Monday, May 2, 2011

သမိုင်းဝင်မေဒေးနှင့် ငြိမ်းချမ်းရေး

ညွှန်းဆက်

“ကိုယ့်ဖို့၊ ကိုယ့်အတွက်ချည်းသာ လုပ်မယ်ဆိုရင် လူဟာ တိရိ စ္ဆာန်နဲ့ ဘယ်မှာ ခြားနား တော့မှာလဲ”
ဗီဇဂုတ္တ (စိတ္တရလေခါ - ဆရာပါရဂူ ဘာသာပြန်)

အခင်းအကျင်းနှင့် ကမ္ဘာ့အဖြစ်သနစ် အသစ်များ

မေ ရောက်တော့မည်။ နွေသည် မင်းလွင်မြူခိုးများဖြင့် အတိပြီးလျက်။ သည်ကြားထဲ ချိန်ခါမဲ့ မိုးသားတိမ်လိပ်တို့က မကြာမကြာ မင်းမူနေတတ်သည်။ နွေသည် သူ့ကိုယ်သူ နွေမှ ဟုတ်ပါလေစ။ အခါ သင်္ကြန်မတိုင်မီ မိုးကြီးတမ ရွာချခဲ့သည်။ ပိတောက်တွေ ပွင့်လေမလား။ သင်္ကြန်လက်ဆေးမိုးကလည်း အငြိုးတကြီး ရွာသွန်းတတ်ပါသလား။ ပိတောက်တွေ မပွင့်ခဲ့ပါ။

၈.၉ စကေး ပြင်းအားရှိသော ငလျင်ကြီး လှုပ်ခဲ့သည်။ ငလျင်ဗဟိုက မြို့တော် တိုကျိုနှင့် နီးသည်။ ဆူနာမီ ရေလှိုင်းများ ပစိဖိတ် သမုဒ္ဒရာကမ်းခြေ ဂျပန်မြေပေါ်ကို အားကောင်း မောင်းသန် တက်လာ ရိုက်ခတ်ဖျက်ဆီးသွားသည်။ ဒါတင် မကျေနပ်နိုင်သေး နြူကလီးယား ဓါတ်ပေါင်းဖိုများ ဆက်တိုက် ပေါက်ကွဲခဲ့သည်။ ထိုနြူကလီးယားဓါတ်ပေါင်းဖို စက်ရုံများသည် ဂျပန်အမျိုးသား အကျိုးစီးပွား၏ မောင်းနှင်အားတွေလား။ ဒါမှမဟုတ် လူတစု၏ အတ္တလွန် အကျိုးစီးပွား ဇာတ်ကောင်တွေလား။ ငလျင်ဒဏ်ခံ ဂျပန်ပြည်သူတွေ အဖို့ကတော့ ကံဆိုးမသွားရာ မိုးကြီးတမ မစဲအောင် လိုက်လို့သာ ရွာနေတော့သည်။

တူနီးရှား၊ အီဂျစ်၊ လစ်ဗျား၊ အိုင်ဗရီကို့စ် နိုင်များမှ အဖိနှိပ်ခံ ပြည်သူများ၏ လွတ်မြောက်ရေး တိုက်ပွဲသတင်းများဖြင့် မီဒီယာသည် လှုပ်ခတ်ရေပန်းစားခဲ့ပြန်သည်။ လွတ်မြောက် အောင်မြင် သွားသည့် နိုင်ငံနှင့် ပြည်သူတွေလည်း ရှိလာခဲ့သည်။ အောင်မြင်သွားသည့် တိုက်ပွဲများကို ဝေဖန်စမ်းစစ်ကာ တချို့က မစားရ ၀ခမန်း၊ တချို့ မချင့်မရဲ၊ အချို့က ခပ်မဆိတ် … ။

သမိုင်း နောက်ခံကားများ၊ အဖေ့စကားနှင့် မာသာထရီဇာ

မြစ်တမြစ်မှာ နှစ်ခါ ရေချိုးရမည်ဆိုလျင် ၁၉၆၂ ခုနှစ်က မြန်မာပြည် နန်းကျ ၀န်ကြီးချုပ် သည်လည်း ၈၈ အရေးတော်ပုံကြီးမှာ ၀န်ကြီးချုပ် တဖန်ပြန်ဖြစ်ခွင့်ရှိပါသည်။ သူ့ကိုယုံကာ သူဦးဆောင်ခဲ့သည့် လက်နက်ကိုင်တော်လှန်ရေးအပေါ် တဘ၀လုံး ပုံအပ်ခဲ့ကြသည့် ရဲဘော်များ၏ ဘ၀ထိုထိုသည်လည်း ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား နယ်စပ်တကြောတွင် အမိမဲ့သား ရေနည်းငါး အသွင် ဘ၀ပျက်ခဲ့ကြမည် မဟုတ်ပေ။ “သက်ဆုံးတိုင် ၀န်ကြီးချုပ်” အဖြစ် ကြွေးကြော် ထားသူအား အကျယ်ချုပ်မှ ပြန်လွှတ်ပေးလိုက်သည်မှာလည်း အာဏာ၏ သရော်ချက်လေလား။

လူသည် အိမ်မွေး တိရိစ္ဆာန်မဟုတ်။ ကြောင်ကလေးကို ဂျွမ်းထိုးခိုင်းသည်။ မထိုးရင် ရိုက်သည်။ ခွေးကလေး တကောင် မွေးထားသည်။ လူစိမ်းလာလို့ မဟောင်လျင် ရိုက်သည်။ ကြက် ကလေးတွေ၊ ဘဲကလေးတွေ၊ ၀က်ကလေးတွေ မွေးထားသည်။ ဂရုတစိုက် အစာကြွေးသည်။ စိတ်ထဲကလည်း မြန်မြန် အကောင်ကြီးထွားစေချင်သည်။ နိဗ္ဗာန်ရောက်ကြောင်း တရားအတွက် ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့်ပို့မည်။ မ ဥ တော့သည့် ကြက်မ တကောင်ကို ရိုက်သတ်ကာ ဆီပြန်ချက်လိုက်သည်။ “ အဟံ ဘန္တေ … တိသရဏေန သဟ … ပဉ္စသီလံ” … ။ ရောင်းသူ သတ်သည်ဆိုလျင် ၀ယ်သူလည်း သတ်တာပါပဲ …။

ဖဆပလ၏ ဘုန်းမီးနေလ တောက်ချိန်လို့ သွေးနထင် ရောက်ခဲ့ကြသည်။ ကျင့်ဝတ်ပျက်ပြားသော ၀န်ကြီးတဦး၏ အကျင့်ပျက် သတင်းပါလာသည်။ ဆိုရှယ်လစ် ခေါင်းဆောင် ဆိုသူများက လူအုပ်ဖြင့် သတင်းစာတိုက်များကို သွားရောက်ကာ အကြမ်းဖက် ဖျက်ဆီးကြသည်။ ထိုစဉ်က အာဏာရ ဆိုရှယ်လစ်ခေါင်းဆောင်တဦး၏ ခါးကြားထဲမှ ခြောက်လုံးပြူး သေနတ်သည် ယနေ့ ဗမာပြည် အာဏာ ယာဇ်ပုလ္လင်တွင် မင်းမူနေဆဲ။ လူသာပြောင်းသွားသည်။ သေနတ်ကား မပြောင်း။ ငြိမ်းချမ်းရေး ပန်းပွင့်သည် ထိုစစ်အာဏာရှင်၏ သေနတ်ပြောင်းဝတွင် အဆိပ်သင့်လျက်။

ဗမာပြည်၏ လမ်းမထိုထိုသည် လွတ်မြောက်ရေး တိုက်ပွဲများနှင့် ပြည့်နှက်နေသည်။ သေနတ်နှင့်ပစ်၊ စစ်ဖိနပ်ဖြင့် နင်းထားသူက ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုသူများကို ဆူပူ သောင်းကျန်းသူများဟု သမုတ်သည်။ ငြိမ်းချမ်းရေး၏ ရန်သူများဟု ၀ါဒဖြန့် ယိုးစွပ်သည်။ တိုင်းပြည် ငြိမ်သက် အေးချမ်းအောင် ပစ်ခတ်ချေမှုန်းရပါသည်ဟု သူတော်လိမ်စကားကို ဗြောင်ပြောသည်။ သမိုင်းသည် နိုင်သူ ထင်ရာပြောကြေးလော … ။

ငယ်ငယ်က “ဖက်ဖူးရောင်” ဆိုသည့် ရုပ်ရှင်ကားတကားကို ကြည့်ခဲ့ရဖူးသည်။ မင်းသားက ဇော်လင်းဖြစ်မည် ထင်သည်။ ထွန်းထွန်းဝင်းလည်း ပါဝင်သရုပ်ဆောင်သည် ထင်သည်။ အတိအကျ မမှတ်မိတော့။ မှတ်မိသည်မှာ ဖက်ဖူးရောင် နိမိတ်ပုံသည် ကျောင်းသား လူငယ်များ ကို ကိုယ်စားပြုခြင်းဖြစ်သည်။ ဖက်ဖူးရောင် ဆိုသည်ကား အရောင်ထဲတွင် အဖြူထက်ပင် နုမည် ထင်သည်။ စွန်းထင်းလွယ်သည်။ ရိုးသားသည်။ သို့သော် အညစ်အကြေးများ မပေကျံအောင် ဂရုတစိုက် ထိန်းသိမ်းနိုင်ကာမှ တော်ကာကျသည်။

ဖဆပလ၊ မဆလ၊ န၀တ၊ နအဖ ခေတ်များမှ ဖက်ဖူးရောင်များအဖို့ တချို့ အမည်း၊ တချို့ အပြာ၊ တချို့ ပန်းနု၊ တချို့ကား ကြေးအထပ်ထပ်၊ တချို့သည်ကား အနီ ….။

၂၀၁၁- ခုသည်ကား ထူးခြားစွာ ပွင့်ကျလာလေသည်။ ထူးပေမဲ့ မဆန်းတဲ့ အဖြစ်တွေ ဖြစ်သည်။ သိပ်မစောင့်လိုက်ရပါ။ လူသည် လူသာဖြစ်သည်။ သူ့ယုံကြည်မှုကို သူ့ဘ၀က ပြဌာန်းသည်။ သူ့ သတ္တိက သူ့အဘိဓမ္မာအပေါ် သစ္စာစောင့်သိသည်။ ကြော်ကြားလိုစိတ်၊ အတ္တလွန် ကိုယ်ကျိုး၊ စာနာစိတ်ကင်းမဲ့နေတဲ့ နှလုံးသား။ စားချင်လျက်နဲ့ စားခွင့်မရတဲ့အခါ ချဉ်သွားသော ချိုလျက် စပျစ်သီးများ။ သိပ်ကြာကြာ မစောင့်လိုက်ရပါ။

လူသည် လူသာဖြစ်သည်။ ခေါင်းဆောင်က ခေါင်းဆောင်ပင်။ တိုက်ပွဲများမရှိဘဲ ခေါင်းဆောင်သည် မမွေးဖွား။ သစ္စာဖေါက်သည် သူ့အတ္တ၊ သူ့သူရဲဘောကြောင်မှုအတွက် အကောင်းဆုံး သစ္စာဖေါက်ခွင့်ရမည့် အချိန်အခါကို ပိပိယိယိ စောင့်နေမည်သာဖြစ်သည်။ ဝေသာလီ ဂဏ ဒီမိုကရေစီနိုင်ငံတော်ကြီးကို ဖျက်ဆီးမည့် ဗိမ္မသာရ ဘုရင်၏ အမတ်ကြီး ၀သကာရမည်သော ၀ိညာဉ်သည် တရားမှုနှင့် မတရားမှုတိုက်ပွဲတွေ ရှိနေသရွေ့ သဏ္ဌာန်အမျိုးမျိုးပြောင်းကာ လူးလွန့်လှုပ်ရှားနေမည် ဖြစ်သည်။ ၀သကာရ၏ ဇာတ်သိမ်းကား သံဝေဂ ရစရာကောင်းအောင် လှသည်။ သူ့အလုပ် အောင်မြင်ခဲ့သော်လည်း သူ့ကိုယ်သူ ခွင့်မလွှတ်နိုင်တော့။ သူ့လိပ်ပြာ ထာဝရ အကျဉ်းကျခဲ့ပြီ …။ သူကား ရှင်လျက် သေသူ …။

ငယ်ဘ၀ အဖေပြောခဲ့သော ပညာပေး စကားများကို ပြန်လည် ကြားယောင်နေမိသည်။ တခွန်းသော စကားက “ခွေးကျိုးနှင့် ယုံလိုက်ရင် စားချင်မှန်း လူသိတယ်” တဲ့ ။ လူသိအောင် စားချင်နေတာ ခုခေတ်မှာ ပြဿနာ မဟုတ်တော့ပေ။ ခေတ်က အငတ်ဘေးဆိုက်နေတဲ့ ခေတ်ပေကိုး။ သို့သော် ကိုယ်မွေးထားသော ခွေးကျိုးကလေးကိုတော့ သားကောင်ကို မီအောင် မလိုက်နိုင်လို့ ရိုက်မသတ်သင့်ပေ။ နောက်စကား တခွန်းကတော့ “ရေခမ်းချောင်း ပက်စားတယ်” ဖြစ်သည်။ ရေနည်းငါးသည် အမိမဲ့သားပင်ဖြစ်သည်။ အမိမဲ့သားကိုမှ စားချင်သည့် အတ္တသည် ထူးခြားစွာ လူတွင် စနစ်တကျ တည်ရှိနေပါသလား။

မာသာထရီဇာသည် အနူအရွဲဖြစ်ကာ ဒုက္ခရောက် လူနာများကို သူ့လက်ဖြင့် ပွေ့ဖက် ကရုဏာသက်စေကာ ခွန်အားသစ်တွေကိုပေးခဲ့သည်။ အနူအရွဲ ကလေးငယ်များကို သူ့ရင်ခွင်ထဲ ထွေးပိုက်ပွေ့ဖက် ပြုစုစောင့်ရှောက်ခဲ့သည်။ ဥရောပတိုက် အယ်ဘေးနီးယန်းသူ ခရဇ်ယာန် ဘာသာဝင် မယ်သီလရှင် ဆရာကလေး မာသာထရီဇာသည် အိန္ဒိယပြည်၏ မျက်တွေ့ သူတော်စင် ( SAINT ) အစစ်ပင်ဖြစ်သည်။ သေကောင်ပေါင်းလဲ ဖြစ်နေသည့် အထီးကျန် ဝေဒနာသည် အဖွားအိုတဦး လမ်းမပေါ်လဲကျနေသည်။ ညသည် မိုးစက်တို့ဖြင့် သည်းသည်း ထန်ထန်။ မြေကြွက်ကြီးများက လဲကျနေသည့် အဖွားအို၏ ခြေတွေ၊ လက်တွေကို ကိုက်ဖြတ်စား သောက်နေသည်။ ဆရာလေး မာသာထရီဇာက အဖွားအိုကို ပွေ့ချီကာ နီးရာ ဆေးရုံကို အပြေး အလွှား သွားရောက်ပို့သည်။ ဆေးရုံက အဖွားအိုလူနာကို လက်မခံ။ မောင်းထုတ်သည်။ ထိုအခါ ဆရာလေး မာသာထရီဇာ ပြောလိုက်သည့် စကားကား …

“ ဒီမြို့ကြီးမှာ လူဖြစ်ရတာထက်စာရင် ခွေးဖြစ်ရတာက ကောင်းသေးတယ်”

မေဒေးနှင့် ငြိမ်းချမ်းရေး

မေသည် မိုးကို မျှော်နေသလား။ ဒါမှမဟုတ် မိုးကို ကျိန်စာတိုက်နေမလား။ မေသည် နွေ၏ သင်္ကေတ။ မိုးရောက်လာလျင် နွေမရှိတော့။ ထို့အတူ မေသည်လည်း နွေနောက်ကို ကောက်ကောက်ပါအောင် လိုက်ကာ ကွယ်ပျောက်ရပေဦးမည်။ ဒီနှစ် နွေသည် နွေပီသခဲ့ပါ သလား။ မေသည်ကော စိမ်းမြရွက်သစ်များဖြင့် ယိမ်းကကြည်နူး နိုင်မှာလား။ မိုးသား တိမ်လိပ်တွေက နွေနှင့် မေကို အချိန်အခါမဟုတ် ကျီစယ် မောင်းထုတ်နေသလိုလို ….။

မောင်းထုတ်လို့မရ၊ မေ့ပျောက်လို့မရသည်ကား လူ့သမိုင်း၏ အရေးတော်ပုံကြီးတွေပင် ဖြစ်သည်။ ၁၈၈၆- ခု မေလ (၁) ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၏ မြို့ကြီး၊ ပြကြီးများတွင် အရေးတော်ပုံကြီး တခုဖြစ်ခဲ့သည်။ အမေရိကန် အလုပ်သမားထုကြီး၏ အထွေထွေ သပိတ်တိုက်ပွဲ ကြီး ဖြစ်သည်။ လှုပ်ရှားမှုအားလုံး၏ တိုက်ပွဲဗဟိုကား အီလီနွိုက်ပြည်နယ်၊ ချီကာကိုမြို့ … သူတို့ တောင်းဆိုခဲ့သည်ကား အလုပ်သမားများအတွက် တနေ့ကို အလုပ်လုပ်ချိန် (၈) နာရီသတ်မှတ် ပေးရေးပင်ဖြစ်သည်။

ပြုမြဲအတိုင်း ရဲက သေနတ်၊ ဗုံးများဖြင့် အကြမ်းဖက် ဖိနှိပ်ချေမှုန်းသည်။ ငြိမ်းချမ်းစွာ ဆန္ဒပြနေသော အလုပ်သမားထု သွေမြေကျ ကျဆုံးခဲ့ရသည်။ သမိုင်းတွင် ထိုနေ့ ထိုနေရာအား နှစ်ပေါင်း ရာကျော်တိုင်ခဲ့သော်လည်း တကမ္ဘာလုံးက မမေ့နိုင်ကြ။ “အပြည်ပြည်ဆိုင်ရာ အလုပ်သမားများနေ့” ၊ “မေဒေး” ၊ “( ၈ ) နာရီ အလုပ်သမားတိုက်ပွဲနေ့” စသည်ဖြင့် အမည်တွင်ခဲ့ သည်။ ရဲများ အကြမ်းဖက်ခဲ့သော ဟေးမတ်ကက် စကွဲယား (Haymarket Square) ကို မဏ္ဍိုင် ပြုလို့ ဟေးမတ်ကက် စကွဲယား လူအစုအပြုံသတ်ဖြစ်မှု၊ ဟေးမတ်ကက် စကွဲယား အာဇာနည်များ စသည်ဖြင့် သမိုင်းတွင်ခဲ့ပြန်ပါသည်။ အလုပ်သမားများ၏ တိုက်ပွဲသည် အောင်ပွဲဖြင့် အဆုံးသတ်ခဲ့ သည်။ ယနေ့ ကမ္ဘာ့နိုင်ငံများတွင် အလုပ်သမားများ၏ တနေ့ တရားဝင် အလုပ်လုပ်ချိန်မှာ ၈- နာရီ ဖြစ်သည်။ ထို ၈- နာရီအတွက် အသက်တွေ၊ သွေးတွေနှင့်ရင်းနှီးကာ တိုက်ပွဲဝင်ခဲ့ရသည်။ တရားမျှတသော အခွင့်အရေးသည် တိုက်ပွဲမရှိဘဲ မရရှိနိုင်။ ထို့အတူ ငြိမ်းချမ်းရေးသည်လည်း တိုက်ပွဲမရှိဘဲ ဖူးနိုင်မည်၊ ပွင့်နိုင်မည်လော … သမိုင်းဝင် မေဒေး တိုက်ပွဲကြီး၏ လက်တွေ့ သင်ကြားချက်သည် ယနေ့ ကျနော်တို့ကို စိမ်ခေါ် မေးခွန်းထုတ်နေပါတော့သည်။

ညွှန်းဆက်
၂၀၊ ၀၄၊ ၂၀၁၁။

စာကိုး။ ။ စိတ္တရလေခါ= ဆရာပါရဂူ ဘာသာပြန် ၀တ္ထု
သုခမြို့တော်= ဆရာမြသန်းတင့် ဘာသာပြန် ၀တ္ထု

0 comments: