရားမ၀င် ကလေး အလုပ်သမားများကို တွေ့နေရသည်။ အမှိုက်ကောက် အလုပ်က စလို့ နေရာမျိုးစုံတွင် တွေ့နေရသည်။ မြင်နေရ သည်။ မိုင့်ဂရင့် စာသင်ကျောင်းကလေးများ၏ ကျေးဇူးဖြင့် ကလေးများ ပညာသင်ကြားခွင့် ရနေကြသည်။ သို့သော် အချို့သော ကလေးငယ်များသည်ကား အလုပ်ရလျင် ကျောင်းထွက် သွားကြတော့သည်။ မိဘများကလည်း မိသားစု စားဝတ်နေရေးအပေါ် ကလေးများ၏ လုပ်အားဖြင့် ပါဝင်ဖြည့်ဆည်းကြမှသာ အောက်မေးလှုပ်နိုင်မည့် ဘ၀တွေ ဖြစ်နေကြသည်။

“ ကျောင်းလခ မပေးရဘူး … ဒါပေမဲ့ ကျောပိုးအိတ်၊ စာအုပ်စာတန်း၊ ၀တ်စုံ တို့တော့ ၀ယ်ရတယ်။ အင်းမကုန်ဘူးဆို ထိုင်းဘတ်ငွေ လေးငါး ခြောက်ရာတော့ ကုန်တာပေါ့။ ”

အပြင်နေ ကျောင်းသားကလေးတယောက်၏ ကျောင်းဖွင့်ချိန် ကုန်ကျစားရိတ်ဖြစ် သည်။ ထိုင်းဘတ်ငွေ လေး၊ ငါးခြောက်ရာ ကုန်သည်မှာ အနည်းဆုံး ကုန်ကျစားရိတ်ဖြစ်သည် ဟု ကလေးက ဆက်ပြောသည်။

“ သားက ရန်ကုန်ကပါ။ ငါးတန်းအောင်တယ်။ ခြောက်တန်းတက်ရမှာ။ အဖေက လေဖြတ်သွားတယ်။ အမေ့ ခေါင်းပေါ်က ကုန်ဈေးဈေးဗန်းကလေးနဲ့ ဘယ်လိုမှ စားလို့ မလောက်တော့ ဘူး။ သားက အကြီးဆုံး။ သားအောက်မှာ ညီလေးနဲ့ ညီမလေး ရှိတယ်။ အဲဒါကြောင့် သားခုလို အလုပ်ထွက်လုပ်နေရတာပါ ဦးရယ်”

စိန်ပန်းနီနီတို့ ပွင့်သလို ငုဝါတွေကလည်း အပြိုင်ပွင့်နေကြသည်။ ရာသီကား ဖေါက်လွှဲ ဖေါက်ပြန် … နွေခေါင်ခေါင် မိုးတွေရွာနေခဲ့သည်။ မေသည် မိုးဦးကို စိတ်ကောက်သွားခဲ့သည်။ ဇွန်လသည် မိုးဦးပီသနိုင်မည်လား … ။ ကမ္ဘာပေါ်တွင် ၁၄ နှစ်အောက် တရားမ၀င် ကလေး သူငယ် အလုပ်သမားများ နေထိုင်ကုန်ကြသောအရပ်သည် သူတပါးနိုင်ငံ နယ်စပ်မြို့ကလေး ဖြစ်နေသည်။ သက်ဆိုင်ရာ တာဝန်ရှိသူတို့သည်ကား လေအေးပေးစက်အောက် ပုလ္လင်ထက် တွင် သွားကြားထိုးမပျက်၊ မျက်နှာပြောင်တိုက်လျက် … ။ နည်းပညာခေတ်ကြီးတဲ့ …။ ကျောင်းမတက်နိုင်သည့် ကလေးများ အတွက်တော့ ဘ၀၏ သရော်ချက်လေလား။ ကျနော်တို့ ၏ မျက်နှာများတွင် အရှက်က တိုက်ပွဲကို ပြတ်ပြတ်သားသား တောင်းဆိုနေပြီကော …။ ။

တင်ကိုမင်းညို
၂၀၁၁။

စာကိုး။ ။ http://www.britannica.com
“ ဆယ်လမွန်ငါးတို့ အပြန်” - ကိုခင်ဝမ်း
“ ကျောင်းဖွင့်ချိန်” ရွှေဘုန်းလူ

0 comments: