Monday, May 2, 2011

ထားရစ်သူနဲ့ ကျန်ခဲ့သူ

ပီကေယူ

အခုတော့
ပစ်ပစ်ခါခါ ထားရစ်ခဲ့သမျှ
ပြန်ယူဖို့ကြိုးစားခဲ့တဲ့
နွေဦးရာသီဟာ ……..
အရင်တုန်းကလို
အနီရောင်ရွှမ်းတဲ့
စိန်ပန်းနဲ့လက်ပံပွင့်တွေ
အသေအချာ ပွင့်နေအုံးမှာပါ။

တကယ်တော့ အရှိတရားက
ပကတိခြားထားသလို
အလှတရားကို မခံစားနိုင်ရှာတဲ့
သွေးရင်းဆွေချာတွေရှိတယ်။

အဲဒီအရပ်က …
ကျနော့်လက်ဦးဆရာ
ကွမ်းတ၀ါးဝါး ညိုပြာရောင်အသားနဲ့
ဖော်ရွေ စကားဆိုတတ်သူ….

သူ… ရိုးလွန်းလို့ “အ”
အဲဒီလိုမျိုး အထအနကောက်
အရပ်က စိတ်ပေါက်ပြီး အပြောခံရတဲ့သူ….

သူ….. အမှန်တရားနဲ့ ရိုးသားခြင်းကိုပဲ စားသုံး
ကိုယ်လုံးသေးသလောက်
အသဲသိပ်မာတဲ့ စစ်သားအိုကြီးတယောက်
သူ့မှာ … ပိုင်ဆိုင်တာဆိုလို့
(၂၂)နှစ် ကျော်ကြာ တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း
မသေလို့ရခဲ့….
ဘယ်တုန်းကမှ အသုံးမတည့်တဲ့ ဆုတံဆိပ်တွေ။

နေစရာဆိုလို့
သမီးကြီးအိမ်တလှည့်ရောက်
ဟို … အမျိုးအိမ်တလှည့်ရောက်
ပြီးတော့ …..
ပြဲပေါက်နေတဲ့ ဖိနပ်တရံ
သူ့တပည့်တယောက် သဘောပေါက်ပြီး
ကန်တော့သွားခဲ့တဲ့ ဦးထုပ်တလုံးနဲ့
ပြုံးပြီး ခေါင်းချသွားခဲ့သတဲ့……
ကျနော် မယုံနိုင်ခဲ့ဘူး အဖေ ….

မနှစ်က နွေဦးပေါက်မှာ
ကျနော့်ထံ စွန့်စွန့်စားစား ရောက်လာတဲ့
အစ်မရဲ့ သတင်းစကား
လုံးစေ့ပတ်စေ့ မကြားနိုင်ခဲ့
ရှင်ကွဲ စခွဲခဲ့တဲ့ သားဆိုးအတွက်
အသေထွက် ထွက်ရှာတာလား အဖေ။

ပဲခူးနဲ့ပုဂံ
အလှမ်းဝေးတယ်ထင်ပါရဲ့
မိုးများတဲ့အရပ် လယ်ကွက်ကြားက
ကောက်စိုက်သမ အမေ
အဖေ့မေတ္တာတရားနောက်
ကောက်ကောက်ပါရင်း...

ဖုန်းဆိုးမြေထဲ ပျော်ဝင်
လင်ကို အရှင်လို့ သဘောပိုက်
နှိုက်နှိုက်ချွတ်ချွတ် မတွေးတတ်ပေမယ့်
အဖေခေါင်းချခဲ့တဲ့အရပ်မှာ
ဘာကို မျှော်လင့်ပြီး အသက်ရှင်နေတာလည်း အမေ ….. ။

ပီကေယူ
April 19, 2011

0 comments: