Monday, May 2, 2011

မေဒေး၊ ကလေးများနှင့် မီးလောင်နေသော ကမ္ဘာကြီး

တင်ကိုမင်းညို

၁၉- ရာစု နှောင်းပိုင်းကာလ ၁၈၈၆ ခုနှစ် မေလ (၁) ရက်နေ့မှာ ကမ္ဘာကျော် သမိုင်းဝင် အဖြစ်အပျက်ကြီးတခု ဖြစ်ခဲ့တယ်။ ဖြစ်ပျက်ခဲ့တဲ့နေရာက အမေရိကန် ပြည်ထောင်စုမှာ။ နယူးယောက် စီးတီးမှာ ဖြစ်တယ်။ ဒက်ထရိုက် မှာဖြစ်တယ်။ မစ်ချီဂန်မှာ ဖြစ်တယ်။ အခြားနေရာ အနှံ့အပြားမှာလည်း ဖြစ်တယ်။ ဆုံမှတ် (လှုပ်ရှားမှု ဗဟို) နေရာမှာ ဖြစ်တယ်။ သူတို့ ဆုံမှတ် နေရာကို ချီတက်ကြတယ်။ ဆုံမှတ်က အမေရိကန်ပြည်ထောင်စု အီလီနွိုက်ပြည်နယ် ချီကာကို မြို့ဆီ …။

စုစုပေါင်း ခန့်မှန်း လူသန်းဝက် (၅- သိန်း) ခန့်ရှိတယ်။ ဘယ်လိုလူတွေလဲ။ ဘယ်လို လူတန်းစားတွေလဲ။ သူတို့ ငြိမ်းချမ်းစွာ ဆန္ဒပြ ချီတက်နေကြတာ။ သူတို့ဆိုတာ အလုပ်သမားတွေ ဖြစ်တယ်။ စက်ရုံ၊ အလုပ်ရုံတွေထဲကနေ တရားမျှတတဲ့ အခွင့်အရေးတွေ ရရှိရေးအတွက် ချီတက် ဆန္ဒပြနေကြတာဖြစ်တယ်။ သူတို့အပေါ် မတရားအမြတ်ထုတ် ဂုတ်သွေးစုပ်နေတဲ့ အလုပ်ရှင်၊ လုပ်ငန်းရှင်၊ အရင်းရှင်ကြီးတွေ ဖိန့်ဖိန့်တုန်အောင် တုန်လှုပ်နေကြပြီပေါ့။ အလုပ်သမားတွေရဲ့ အဓိက တောင်းဆိုချက်က တနေ့ကို အလုပ်ချိန် (၈) နာရီ သတ်မှတ်ပေး … ။


အလုပ်သမားတွေရဲ့ အထွေထွေသပိတ်တိုက်ပွဲကြီးကို ရဲတွေက အင်အားသုံး ဖြေရှင်းတယ်။ သေနတ်နဲ့ပစ်တယ်။ လက်ပစ်ဗုံးတွေနဲ့ပစ်တယ်။ တိုက်ပွဲဝင်အလုပ်သမားတွေ သွေမြေကျ ကျဆုံးခဲ့။ ဟေးမတ်ကက် စကွဲယား (Haymarket Square) မှာ ဖြစ်တယ်။ နောင်မှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားများနေ့ အဖြစ် သတ်မှတ်ခဲ့တဲ့ မေဒေး (မေလ - ၁ ရက်) နေ့ အလုပ်သမားထုရဲ့ တိုက်ပွဲရလဒ်ဟာ ခုဆိုရင် နိုင်ငံတကာမှာ အစိုးရတိုင်းက အလုပ်ချိန်ကို တနေ့ ၈ - နာရီ တန်းတူ သတ်မှတ်ပေးနေခဲ့ရပြီ ဖြစ်တယ်။ ၁၈၉၀ ခုနှစ်က စလို့ မေလ ၁ ရက်နေ့ကို ရောက်တိုင်း နိုင်ငံတကာမှာ သမိုင်းဝင် မေဒေး နေ့ အခမ်းအနားတွေကို ခြိမ့်သဲ ကျင်းပ ခဲ့ကြတယ်။ ခု မေဒေး ရောက်တော့မယ် …. ။

စာစီစာကုံးကလေးတွေကို ရေးခိုင်းပြီး ကလေးတွေကို မြန်မာစာနဲ့ ယဉ်ပါးအောင်၊ မြန်မာမှု နဲ့ စိမ်းမနေအောင် တွေ့ထိပေးနေရတယ်။ ဒီနေ့ခေတ်က မီဒီယာ ဂလိုဘယ်ခေတ်ကြီးလို့ ဆိုကြတယ် မလား။ ယဉ်ကျေးမှုတွေ ကူးလူးပျံ့နှံ့နေမှုက မြန်လွန်းလှတယ်။ ကောင်းတာရှိသလို၊ ဆိုးတာလည်းပါတယ်။ လိုအပ်တာတွေ ရှိသလို၊ စွန့်ပစ်ရမှာကလည်း ဒုနဲ့ဒေး။ ရောက်နေတာက သူတပါးနိုင်ငံ နယ်စပ်မြို့။ အရေးတကြီး သင်နေရတဲ့ ဘာသာထဲမှာ အိမ်ရှင်နိုင်ငံရဲ့ ဘာသာစကား က ပုလ္လင်ပေါ်မှာအခန့်သား။ နို့ မသင်လို့လည်း မဖြစ်ဘူးလေ။ ဘယ်အချိန် ဇာတိအိမ် ပြန်ရမယ် ဆိုတာ ဘယ်သူမှ အသေအချာ မသိ။ ဒီတော့ …

ခေါင်းစဉ်ကိုဖတ်။ ပထမဆုံး စာကြောင်း တကြောင်းကို ကြိုးစားပြီးရေးချလိုက်။ ဟုတ်ပြီ။ အဲဒီ ပထမဆုံး ၀ါကျရဲ့ စေရာအတိုင် ကြောင်းကျိုး ဆက်စပ်ပြီးရေးသွား။ ခေါင်းစဉ်က “ငယ်ဘ၀ စာသင်ကျောင်းကလေး” ဟုတ်ပြီနော်။ ဒီနေ့မပြီးရင် မနက်ဖြန် ဆက်ဆက် ဆရာ့ကို အပ်ရမယ်။ စိတ်အေးအေးထား။ ရိုးရိုးကလေး တွေး။ ပြီးရင် အရိုးဆုံး ၀ါကျကလေးတွေနဲ့ ရေး။ စကားပြောနဲ့ ရေးမယ်ဆိုရင် စကားပြောဟန်အတိုင်းပဲ ရေး။ စကားပြေနဲ့ ရေးမယ်ဆိုရင် စကားပြောဟန် ထဲ့မရေးနဲ့။ ဟုတ်ပြီနော်။ မင်္ဂလာပါ ကလေးတို့။

အို … ကောင်းလိုက်တဲ့ စာစီစာကုံးကလေး။ ဇာတိရနံ့လည်းပါ။ ကျောင်းက ၀ါးတဲကလေးမို့ ၀ါးနံ့၊ သဲပွတ်၊ သက်ကယ် ရနံ့တွေလည်းပါ။ မိုးကာလမို့ ရွံ့စေး ရနံ့တွေပါ ပါလာတယ်။ ကလေးတို့ရယ် ရေးတတ်လိုက်တာ။ နောက် ခေါင်းစဉ်ကလေးတွေ ထပ်ပေးမယ်။ ကျောင်းသားနှင့် အားကစား …. နှစ်သစ်ကူး … ချစ်သော အမေ … ချစ်သော … အဖေ … ဆရာ … ဟုတ်ပြီ … ကျောင်းသားနှင့် စာဖတ်ခြင်း၊ မွေးရပ်ဇာတိမြေ …. ဟုတ်ပြီ …။

ဘာ … ကျောင်းထွက်တော့မယ် … ဘာလို့ထွက်မှာလဲ … တခါမှ မတွေ့ဘူးခဲ့တဲ့ အမေနဲ့ ပြန်နေမလို့ … အမေက ဘန်ကောက်မှာ … ဟိုရောက်ရင် … ဟိုရောက်ရင် အလုပ်လုပ်ရ မယ် … သမီးငယ်သေးတယ်လေ … မျက်ရည်များ … သက်ပြင်းမောများ …ကျောင်းထွက်သွားခဲ့ပြီ။

သမီးအမေက သမီးကို ကျောင်းထွက်ပြီး အလုပ်လုပ်ရမယ်တဲ့။ အိမ်မှာ အဖေနဲ့ အမေ လုပ်စာလောက်နဲ့ ဘယ်လိုမှ မရပ်တည်နိုင်လို့တဲ့။ သမီးက ဆရာဝန် သိပ်ဖြစ်ချင်တာ။ ကျောင်း နေခွင့်ကိုရနေတဲ့ မောင်လေး၊ ညီမလေးတို့ရေ စာသင်နိုင်ခွင့် ရတဲ့အချိန်မှာ စာကြိုးစားကြနော် …။

သမီး သူငယ်ချင်းက စာသိပ်တော်တယ်။ မတော်တဆ တခုကြောင့် သူ ကျောင်းထွက် သွားရတယ်။ ခုသူ အားကိုးရာမဲ့တော့ အိမ်ထောင်ပြုလိုက်ရတယ်။ သမီး … ငယ်လွန်းတယ်။ ခု အလုပ်လုပ်နေတယ် ဆရာ။ သမီးလည်း တခါမှ မတွေ့ဘူးတဲ့အမေနဲ့ နောင်နှစ်မှာ သွားနေတော့ မယ်။ ဘန်ကောက်ပါပဲ။ ဟိုရောက်ရင်လား … ရတဲ့အလုပ်ကို ရှာလုပ်ရမှာပေါ့ဆရာ …. ။

သားတွေကရော … သားတွေခမျာမလည်း ထိုနည်းနှင်နှင် …. ။

စာသင်ကျောင်းကလေးသည် မိမိကိုယ်ကိုယ် ကျောင်းကထွက်၊ ပြီး တပါးနိုင်ငံ အလုပ်ရုံ၊ စက်ရုံတို့တွင် အလုပ်ရှင်ပေးသမျှ လုပ်ခနှင့် မိမိလုပ်အားကို မတူမတန် ထိုးရောင်းနေရရှာသည့် သူ့ ရင်သွေးငယ်များကို ရင်ကွဲပက်လက် ငေးကြည့်လျက် ….။

ဒီနှစ် သင်္ကြန်တွင် အနှစ်လေးဆယ်နီးပါ ကွဲကွာနေသော ပိတောက်နဲ့ ပြန်တွေ့တယ်။ ဈေးခင်းအရောင်းခံလိုက်ရတဲ့ ပိတောက်။ ၀ယ်လာသူများက အလုအယက် မရ ရအောင် ၀ယ်ခဲ့ရတယ် ဆိုပဲ။ အို … မွှေးလိုက်တာ။ ပိတောက် ရနံ့က ငယ်ဘ၀ကို ပြန်ခေါ်သွားတယ်။ ဇာတိ အိမ်ကို ပြန်ရောက်သွားတယ်။ ကွယ်လွန်သူ အမေနဲ့ ပြန်တွေ့တယ်။ အမနဲ့ ပြန်ပြီး စကားနိုင်လု ရန်ဖြစ်ကြတယ်။ ဇာတိမြေ အိမ်မျက်စောင်းထိုးက ပိုင်ရှင်မဲ့ ပိတောက်ပင်ကြီးမှာ ပိတောက်ပန်းတွေ တပင်လုံးရွှေ … အိပ်ယာက လန့်နိုးတော့ တောက်တက်က တောက်တဲ့ … တောက်တဲ့လို့ မြည်နေ တယ်။ ဟော … အိမ်နဲ့ကပ်ရက်ကို ကားကြီး တစီးထိုးစိုက်လာတယ်။ “ဘ၀ကားကြီး” ပါလား။ အမှိုက်ကျုံး ကားကြီးပါ။ ကားပေါ်မှာ ဗမာတွေချည်း။ သူတို့ထဲမှာ ကျောင်းက ကလေးတွေရဲ့ မိဘ တွေလည်းပါသတဲ့ …. ။

အသစ် အသစ်တွေကို ဆာလောင်မွတ်သိပ်နေတဲ့ သင်္ကြန်ဟာ ထူးမခြားနား ပတ်ပျိုးနဲ့ ရောက်လာခဲ့ပြန်တယ်။ ဘယ်မှ မသွားတော့ဘူး။ စာဖတ်တယ်။ ကလေးတွေ အကြောင်း တွေးတယ်။ သင်္ကြန်ရေက တကိုယ်လုံးကို မစိုခဲ့ပေမဲ့ ကျနော့်မျက်ဝန်းမှာတော့ ကလေးတွေ အတွက် မိုးတွေရွာခဲ့တယ် အမေ … ။

ထိုင်နေကျ လ္ဘက်ရည်ဆိုင်ကို ရောက်တော့ မှာနေကျ ကျစိမ့် လ္ဘက်ရည်တခွက်မှာတယ်။ စားပွဲထိုး လူသစ်ကလေးကို တွေ့ရတယ်။ ကျောင်းတက်ရမယ့် အရွယ်ပဲ။ ရင်သပ်ရှုမောခြင်း (သို့) အံ့သြခြင်း စီးကရက် ( WONDER) တပွဲမှာလိုက်တယ်။ စားပွဲထိုး အသစ် ကလေးကပဲ လာချပေး တယ်။ မိတ်ဆွေတွေနဲ့ စကားစမြည်ပြောတယ်။ တောရောက်၊ တောင်ရောက်။ စိတ်က ကျောင်းပြန် ဖွင့်ချိန်ကို ရောက်နေတယ်။ မျက်နှာနုနုနဲ့ ပန်းပွင့်ကလေးလို ကလေးငယ်တွေ …

သားငယ်တယောက်ပဲ။ ဆယ့်တစ်နှစ်၊ ဆယ့်နှစ်နှစ်ခန့် ရှိသေးတယ်။ ကလေး … ဘာဝယ် ချင်လို့ပါလိမ့် … ။

သူလည်း စားပွဲထိုး အသစ်ကလေးပဲ။ ငါးတန်းအောင်လို့ ဒီနှစ် ခြောက်တန်းတက်ရမှာ။ မိဘတွေက ကျောင်းဆက်မထားနိုင်လို့ ဆိုင်မှာ လာအပ်သွားတယ်။ စကားပွဲထိုးအဖြစ် ခိုင်းပါပေါ့ နော်။ ကျနော်မှ လက်မခံရင်လည်း ဒီကလေး ဒီထက်ဆိုးတဲ့ အလုပ် လိုက်ရှာလုပ်ရမှာ …တဲ့ …။

ဆိုင်ကနေ ထထွက်လာခဲ့တယ်။ လမ်းဘေး အိမ်တအိမ်ကနေ သီချင်းသံ ကြားနေရတယ်။ ၁၉၈၀- ခုနှစ်ဝန်းကျင်လောက်ဆီက အီသီယိုပီးယားမှာ မိုးခေါင်ပြီး အငတ်ဘေး ဆိုက်တယ်။ ကမ္ဘာကျော် အဆိုတော်တွေက လိုက်ဖ်အေ့ဒ် (LIFE AID) ခေါင်းစဉ်နဲ့ သီချင်းဆိုကြတယ်။ ရတဲ့ငွေတွေကို အီသီယိုပီးယား ဒုက္ခသည်တွေကို ကူညီထောက်ပံ့တယ်။ ဒီမှာ ကမ္ဘာကျော်အဆိုတော် မိုက်ကယ်ဂျက်ဆင် (Michael Jackson)ရေးသားပြီး ကမ္ဘာကျော် အဆိုတော်တွေ စုပေါင်းသီဆိုခဲ့တဲ့ ၀ီအာသ၀ါးလ် ( WE ARE THE WORLD) သီချင်းပဲ … Oh … Send them your hearts … (သင်တို့ရဲ့ နှလုံးသားကို သူတို့ဆီ ပေးပို့လှူဒါန်းလိုက်ပါ) ….

ငယ်ငယ်က အမေ ပြောတာ ကြားခဲ့ဖူးတယ်
“ ကမ္ဘာမီးလောင် သားကောင် ချနင်း” … တဲ့ …
ကမ္ဘာကြီး မီးလောင်နေပါသလား …..။ ။

တင်ကိုမင်းညို
၁၉ ဧပြီ ၂၀၁၁။

0 comments: