Monday, May 2, 2011

ငါတို့ရဲ့ ပိုမိုအားကောင်းတဲ့ အသံ...

အခွင့်အရေးဆိုတာ တခါတလေ ကြိုးစင်နဲ့ လဲယူရတယ်
အီဒိုး

The time will come when our silence will be more powerful than the voices you strangle today.
ငါတို့ရဲ့ နှုတ်ပိတ် တိတ်ဆိတ်နေခြင်းဟာ ငါတို့ကိုသတ်ဖို့ ကြိုးစင်ကဒေါက်ကို ဖြုတ်လိုက်တဲ့အသံထက် တနေ့မှာ ပိုပြီးကျယ်လောင်အားကောင်းလာလိမ့်မယ်။
ဩဂတ်စ်စပိုင်
(၁၈၈၇ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ ချီကာဂိုမြို့တွင် ကြိုးပေးကွပ်မျက်ခံခဲ့ရသည့် အလုပ်သမားခေါင်းဆောင်တဦး)
...............................

နောက်ဆုံးတော့ တမိသားစုလုံး ဒီဘက်ထွက်လာလိုက်ကြတာ၊ ခုထိ ရွာက ကြွေးတွေဆပ်နေရတုန်း။ ယူကလစ်ကိုင်းက လေပြင်းတချက်အဝေ့မှာ သုတ်ကနဲ ယိမ်းထိုးသွားသည်။ ကင်မရာမြင်ကွင်းကနေတဆင့် ကြည့်တာတောင် ကလေးအမေရဲ့မျက်ဝန်းက ငွေ့ရည်ဝေ့ဝေ့ကို လှမ်းတွေ့ရသည်။ အခုတော့ သူမရဲ့သားကလေးက ဒီကြံခင်းတွေ အလယ်က ကျောင်းကလေးမှာ ပျော်တတ်နေပြီ။ ကိုယ့်ရပ်ကိုယ့်ရွာမှာ ယာရှင်ကိုင်းရှင်ဘဝကနေ ခုတော့ သူများရေမြေမှာ လယ်ကူလီ၊ ယာကူလီဘဝ။ သူတို့ တမိသားစုတည်းမဟုတ်။ ဒီကြံခင်းတွေ၊ ပြောင်းခင်းတွေ တပြန့်တပြောမှာ မြန်မာပြည်သား အလုပ်သမားတွေ နေရာအနှံ့။ နေထိုင်ခွင့်မရှိ၊ အလုပ်သမားကဒ်မရှိ။ ကွင်းထဲ ဟိုနားတစု၊ ဒီနားတစု။ တဲကလေးတွေက သေးသေးယိုင်ယိုင်။

ငွေကြေးက မတည်ငြိမ်၊ ဈေးနှုန်းက မတည်ငြိမ်၊ ဥပဒေတွေ မူဝါဒတွေက မတည်ငြိမ်၊ ဥတုရာသီက မတည်မငြိမ်။

ကြွေးကြေတောင် ဘယ်လိုလုပ် ရွာပြန်နိုင်အုန်းမလဲ။ ဒီမှာလုပ်ကိုင်စားရတာက ထမင်းကို ဟင်းဖတ်လေးနဲ့တော့ စားရသေးတယ် တဲ့။

ဘယ်နှစ်နှစ်တန်သည် လုပ်မည်။ စုမိဆောင်းမိလျင် ရွာပြန် လယ်ကလေးဝယ်မည်။ ဆိုင်ကလေးတည်မည်။ အရင်တုန်းကတော့ ဒီအိပ်မက်တွေ ရှိခဲ့ကြသည်။ ခုတော့ ကလေးတွေပါခေါ်လာ။ မိဘမောင်ဘွားတွေပါ ခေါ်လာ။ တယောက်အခြေချမိလျင် တမျိုးလုံးရောက်လာ။ ရွှေ့ပြောင်းအလုပ်သမားတွေ မဟုတ်တော့။ ရွှေ့ပြောင်းအခြေချသူတွေလို့ သတ်မှတ်ရတော့မည်။ အိတ်ဇိုးဒပ်ဆိုသည့် ဖတ်ဖူးသည့် စာအုပ်တအုပ်ကို သွားသတိရမိသည်။ နိုင်ငံတခု ပျက်သုန်းခြင်းတဲ့။ အစုလိုက် အပြုံလိုက် စွန့်ခွာထွက်ပြေးနေကြသည်နှင့် တူနေပြီ။
...............................

ဒီမှာက အနိမ့်ဆုံးလုပ်ခ ၁၄၂ ဘတ်လို့သတ်မှတ်ထားပေမယ့် တကယ်ရတာက ဟိုဟာဖြတ်၊ ဒီဟာဖြတ်နဲ့ ၇၀၊ ၈၀ တောင်မပြည့်ချင်ဘူး။ အဲဒါကြောင့် ဘန်ကောက် တက်သွားတာ။

တချို့အဆင်ပြေသည်။ တချို့က ခိုးလမ်းကတက်ရင်း ဘယ်သောင်ဘယ်ကမ်းဆိုက်သည်မသိ။ တချို့ ငါးလှေတွေမှာ ရောင်းစားခံကြရသည်။ တချို့ ကွန်တိန်နာထဲမှာ စုပြုံလိုက်ပါရင်း အသက်ရှူကြပ် သေကြရသည်။ တချို့မြို့လယ်ကောင်က တိုက်ခန်းကျဉ်းလေးထဲမှာ အကျဉ်းချ ခိုင်းစားခံကြရသည်။ ဘဝတွေက အဖုံဖုံ။ ဇာတ်လမ်းတွေက အစုံစုံ။

သူဌေးကကောင်းတော့ ရသမျှ အမေတို့ဆီပို့နိုင်တယ်။ ဒါပေမယ့် ဒီတခေါက်ပြန်လာလည်တော့ အမေတို့က ကြွေးတောင်တင်နေသေးလို့ ပါတာလေးတွေ ထိုးဆပ်လိုက်ရတယ်။ နှစ်လုံးထီတွေ ကစားပစ်တာနေမှာပေါ့ ၁၄ နှစ်လောက်လေးနှင့် မိဘကိုသိတတ်သည့် သမီးလိမ္မာလေးကိုကြည့်ရင်း ဘယ်သူ့ကို အပြစ်တင်ရမှန်းမသိ။

တခါက ဂျပန်ကိုအလုပ်သွားလုပ်သည့် သမီးလိမ္မာလေးတယောက်အကြောင်း သတိရမိသည်။ မြန်မာပြည်မှာပြောတော့ အလုပ်က ဧည့်ခံကြိုဆိုရေး၊ ဂျပန်ရောက်တော့ ပုရိသဖျော်ဖြေရေး။ ကြွေးတထုပ်နှင့် နောက်ပြန်ဆုတ်လို့မရသည့်ဘဝမို့ ဇွတ်မှိတ်လိုက်ရတော့သည်။ ဒီလိုနှင့် ၃၊ ၄နှစ်လောက်ကြာတော့ ကြွေးလည်းကြေပြီ။ စုမိတန်သလောက်လည်း စုမိပြီ။ ဒီဘဝကို ရုန်းထွက်ကာ အမေ့အိမ်ပြန်တော့မည်။ ပြန်လာတော့မယ်အမေရေလို့ ဖုန်းလှမ်းထိုးတော့ အမေက တအံတဩပြောသည်တဲ့။ အို… သမီးရယ်။ ဒီမှာ ဘာမှလုပ်စားလို့ မရဘူးအေ့၊ ဟိုမှာ ဒီလောက်ဝင်ငွေကောင်းနေတာ ဘာဖြစ်လို့ ပြန်လာမလဲအေတဲ့။ သမီးဖြစ်သူမှာ ဖုန်းကိုင်ရင်းသာ ခေါင်းငိုက်စိုက် ချလိုက်မိတော့သည်။ တဖက်ပိတ်နေတဲ့ ဘဝတွေပါလားကွယ်။
...............................

စက်မှုဇုန်ရဲ့ အမှောင်ရိပ်ကျကျ လမ်းကြားလေးထဲမှာ ထမင်းချိုင့်ခြင်းလေးဆွဲလို့ အလုပ်သမလေးတွေ။ စက်ရုံကိုသွားမှာလား။ စက်ရုံကပြန်တာလား။ ခဏကြာတော့ မီးမှိတ်ပြီး လိမ့်လာတဲ့ ကားတစင်းပေါ် ပါသွားတာတွေ့ရသည်။ စီးပွားရေးပိတ်ဆို့လို့ ဒီလိုတွေ ဖြစ်ကုန်ကြရတာတဲ့။ မပိတ်ဆို့ခင်က ဒါမျိုးတွေ မရှိဘူးတဲ့လား။ စီးပွားရေးကကော ဘာ့ကြောင့် ပိတ်ဆို့တာလဲ။ ဘာတွေဖြစ်ခဲ့လို့၊ ဘာတွေလုပ်လို့ စီးပွားရေး ဝိုင်းပိတ်ဆို့တာလဲ။ ရှိရက်နဲ့ မရှိချင်ယောင်ဆောင်ခံထားရတဲ့ အဖြေတွေ။

ဝန်ထမ်းတွေလစာတိုးတော့ ကုန်ဈေးနှုန်းတွေက တက်တယ်။ ဆီးဈေးကြောင့် ကားခတွေကတက်တယ်။ လခတိုးပေးဖို့ပြောတော့ အလုပ်ထုတ်ခံရတယ်။ နေမကောင်းလို့ တရက်ခွင့်ယူမိပါတယ်။ ရက်မှန်ကြေးဖြတ်ပစ်လိုက်တော့ ဘာမှမကျန်တော့ဘူး။

စက်ရုံထဲမဝင်ပဲ စက်ရုံရှေ့မှာ နေပူထဲငုတ်တုတ်ထိုင်နေတဲ့ အလုပ်သမလေးတွေ။ မှုန်ပျက်လု သနပ်ခါးအောက်က ဘဝဒဏ်နဲ့ ညိုမောင်းနေတဲ့ မျက်နှာတွေ။ ဒါ နိုင်ငံရေးလှုံ့ဆော်မှုလား။ ပုဆိန်ရိုးတွေရဲ့ သွေးထိုးမှုလား။ ခပ်လှမ်းလှမ်းမှာ ဒုတ်တွေဒိုင်းတွေနဲ့ လုံထိန်းကားတွေက အင်အားပြ ခြိမ်းခြောက်နေလေရဲ့။ သူဌေးကတော့ လေအေးစက်တပ် အခန်းထဲကနေ တနေရာကို ဖုန်းပြောနေတယ်။ အကိုကြီးတို့ပဲ ကြည့်လုပ်လိုက်ပါ။ ကျနော်တို့က နိုင်ငံတော်တိုးတက်ရေးအတွက် ကိုယ်တတ်နိုင်တဲ့ဘက် ဝိုင်းလုပ်နေတဲ့ သူတွေပါ တဲ့။

မရေရာတဲ့ကတိကဝတ်တွေနဲ့။ ဖြစ်မလာတဲ့ တာဝန်ယူပါတယ်တွေနဲ့။ စစ်ကြောရေးဝင်သလိုလို၊ ခြိမ်းခြောက်သလိုလို ဖျန်ဖြေကြားဝင်မှုတွေနဲ့ ပြီးခဲ့ရတဲ့ စက်မှုဇုန်က သပိတ်အဆင့်ထိမရောက်တဲ့ ထမင်းချိုင့်မှောက်ပွဲတွေက ဖြိုးဖြိုးဖျောက်ဖျောက်။ ပေါ်လိုက်ပျောက်လိုက်။ ဒီမီးပွားလေးတွေက ပြာဖုံးနေတာ။ ငြိမ်းသွားတာ မဟုတ်ဘူး။
...............................

သခင်ဖိုးလှကြီး၊
ရေနံမြေသပိတ်၊
ဘယ်တော့မှ မငြိမ်းခဲ့တဲ့ ရေနံစင်ကြီးတွေပေါ်က ဓါတ်ငွေ့မီးတောက်ကြီးတွေက မြို့မဝင်ခင် အဝေးက လှမ်းမြင်နေရတယ်။ သုံးဆောင်ပြိုင်၊ လေးဆောင်ပြိုင် အရာရှိ အိမ်ကြီးတွေမှာ တင်းနစ်ကွင်းတွေက မီးတထိန်ထိန်။ အလုပ်သမား တန်းလျားရှေ့ လမ်းဘေး မီးတိုင်အောက်မှာတော့ ကလေးတယောက်က အိမ်စာလုပ်နေတယ်။ တန်းလျား အခန်းကျဉ်းလေးထဲမှာ အလုပ်သမားကြီးတယောက်က တောက်ခေါက်လိုက်တယ်။

၁၃၅၀ ပြည့် ရေနံမြေအလုပ်သမားသပိတ်တပ်ကြီးဟာ ရန်ကုန်မြို့ကို ဦးတည်ချီတက်လာခဲ့တယ်။ ကိုလိုနီရဲတွေက မြင်းကြီးတွေပေါ်ကနေ ခါးထောက်ပိတ်ရပ်ထားတယ်။ မြင်းခွာတချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ်ဆိုတဲ့ ကောလိပ်ကျောင်းသားတယောက်ရဲ့ြွေကးကြော်သံအဆုံးမှာ မြန်မာတပြည်လုံး လွတ်လပ်ရေးစိတ်ဓါတ်တွေ ဟုန်းဟုန်းတောက်ခဲ့ကြတယ်။

မေးရိုးကားကားနဲ့ သခင်ဖိုးလှကြီးကို ဓါတ်ပုံထဲမှာ ကြည့်မိတော့ အထင်ရှားဆုံးက သူ့ပုခုံးမှာလွယ်ထားတဲ့ သံကြိုးကြီးပါပဲ။

နိုင်ငံတကာအလုပ်သမားကြွေးကြော်သံတခုကို နားထဲကြားလိုက်ရတယ်။
အလုပ်သမားတွေမှာ နှောင်ကြိုးကလွဲပြီး ဘာမှ ဆုံးရှုံးစရာမရှိဘူးတဲ့။
...............................

ကျနော်တို့က ဆန်ကိုတောင်းတယ်။ သူတို့က ကျည်ဆန်တွေပေးတယ်။

သင်္ဘောကျင်းထဲက အလုပ်သမားအလောင်းတွေကို စစ်သင်္ဘောနဲ့တင်ပြီး ပင်လယ်ထဲသွားပစ်ချလိုက်သတဲ့။ သမိုင်းချည်စက်မှာလည်း ပစ်သံခတ်သံတွေဆူညံလို့။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် မျက်နှာဖုံးတပ် စစ်အစိုးရလက်ထက် ၁၉၇၄ ခုနှစ် ဇွန် ၆ ရက်က ဘယ်တော့မှ မပျောက်ပျက်နိုင်တဲ့ အလုပ်သမားအရေးတော်ပုံ ပုံရိပ်တွေ။

လမ်းစဉ်ပါတီ ဦးဆောင်မှုအောက် အလုပ်သမားအစည်းအရုံးနဲ့၊ အလုပ်သမားအစည်းအဝေးကြီးတွေ။ လူမှုဖူလုံရေး ဆေးခန်းတွေနဲ့ အလုပ်သမားဆေးရုံကြီး။ တကယ်တမ်းကျတော့ နိုင်ငံ့စီးပွားရေး ချွတ်ခြုံကျလာမှုနဲ့ စစ်ဗျူရိုကရက် အုပ်ချုပ်ပုံအမှားတွေအောက်မှာ အလုပ်သမားတွေဟာ ရုပ်ပိုင်းဘဝကော၊ စိတ်ဓါတ်ရေးရာပိုင်းပါ နိမ့်ကျ ပျက်စီးခဲ့ကြရတယ်။ အလုပ်သမားနေ့ လူထုချီတက်ပွဲကြီးတွေမှာ မစားရဝခမန်း ဆုံးဖြတ်ချက်တွေဟာ စည်းဝေးပွဲ စင်မြင့်တွေပေါ်မှာပဲ ကျန်ရစ်ခဲ့ကြတာပါ။

ဆိုဗီယက်ခေတ်မှာ ဟာသတခုပေါ်ခဲ့တယ်။ အလုပ်သမားတွေကို ကိုယ်စားပြုပါတယ်ဆိုတဲ့ ဆိုဗီယက် ကွန်မြူနစ်ပါတီအောက်က အလုပ်သမားတွေအကြောင်းပါ။

အစိုးရစက်ရုံတွေ၊ ဌာနတွေက အစီရင်ခံစာအတုတွေနဲ့ လက်တွေ့မှာ ဘာမှအလုပ်မဖြစ်လာ။ အလုပ်သမားတွေ ဘဝကလည်း တဖြည်းဖြည်း နစ်သထက်နစ်လာတဲ့ အခြေအနေကို သရော်ထားတာပါ။

အလုပ်သမားတယောက်က ပြောသတဲ့။
ဟုတ်ကဲ့၊ ကျနော်တို့က အလုပ်လုပ်သယောင် ဆောင်ပါတယ်။ သူတို့ (အစိုးရ) က လခပေးသယောင် ဆောင်ပါတယ် တဲ့။

သာယာဝပြောသော ဆိုရှယ်လစ်လူ့ဘောင်သစ်ကြီးဆီ ချီတက်ခဲ့တဲ့ တပါတီ အာဏာရှင်ခေတ် မြန်မာပြည်မှာတော့ ဒီဟာသက ကွတ်တိပါပဲ။
...............................

အလုပ်သမားတွေ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ ရရှိဖို့နဲ့ အခြေအနေနဲ့တပြေးညီ အနိမ့်ဆုံးလုပ်ခ သတ်မှတ်ဖို့ရာအတွက် လိုအပ်တဲ့ ဥပဒေတွေ ပြဌာန်းနိုင်ဖို့ရာလည်း ဆွေးနွေးပြင်ဆင်မှုတွေ လုပ်သွားမှာဖြစ်ပါတယ်။

ဦးသိန်းစိန်
(၂၀ဝ၈ အခြေခံဥပဒေအရ ၂၀၁၀ ရွေးကောက်ပွဲ လွှတ်တော်မှ ရွေးချယ်တင်မြှောက်ခြင်းခံရသည့် စစ်အစိုးရလက်ထက် ဝန်ကြီးချုပ်တာဝန်ယူခဲ့သည့် ဗိုလ်ချုပ်ကြီးဟောင်း)
...............................

ဥရောပမှာ စက်မှုတော်လှန်ရေးနဲ့အတူ အရင်းရှင်ခေတ်ဦးပေါ်ပေါက်လာတယ်။
အလုပ်သမားတွေဟာ နာရီပေါင်းများစွာ အလုပ်လုပ်ကြရတယ်။ လုပ်ခနည်းပါးစွာရတယ်။ လုပ်ငန်းခွင်ကြမ်းတမ်းတယ်။ အလုပ်သမားတွေဟာ သူတို့လိုအပ်ချက်တွေအတွက် အခြေခံအခွင့်အရေးတွေ တောင်းခဲ့ကြ၊ တိုက်ခဲ့ကြရတယ်။

၁၈၈၆ မေလ ၄ ရက်နေ့မှာ အမေရိကန်နိုင်ငံ ချီကာဂိုမြို့မှာ ဟေးလို့ခေါ်တဲ့ ဈေးဟောင်းတခုမှာ တနေ့အလုပ်ချိန် ၈ နာရီ သတ်မှတ်ပေးရေးအတွက် အလုပ်သမားစည်းဝေးပွဲတခုလုပ်တယ်။ ဒါတွေကို ရဲတွေက မဆင်မခြင် လူစုဝင်ခွဲရာက ဗုံးပေါက်မှုတခုဖြစ်တယ်။ ရဲတွေရော၊ အလုပ်သမားတွေရော သေကြရတယ်။ ဒီအမှုအတွက် အလုပ်သမားခေါင်းဆောင် ၅ ဦးကို အစိုးရက ကြိုးပေးကွပ်မျက်ခဲ့တယ်။
ဒီအလုပ်သမားခေါင်းဆောင်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ၁၈၈၆ ခု ပါရီမြို့မှာလုပ်တဲ့ ဒုတိယအင်တာနယ် အစည်းအဝေးကြီးကနေ မေလ ၁ ရက်နေ့ကို ကမ္ဘာ့အလုပ်သမားနေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။

အလုပ်သမားနေ့ပေါ်ပေါက်လာတာ နှစ် ၁၀ဝ ကျော်လာတဲ့တိုင်အောင် နေရာတော်တော်များများမှာ အလုပ်သမားတွေဟာ တနေ့အလုပ်ချိန် ၈ နာရီထက်မက လုပ်ကိုင်နေရတုန်းပါ။ ရသင့်တဲ့ အချိန်ပိုလုပ်ခတွေလည်း မရကြပါဘူး။ မညီမျှမှုတွေ၊ မတရားမှုတွေကို နေရာအနှံ့ ခံစားနေရဆဲပါ။
...............................

လှိုင်းတွေလို့ပဲခေါ်ခေါ်၊ ခေတ်တွေလို့ပဲပြောပြော သမိုင်းဦးဘုံမြေကာလကနေ သတင်းနဲ့ နည်းပညာ ဒီနေ့ကာလအထိ လူ့သမိုင်းစဉ်မှာ လုပ်အားဟာ အခြေခံ အကျဆုံး ဖြစ်နေဆဲပါ။ အလုပ်လုပ်တဲ့ ပြည်သူတွေဟာ လူ့အဖွဲ့အစည်းမှာ အဓိကအကျဆုံးပါ။ ကျေးရွာလေးတရွာက ချောင်းကူးတံတားပဲဖြစ်ဖြစ်၊ အီဂျစ်က ပိရမစ်ကြီးတွေပဲဖြစ်ဖြစ်၊ အာကာသ လွန်းပျံယာဉ်ကြီးပဲဖြစ်ဖြစ် လုပ်အားရဲ့ လှပတဲ့ထုတ်ကုန်တွေဖြစ်ပါတယ်။

သာယာဝပြောတဲ့ ဆိုရှယ်လစ်လူ့ဘောင်ကြီးပဲဖြစ်ဖြစ်၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးပဲဖြစ်ဖြစ် အလုပ်သမားတွေမပါပဲ၊ အလုပ်သမားတွေရဲ့ အခြေခံအကျဆုံး အခွင့်အရေးတွေမပါပဲ၊ အလုပ်သမားတွေရဲ့ ရသင့်ရထိုက်တဲ့ ခံစားခွင့်တွေမပါပဲ တည်ဆောက်လို့မရပါဘူး။ အစိုးရဌာနမှာပဲလုပ်လုပ်၊ လမ်းဘေးက စက်ဘီးပြင်ဆိုင်မှာပဲလုပ်လုပ်၊ စက်မှုဇုန်က ကိုရီးယားစက်ရုံမှာပဲလုပ်လုပ်၊ မြဝတီတဘက်ကမ်းက ထိုင်းသိုးမွှေးရုံမှာပဲလုပ်လုပ်၊ တိုကျိုမြို့က စားသောက်ဆိုင်မှာပဲလုပ်လုပ်၊ ဝါရှင်တန်က ဆူရှီဆိုင်မှာပဲလုပ်လုပ်၊ အလုပ်သမားဟာ အလုပ်သမားပါပဲ။ ဒီအလုပ်သမားတွေကို ထားခဲ့ပြီး၊ ဒီအလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို မသိချင်ယောင်ဆောင်ပြီး၊ ဒီအလုပ်သမားတွေရဲ့ဘဝကို ကျောခိုင်းပြီး ဘာစံနစ်၊ ဘာနိုင်ငံတော်ကြီးကိုမှ တည်ဆောက်လို့မရပါဘူး။

အလုပ်သမားတွေမှာ ရန်ကုန်ရယ်၊ မုံရွာရယ်၊ မဟာချိုင်ရယ်၊ စင်ကာပူရယ်မရှိဘူး။ အလုပ်သမားတွေမှာ လူမှိုးဘာသာ မရှိဘူး။ အလုပ်သမားဆိုတာ ဘဝကအတူတူပဲ။ ခံစားရတာက အတူတူပဲ။ ကံကြမ္မာက အတူတူပဲ။ ဒါကြောင့် အလုပ်သမားတွေဟာ သွေးစည်းဖို့လိုတယ်။ ယိုင်းပင်းဖို့လိုတယ်။ အတူတကွရပ်တည်ဖို့လိုတယ်။ ဒါဟာ သမဂ္ဂစိတ်ဓါတ်ပါပဲ။ ခွင့်ပြုမိန့်ကျမှ၊ အခြေခံဥပဒေထဲမှာ ထည့်ရေးထားမှ၊ ဆိုင်းဘုတ်တင်ခွင့်ရမှ သမဂ္ဂမဟုတ်ပါဘူး။ သမဂ္ဂစိတ်ဓါတ်ရှိရင် သမဂ္ဂရှိတာပါပဲ။ သမဂ္ဂဖွဲ့ခွင့်ဆိုတာ အလုပ်သမားထုရဲ့ အခြေခံရပိုင်ခွင့်တခုဖြစ်ပါတယ်။ ရပိုင်ခွင့်ဆိုတာ ဘယ်သူပေးပေး၊ မပေးပေး၊ ရယူရဲရင် ရတာပါပဲ။ ချီကာဂိုကို လှမ်းကြည့်လိုက်ပါ။

အခွင့်အရေးဆိုတာ တခါတလေ ကြိုးစင်နဲ့လဲယူခဲ့ရတယ်ဆိုတာ သမိုင်းကပေးတဲ့ ဖတ်စာပါပဲ။

7 comments:

varun said...

i love your blog

Website Designing in Delhi NCR

SMO services in Delhi

SEO Services in Delhi

PPC services in Delhi

digimohit said...

SEO Services in Delhi

Join hands and grow in the world of Digital Marketing with the best SEO Services in Delhi. We assure our clients to grow their sales by more than 50% at Digi Hub House. Our SEO Services in Delhi are carried out by the best technical as well as creative staff.

see more: https://digihubhouse.com/seo-services-in-delhi/

#seoservicesnearme #seoagency

Digitalservies said...

i loved your blog
Digital Marketing Agency
Website Designing in Delhi NCR
SEO Services in Delhi NCR
SMO Services in Delhi NCR

Digitalservies said...

it is amazing
PPC Agency in Delhi NCR

krishi varun said...

i like your blog
krishi awards
oilseed production

youthdestination said...

i love your bloge and It's very help full for me

ias cooaching

Canon Tr4551 printer Not Printing said...

Thanks for sharing this udeful inform,ation
canon tr8660 setup printer Error