Thursday, June 9, 2011

ငါတို့ တပ်ဦး

လူယဉ်ကျေးတို့ရဲ့
မသိကျိုးကျင်ပြုမှုကို
အသိအမှတ်ပြုလေနိုးနဲ့
ငုံ့မခံကြလေနဲ့
တုန့်ပြန်ကြ ပုန်ကန်ကြ
တပ်ဦးအလံကို
လွှင့်ထူလိုက်ကြ။

မည်းမှောင်အေးစက်
အရှက်မဲ့စိတ်ဓါတ်နဲ့
အသေကောင်လို
လျောင်းစက်မနေလေနဲ့
မီးတစနဲ့ ရှို့ကြ
အုံကြွကြ
သူပုန်ထကြ။

မှိုင်းစွဲရသူတို့
သွေးအားနည်းကြသူတို့
ခင်ဗျားတို့က ထင်ကြမယ်
အခွင့်ထူးခံ ကြေးစားတွေကို
သွေးတဆာဆာ အရိုင်းအစိုင်းတွေကို
တရားနဲ့ရလိမ့်မယ်လို့ပဲ။

ဟုတ်ကဲ့
သူတို့ကို ဒီလိုမရဘူး
သူတို့က
ကျုပ်အနီးဆုံး
ကျုပ်အမုန်းဆုံးတွေ ဖြစ်လို့မို့။

အလို
လက်စသတ်တော့
ခင်ဗျားတို့က
အလွန်ရိုကျိုးတဲ့
နောက်လိုက်မျိုးပါလား။

ရေမြွေလို အစွယ်ကျိုးနဲ့
ခြေသုတ်ပုဆိုးတထည်လို
ညစ်ညမ်းကြသူတို့ရဲ့။

ကျုပ်တို့ရဲ့အဟောင်းဆုံးယူနီဖောင်းတစုံက
ခင်ဗျားတို့ရဲ့
အကောင်းဆုံးသတို့သား ၀တ်းစုံထက်
သန့်စင်တယ်ဆိုတာ။

ပြီး
ကျုပ်တို့ရဲ့
အကြမ်းဆုံးလမ်းတွေဟာ
ခင်ဗျားတို့ရဲ့
အရမ်းဆုံးအနမ်းတွေထက်
နုညက်တယ်ဆိုတာ။

ပြီး
ကျုပ်တို့ရဲ့
အနီစွေးဆုံးသွေးတွေက
ခင်ဗျားတို့ရဲ့
အဖောက်ပြန်ဆုံးအတွေးတွေထက်
စေးပျစ်တယ်ဆိုတာ။

ဟုတ်ကဲ့
ကျုပ်တို့က
လိုရာကို ကျည်းဆံနဲ့တောင်းကြသူ။

စကားက တခွန်းထဲပဲ
နားမလည်စရာလည်းမရှိ
ခွင့်လွှတ်စရာလည်းမရှိ
ပုတ်အက်အက်သစ်သီးရဲ့
စက်ဆုတ်ဖွယ်မျက်နှာနဲ့
အဖိနှိပ်ခံဓါးအောက်က
မြေကြီးကိုတိုးလျှိုးလို့ ဒူးတုတ်လို့
တချက်ဝံ့လိုက်တိုင်း
မျက်လုံးနဲ့သွေးပျက်သူ
ဇက်ပိုးကိုနမ်းရှိုက်သမို့
အိုးစားကွဲရသူ
သူ
“သစ္စာဖောက်” ပဲတဲ့။

မြေမဲ့
ဂုဏ်သိက္ခာမဲ့
ဝိညာဉ်မဲ့ သည်အလောင်းကောင်ကို
တို့ထံက မေတ္တာခမ်းတဲ့အထိ
ရန်သူကိုမုန်းတာထက်ကို
ပိုရွံရှာသေးရဲ့
ပိုစက်ဆုတ်ကြသေးရဲ့။

သူတို့က
သူတို့ကို အစိုးရသူက
ပေကပ်ကပ်မြင်းတွေကို
နှင်တံနဲ့တို့ကြသလိုမျိုး
ငါ့နားမှာ စူးရှရှနဲ့
ဒါ ခရာမှမဟုတ်ပဲ။

ဒါ ဖခင်မဲ့ကလေးတွေရဲ့
ငိုကြွေးသံလို့ပဲ ငါကထင်မိ။

အလောင်းတွေ
ဂျီသုံးတွေ
အစုအပုံ ကြီးကြီးမားမား
ထပ်လို့ထပ်လို့သာ
အစုအပုံ ကြီးကြီးမားမား
စည်းရိုးမှာ မေးတင်ကျန်ရစ်ကြ။

တိုက်ပွဲမှာ
ငါ့ကဗျာရဲ့လက်က
မောင်းကွင်းထဲမှာ
စစ်သွေးကြွလို့ ပြင်းရှလို့
ရေးဖွဲ့နေပုံက
ဆေးလိပ်တတိုနဲ့
ကဗျာဆရာရဲ့ နဘေး
ပြန့်ကျဲတဲ့ ၀ါကျမဲ့စကားလုံးတွေလို
ကျည်ခွံတွေ ကခုန်စုပုံ
ပြောင်းဝမှာ လွင့်ကာဖွာကာနဲ့
နေဟာ ကြောက်ရွံ့သမို့
ခေါင်းလျှိုထွက်ပြေးချေပေါ့။

ဟော
ကောင်းကင်မှာ နေမှောင်ဖို့
ငါ့ကိုယ်မှာ ပူလောင်ဖို့
အရိပ်မည်းမည်းတွေ ဆူညံဝဲပျံ
ငါ့ထံကိုလာကြပေါ့။

နောက်
သူတို့ပျို့အန်လိုက်ကြ
မြေမှာငလျင် ရင်မှာငလျင်
လက်မှာတုန်ရင်လို့မို့
ကျည်ဆံတွေ ကခုန်ချင်ကြပြီ

တိုက်ပွဲမှာ
စိတ်ဓါတ်က
ငါတို့အဖို့
မကုန်ခမ်းနိုင်တဲ့ ကျည်ဆံပဲပ။

ငါတို့က
ကိုယ်တိုင်သာဖြစ်ခွင့်ရကြဖို့
ဘယ်သူ့မှာမှ
ရိုကျိုးကြမယ်မဟုတ်ဘူး။

နောက်
ငါတို့က
နင်းပြီးတဲ့ မြေနေရာတိုင်းကို
စိမ်းလန်းစေလိုသူ
ငြိမ်းချမ်းစေလိုသူ။

လက်တွေ့မှာ ငါတို့က
တိုက်ရဲ သေရဲ အနိုင်ယူရဲ
စွန့်လွှတ်ရဲသူတွေ
ဘယ်လိုမှ တုပမရကြသူတွေ

ပြီးတော့
ငါတို့က
ပိုင်ဆိုင်လိုစိတ်
ဆံချည်တမျှင်ကိုမျှစွန့်လှူ
အဆုံးစွန်အထိ ကြည်ဖြူကြသူတွေ။

ငါတို့ရဲ့သွေးတစက်က
အောင်ပွဲရဲ့ အစိတ်အပိုင်းတခုဖြစ်လို့မို့
အောင်ပွဲရဲ့ တခုလုံအတွက်
ငါတို့ရဲ့ သွေးအစက်စက်ကို
ခမ်းတဲ့အထိ ပေးဆပ်ဝံ့ပြီပဲ။

ငါတို့ရဲ့
အညတြပီသစွာ နေထိုင်မှုနဲ့
အညတြပီသစွာ သေဆုံးမှုကြားထဲမှာ
ဂုဏ်သိက္ခာနဲ့
ကိုယ်ကျင့်တရားဆိုတာက
ငါတို့
ဘယ်လောက်ချီတက်ခဲ့တယ်
ဘယ်လိုဖြတ်သန်းခဲ့တယ်ဆိုတာနဲ့ကို
လုံလောက်ပြီ ထင်ရဲ့။

ငါတို့က
ဘ၀အဆွေးကို
ငါတို့ရဲ့ ချွေးနဲ့သာ သီနိုင်ကြရဲ့။

ပြီး ငါတို့ရဲ့
ဘ၀တေးကိုလည်း
ငါတို့ရဲ့ သွေးနဲ့သာ သီနိုင်ကြရဲ့။

ငါတို့အဖို့
နာပျော်ဖွယ်တူရိယာက
ငါတို့ရဲ့ စက်သေနတ်တွေပဲပ။

ငါတို့ရဲ့
အနုပညာထုတ်လုပ်မှုက
တိုက်ပွဲရဲ့ စစ်ချီတေးသံ
ငါတို့ရဲ့
အမျိုးသားတေးသံဖြစ်သမို့
စစ်ချီတံပိုးကို
သွက်သွက်တီးမှုတ်ကြ
တပ်ဦးအလျင်ထက်
နောက်မကျတဲ့အလျင်နဲ့
“လေ”က
ခေါက်တုန့် သယ်ဆောင်ပေးပ။

ငါတို့ ချီတက်နေရာက
အမှောင်လွှမ်းရာတိုင်းကို
မငြိမ်းချမ်းရာတိုင်းကို
ဖိနှိပ်ခံရရာတိုင်းကို
ချည်နှောင်ခံရရာတိုင်းကိုပေါ့။

စိတ်ကူးတွေမြင့်မြင့်မားမား
ခြေလှမ်းတွေ ၀ံ့ဝံ့ကြွားကြွားနဲ့
ငါတို့က ချီတက်လာတဲ့အခါ
ဒါမှမဟုတ်
တိုက်ပွဲဝင်တဲ့အခါ
အဖိနှိပ်ခံတွေက ကောင်းချီးပေးကြမယ်
သူတို့ရဲ့လက်တွေကို ဝှေ့ယမ်းလှုပ်ခါလို့
သူတို့ရဲ့ ရင်သွေးကို ပုခုံးထက်မြှောက်ချီလို့
ငါတို့အဖို့
ခွန်အားနဲ့သတ္တိကို
ဖြစ်ကြစေဖို့အတွက်။

ငါတို့ ခွပ်ဒေါင်းရဲ့
တွန်ကျူးသံကို
မြေမှာသိမ့်သိမ့်တုန်စေဖို့
လေမှာပဲ့တင်ထပ်စေဖို့
ကြေညာ ဖွင့်အော်ဟစ်လိုက်မယ်။

တိုက်ပွဲကရတဲ့
အောင်မြင်မှုကို
ငါက
ဘယ်အနုပညာနဲ့ဖေါ်ကျူးရပါ့
ဘယ်တူရိယာနဲ့ သီကျူးရပါ့
ပေါ့တန် သေးနုပ်
အရာမထင်ဖြစ်ရမှုမျိုး
ငါ့ရင်မှာ
ဒဏ်ရာထက်နာကျင်သမို့
ငါ့ထံက
ကဗျာ့ဝိညာဉ်ကိုဖျစ်ဆုတ်
ငါ့ထံကပဲ
ကဗျာ့နှလုံးသွေးကို ညှစ်ထုတ်လို့
ငါကိုယ်တိုင် မတုပနိုင်တဲ့ ဂီတနဲ့
အောင်ပွဲရဲ့ ပီသမှုကို
လူ့ယဉ်ကျေးမှုတို့ ကျဆုံးရာ
တပ်ဦးအောင်လံလွှင့်ထူရာ
ပြန့်ပြူးတဲ့ ကွင်းပြင်ကျယ်မှာ
သီကျူးကြ
ပျော်မြူးကြတော့ပ။

မိုးသားတွေ
လွင့်ရာနောက်ကမှ
ခေါင်းလျှိုပြေးတဲ့နေ
သူ
ခပ်သွက်သွက်လှမ်းလာချေပေါ့
အရှိန်အ၀ါတွေခြံရံလို့ပဲ။

ငိုမဲ့မဲ့ မတောင်းပန်လိုက်လေနဲ့
ရူးမိုက်မိုက် မစေ့စပ်လိုက်စေနဲ့
မှိုင်းဝေေ၀ မကြေအေးလိုက်လေနဲ့
ဒါ
ဥဒါန်းမကြေသူတွေရဲ့ တိုက်ပွဲ
ဒါ
လွတ်မြောက်စေသူတွေရဲ့ တိုက်ပွဲပဲပ။

(အောင်နိုင်၊၂၁၂၊)

(နုနယ်သည့် ဘ၀အဆစ်အပိုင်းများအား မွတ်သိပ်သည့် လူထုအတွက်
ပေးဆပ်ခဲ့ကြသော အညတြတို့ကို စောင့်သိလျက်)
ဒေါင်းအိုဝေ အတွဲ(၃) အမှတ်(၉) ၁၉၉၂။

0 comments: