Monday, May 2, 2011

ဓာတ်ပုံတောင် မရိုက်လိုက်ရဘူး

မောင်လွမ်းဏီ

မနက် ၆ နာရီ တန်းလျားက ထွက်လာစဉ်က မိုးက ရွာမလိုလို၊ အုံ့ အုံ့ မှိုင်းမှိုင်း။

ခု ၈ နာရီကျော်ကျော် ရှိသေးတယ်၊ ပန်းပဲဖိုပေါ် တက်ရပ်နေရသလို ပူလိုက်တဲ့နေ။

ဘိလပ်မြေဖျော်စက်ကားတွေပေါ်က တဂျုံးဂျုံး ထစ်ချုံး လည်ပတ်အော်မြည်နေသံ တွေကြောင့် လုပ်ငန်းခွင်ကြီးကြပ်နေတဲ့ အလုပ်ကြပ်တွေရဲ့  အော်သံ ငေါက်သံတွေကို မကြားနိုင်ပေမဲ့ အုတ်စီ အချောကိုင် အခြေခံ ပန်းရံဆရာအဆင့်ရှိသူတိုင်း နားရည်ဝ နေပုံရတဲ့အတိုင်း ကိုယ့်အုတ်ရိုးအုတ်လွှာကိုပဲ သံလျက်နှင့် တဆစ်ချင်း တလွှာချင်း အုတ် သားတက်နေပုံက အထာမသိရင် ဆရာနဲ့ ငြိမယ်ဆိုတဲ့ သဘောကို ကျုပ် အထာညက်ပြီး သား။ အံခွရုံမက အံကျိုးနေအောင် ဒီပန်းရံလောကထဲမှာ ကျင်လည်လာခဲ့တဲ့ နှစ်တွေကို လက်ချိုးမရေတွက်ချင်ကြသူတွေ ပေါများတဲ့ လုပ်ငန်းနယ်ပယ်အဖြစ် ကျုပ် သဘောပိုက် ထားခဲ့တာကြာပြီ။

အလုပ်ဆိုဒ်ထဲမှာ ကျုပ်ကို ကျုပ်ဆရာ ခေါ်သလိုပဲ အားလုံးက မြောင်းမြလို့ ခေါ် ကြတယ်။ ကျုပ်က မြစ်ဝကျွန်းပေါ် မြောင်းမြသား။ နံမည်ရင်းက ရန်မျိုးအောင်။ မဲဆောက်ကို နားစွန်နားဖျား အကြားနဲ့ စွန့် စားပြီးလာခဲ့တာ။ စားပွဲထိုး၊ ပဲရိတ်၊ ကောက် ရိတ်၊ ဆေးသုတ်၊ မြောင်းဖော်၊ သစ်ပင်လှဲ၊ တောင်ယာ စတဲ့ အလုပ်မျိုးစုံ လုပ်ခဲ့ပြီးမှ ဆရာ သမား ကျေးဇူးကြောင့် ခုလို သံလျက်ကိုင် အုတ်ချောစီ အဆင့်ရောက်လာခဲ့တာ။ နည်းတဲ့ နှစ်မှတ်လို့ ။

ဒီအလုပ်က ပင်ပန်းဆင်းရဲတဲ့ အလုပ် အမျိုးအစား။ နဖူးကချွေး ခြေမပေါ် ကျရုံမက ဘ၀တခုလုံးပေါ် ပြိုကျသက်ဆင်းတဲ့ အလုပ်လေ။ အနုပညာဆန်တဲ့ စိတ်ကူးစိတ်သန်း လေးတွေလည်း ၀ါသနာပါရမယ်။ အလင်းအမှောင်နဲ့  အထားအသိုကိုလည်း အကဲခတ် တတ်ရတယ်။ ကွန်ကရစ်လမ်းကလေး၊ ရေနှုတ်မြောင်းလေးကအစ အိမ်တဆောင်၊ တိုက် တလုံးမက ဂိုဒေါင်တလျားကနေ ကြယ်ငါးပွင့်ဟော်တယ်တွေအဆုံး ဆောက်လုပ်ရေး လုပ်ငန်းတွေထဲမှာ အခြေခံ အကျဆုံးက ပန်းရံလုပ်ငန်းမဟုတ်လား။ ဗိသုကာ ပညာရှင် ကွန့်မြူးထားတဲ့ ခေတ်မီအဆောက်အအုံတွေကို စနစ်တကျ အကောင်အထည် ဖော်ပေး ရတဲ့ ပန်းဆယ်ပွင့်ထဲက ပန်းတပွင့်လက်မှုလုပ်ငန်းတမျိုးလို့  ကျုပ်ဆရာက မကြာ မကြာ ခပ်ကြွားကြွားပြောတတ်တယ်။

ကျုပ်တို့ အဖွဲ့  ပန်းရံကိုင်နေကြတဲ့နေရာက မြေကျင်းတူးလုပ်ငန်းပြီးစီးလို့  သံချည် သံကွေးနဲ့  ပန်းရံလုပ်ငန်းတွေ စ လုပ်ကိုင်နေပြီဖြစ်တဲ့ ကုန်လှောင်ရုံ ဂိုဒေါင်ကြီးတွေ ဆောက်လုပ်နေတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်ကြီး။ မြန်မာပြည်သား ရွေ့ ပြောင်းအလုပ် သမား အများစု လုပ်ကိုင်စားသောက်နေကြတဲ့ ဆန်အိုး ထမင်းအိုး အလုပ်အကိုင်ကြီးတွေ ပေါ့။ နင်လားဟဲ့ လောကဓံ၊ ဘာလဲဟဲ့ မဲဆောက်၊ တယောက်ဝင် တယောက်ထွက် ဆက် ဆက်ထွက်ခွာလာ ဆိုတဲ့ သံသရာရထား။

မကျင်းတူး လုပ်ကြတုန်းကလည်း ဒီလူ ဒီမျက်နှာတွေချည်း။ ခုလို အကြီးစား ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေကပဲ အလုပ်ကို ဆင့်ပွား ဖန်တီးပေးနိုင်တာလေ။ မြေ ကျင်းတူးလုပ်ငန်းက အခြေခံ အကြမ်းထည်လုပ်ငန်းဆိုပေမဲ့ အုတ်သယ်၊ မဆလာသယ် သဲကျုံးလုပ်ငန်းကလည်း ခေါင်းနဲ့ ပန်းလို ထူးမခြားနားသီချင်းလို့ ပြောရမှာပေါ့။ ဒီအခြေခံ အဆင့်ကလည်း ပါးကွက်ကြားနဲ့ သက်ထားမေ၊ ရွက်ထားလေ အုတ်တရိုးလို့ စာချိုးရတဲ့ ဘ၀တေးသံတွေပါပဲ။ တထပ်တိုက်၊ နှစ်ထပ်တိုက်လောက် ဆောက်ရမဲ့ ပန်းရံအဖွဲ့ တွေမှာ အနည်းဆုံး အုတ်စီ ကွန်ကရစ်ချောဆရာ ၅ ယောက်နဲ့  အကူလို့ ခေါ်ကြတဲ့ အကြမ်းသမား ၅ ယောက် လိုအပ်တယ်လေ။ ကြီးကြပ်သူ ၂ ယောက်ကလည်း အကြမ်းအလုပ်သမ ၂ ဦး တော့ လိုအပ်တာပဲ။ ဆိုတော့ကာ တိုက်တလုံးအတွက် လုပ်ငန်းဆောင်ရွက်ချိန် ၃ လ ကြာမြင့်နိုင်တယ်ဆိုတော့ ဒါကို ထိုင်းလုပ်ငန်းရှင်ကံထရိုက်တွေက ချိန်ဆတွက်ချက်ပြီး လုပ်ခကို ပေးချေတယ် ပြောရမှာပါပဲ။

များသောအားဖြင့်တော့ အုတ်စီ ကွန်ကရစ်ချော အခြေခံဆရာအဆင့်သတ်မှတ် သူ တဦးရဲ့ တနေ့ လုပ်ခက ၁၇၀ ဘတ်။ အကြမ်းထည်သမားတွေ ဖြစ်တဲ့ ယောက်ျားလေး ဖြစ်ဖြစ်၊ မိန်းခလေးဖြစ်ဖြစ် သူတို့ လေးတွေကတော့ ၁၁၀ ၊ ၁၂၀ သာရကြတာ။ ကျုပ် စ လုပ်တုန်းက ၉၀ နဲ့ စလုပ်ခဲ့ရတာ။ ပန်းရံလုပ်ငန်းနဲ့  တဆက်တစပ်တည်း တည်မှီနေတဲ့ သံချည်သံကွေးအလုပ်ကို ပန်းရံသမားတိုင်း တတ်မြောက်ကျွမ်းကျင်ထားကြရတယ်။ တိုက် တလုံး ဆောက်တော့မယ်ဆိုရင် သံချည်သံကွေး လုပ်ငန်းကို ပန်းရံဆရာအဖွဲ့ တွေကပဲ ကံထရိုက် ပုတ်ပြတ်လုပ်ကြတာပေါ့။ တပိုင်တနိုင်လုပ်ငန်းလို့  ပန်းရံလောကသားတွေက ခိုင်းနှိုင်းပြောဆိုကြတယ်။ အကြီးစားလုပ်ငန်းကြီးတွေမှာတော့ သံချည်သံကွေးလုပ်ငန်းကို သီခြား ကံထရိုက်ပုတ်ပြတ်ဈေး၊ ပုတ်ပြတ်ကြေးနဲ့  တင်ဒါ ခေါ်ယူ လုပ်ကိုင်စေတာပါ။ ကျုပ် သံချည်သံကွေး သင်ကာစကများ သံချောင်းလုံးတောင် မဖြတ်နိုင်လို့  ခန ခန ဖြတ်ပြီးသား သံချောင်းတွေကို ထမ်းခဲ့ရတာအမော။

ပန်းရံလုပ်ငန်းရဲ့  အစပျိုး အလုပ်က မြေကျင်းတူးပြီးတဲ့ အခင်းအကျင်းကနေ သံ ချည်သံကွေး အထိုင်ချခြင်းနဲ့ သံကူကွန်ကရစ်တိုင် ထောင်ခြင်းလုပ်ငန်းလို့  ကျုပ်ဆရာက သင်ပြော ပြောပြခဲ့တယ်။ ၁၀ လက်မ x ၁ လက်မ အထူ သစ်ကြမ်းပြားတွေ၊ ဒါမှမဟုတ် ၈ လက်မ x ၁ လက် မ အထူ သစ်ကြမ်းတွေနဲ့ ဘေရိုက်တဲ့ လုပ်ငန်းအဆင့်ပေါ့။ ဘေရိုက် ပုံသွင်းထားတဲ့ ဇလားမြောင်းခွက်တွေထဲကို ဘိလပ်မြေအသားချည်း လောင်းးထည့်၊ တညအိပ် သိပ်ပြီးမှ နောက်ရက်မှာ အုတ်စီအလွှာတက်ရတော။ ဒီပန်းရံလုပ်ငန်းအဆင့်နဲ့  တပြိုင်နက်တည်း ဆောင်ရွက်ကြတဲ့ လုပ်ငန်းကတော့ အမိုး ပြားအတွက် ဒိုင်းမြားသံဂဟေ ဆော်လုပ်ငန်းပါ။ အမိုးထက်ပေါ်က မီးပွားတွေ တဖွားဖွားနဲ့  သံဂဟေ ဆော်နေသံတွေနဲ့  အောက်က အုတ်နံရံတွေ တလွှာချင်းတက်နေတဲ့ အလုပ်ခွင်က နားဝင်ပီယံအသံတွေဟာ စည်းနဲ့ ဝါးအလား ဒိုရေမီဖာ လို့ ပြောနိုင်တာပေါ့။

အိုး ပြဿနာက ရှိမှရှိ၊ ဖြစ်မှဖြစ်။ ကွမ်းတယာနဲ့ လည်း ဖြစ်တယ်။ အုတ်တခဲ ကြောင့်လည်း ဖြစ်တယ်။ ထမင်းတလုပ် ဒါမှမဟုတ် ရေတမှုတ်အတွက်နဲ့ လည်း ဖြစ် တယ်။ တခါကဆို နေပူလွန်းလို့  အုတ်ပုံပေါ်က ဦးထုပ်တလုံးကို တယောက်က အလွယ် ကောက်စောင်းတယ်။ ဦးထုပ်ပိုင်ရှင်က ဘာမပြော ညာမပြော အုတ်ခဲနဲ့ ခေါင်းကို ထုပစ် လိုက်တယ်။ ညနေ အလုပ်သိမ်းချိန် တန်းလျားထိပ်က အရက်ဆိုင်မှာလည်း နေ့ လည်နေ့  ခင်းက စကားအကျအနနဲ့  ကွိုင်ဆက်တက်ကြတယ်။ ဘာမှမထူးဆန်းဘူး။ မြန်မာပြည် သားအကျင့်ကွလို့ တောင် ဆရာလုပ်သူက မှတ်ချက်ချတဲ့အထိ။ ရှက်စရာလား သိက္ခာကျ စရာလား ဘာမှကို မစဉ်းစားတာ။ လူတွေပဲလေ။ လောဘ၊ မောဟ၊ သောက နဲ့  ဒေါသ တွေ ရှိကြမှာပေါ့။ စားဝတ်နေရေး ဆင်းရဲ ကြပ်တည်းမှုက တွန်းပေးသလို ဖြစ်နေတာ ပေါ့ဗျာ။

ပန်းရံလုပ်ငန်းရဲ့  ကြီးမားတဲ့ပြဿနာကတော့ အထက်အောက်ပြဿနာပဲ။ လူ ဟောင်းက လူသစ်ကို အနိုင်ကျင့်သလို၊ ပညာသည်ချင်းတူတူ လူရင့်က လူနုကို ဗိုလ်ကျတာပဲ။ ထိုင်းကံထရိုက် သဘောခွေ့ တဲ့လူက မြန်မာအချင်းချင်းဖြစ်ပါစေ၊ တဆိုဒ်ထဲ သံလျက် ၂ လက် မရှိရဆိုတဲ့ ထုံးဓလေ့က မုန်းမေ့ပါဘူးလို့ ပဲ ပြောရလေမလားပေါ့။ ဒီလုပ်ငန်းနယ်ပယ်ခွင်မှာက ပညာချင်း၊ လုပ်သက်ချင်း၊ ဒေသစွဲချင်း၊ အုပ်စုချင်း၊ ပန်းရံ မလေးနဲ့  အကြည်စိုက်ခြင်း၊ ထိုင်းကံထရိုက်ရဲ့  ချီးမြှောက်ခြင်း စတဲ့ ကြိုးဝိုင်အတွင်းအပြင် ပွဲတွေ၊ လေးတော်တင်ခန်းတွေက များမြောင်လှတာနဲ့ အညီ စီးချင်းထိုးပွဲတွေကလည်း ရိုးတယ်ကိုမရှိဘူး။ ဒီပွဲကွဲပေမဲ့ နောက်ပွဲမှာလည်း လက်တွဲနေကြရတာ ကျုပ်တို့  ပန်းရံ လောကမှာ မျက်နှာပြောင်တိုက်ကြရတာပဲလို့ ပြောရင်ရတာပေါ့ ကိုယ့်ဆရာ။

နေအုန်း။ ရွာနားးမြက် ရွာနွားမစားဆိုတဲ့ စကားပုံကို ကျုပ်က ကြိုက်တယ်။ ဒါကြောင့် ထင်တာပဲ ကိုယ်နဲ့  တူတူလုပ်တဲ့ ကောင်မလေးတွေကို စိတ်ကိုမ၀င်စားဘူး။ လုပ်ဖော်ကိုင်ဖက်လည်းဖြစ်၊ ဘ၀တူချင်းတွေလည်းဖြစ်၊ မောင်နှမတွေလိုလည်း ဖြစ်နေကြ တာကိုး။ ရေလာမြောင်းပေးလုပ်တဲ့ ကောင်မလေးတွေလည်း ရှိတော့ရှိပါတယ်။ ညားကြတဲ့ အတွဲတွေလည်း ရှိတယ်။ ကျုပ် ရည်ရွယ်ချက်တွေ မပြည့်မချင်း မိန်းမမယူသေးဘူးလို့  အောက်မေ့တာပဲ။ ဘယ့်နှယ်ဗျာ၊ မရှိဘယ်နေမလဲ။ ကြိုက်တဲ့ကောင်မလေးရှိတယ်။ သူက ကျုပ်တို့ နေတဲ့ တန်းလျားနားမှာ ကွမ်းယာရောင်းတယ်။ သူ့ အဖေက ကျုပ်တို့ လို ပန်းရံ ဆရာပဲ။ အမေ မရှိဘူး။ ကျုပ် စာ ၃ စောင် ပေးပြီးမှ သူက ခေါင်းငြိမ့်တာ။ သူ့ အဖေကြီးက ရိပ်မိတာပေါ့။ ဘာမှတော့ ကျုပ်ကို မပြောဘူး။ မသိဟန်ဆောင်တယ်။ ခပ်ရိုးရိုး လူကြီးပါ။ ကျုပ် အကြီးမားဆုံး ရည်ရွယ်ချက်က ဘန်ကောက် ဒါမှမဟုတ် မဟာချိုင်လို အရပ်မှာ သွားပြီး အလုပ်လုပ်ချင်တယ်။ ဘန်ကောက်က မိုးမျှော်တိုက်တွေ ဆောက်တဲ့ အလုပ်မျိုးမှာ လုပ်ချင်တယ်။ အသားကျရင် ကောင်မလေးကို ပြန်ခေါ်တင်မယ်။ စိတ်ကူးတာ ၅ နှစ်တောင် ကျော်လာခဲ့ပြီ။ ဒီပန်းရံဆိုဒ်ကကို ထွက်ရတယ်မရှိဘူး။

ဘ၀မှာ ကြေကွဲစရာတွေကတော့ အများကြီး ကြုံဖူးတာပေါ့ဗျာ။ မိဘမောင်နှမတွေ နဲ့  ခွဲပြီး အနေကြာလာမှ လွမ်းရမှန်းသိတာတို့ ။ မြို့ ကို ပြန်အမှတ်ရတာာတို့ ။ ပင်ပင် ပန်းပန်း ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရတာတို့ ။ ထမင်းငတ်ခဲ့တဲ့ မဲဆောက်နေ့ ရက်တွေလည်း ပါတာပေါ့။ အကြေကွဲဆုံးကတော့ ကျုပ်သူငယ်ချင်း ကုလားပု သေတုန်းကပေါ့။ ကုလားပု နံမည်က ထူးထူးဆန်းဆန်းပဲ ကျောက်တိုင်တဲ့။ သူက အရပ်ပုတယ်။ အသားမဲတယ်။ အလုပ်ဆိုဒ်ထဲမှာ ဘယ်သူက စခေါ်တယ် မသိပါဘူး။ မောင်ကျောက်တိုင်ပျောက်ပြီး ကုလားပု ဖြစ်ခဲ့တာပဲ။ သူက မော်လမြိုင်နယ်သား။ မွန်စပ်ပုံရတယ်။ စကားနည်းနည်း ၀ဲတယ်။ အလုပ်ထဲမှာတွေ့ တဲ့၊ သူငယ်ချင်းဖြစ်လာတဲ့သူ။ ပြီးတော့ တန်းလျားခန်းလေးကို သူနဲ့  ၂ယောက်စပ်ငှါးနေခဲ့ကြတာ။ ကြီးပေါင်းဆိုပေမဲ့ သူငယ်ချင်းကောင်းတယောက်ပါ။ ဘာကိစ္စဖြစ်ဖြစ်၊ ဘာစားစား၊ ဘာသောက်သောက် သူက အနာခံတယ်။ ထမင်းချက် ရေခတ်လည်း သူပဲ ဒိုင်ခံလုပ်တာ။ သူက ပညာတော့ နည်းတယ်။ ကျုပ်က ၇ တန်း လောက် နေဖူးတော့ သူက ကျုပ်ကို ဦးစားပေးတယ်ပေါ့။

တနေ့ ဗျာ။ ၃ ထပ်တိုက်သစ်တလုံးပေါ်မှာ သူက တခြား ၂ ယောက်နဲ့  အမိုး သံဒိုင်း တွေ ဂဟေစော်နေတာ။ ကျုပ်တို့ က နံရံအုတ်ရိုးစီနေတယ် ဆိုပါတော့။ နေကလည်း ပူ သလားမမေးနဲ့ ။ လွင်တီးခေါင်ကြီးထဲမှာ။ ထမင်းစားပြီး နေ့ လည် အလုပ်ပြန်ဆင်းချိန်ပေါ့။ ကျုပ်ဆရာက ကံထရိုက်နဲ့ လိုက်သွားတယ်။ နောက် အလုပ်လက်ခံဖို့ ဆိုလားပဲ။ အုတ် သယ်တဲ့ ကောင်မလေး ၃ ယောက်က ဆရာမရှိတော့ နားနားနေနေ အုတ်သယ်နေကြ တယ်။ ရုတ်တရက် အုန်းဆိုတဲ့ အသံကြီးထွက်လာပြီး အုတ်ကျွတ်အမိုးပုံပေါ် လူပြုတ်ကျ လာတယ်။ အပေါ်က ကောင်တွေက ဟေ့ကောင်တွေ လုပ်ကြပါအုန်းဟ၊ ကုလားပု ပြုတ်ကျသွားတယ်။ ကျုပ်တို့ အောက် ပန်းရံဆိုဒ်ကလူတွေ ပြေးပွေ့ တော့ ကုလားပု ပါးစပ်က ဘာစကားသံမှ ထွက်မလာတော့ဘူး။ သွေးတွေပဲ ထွက်နေတယ်။ ခနပါပဲ။ သေရော။ ပန်းရံဆရာ တယောက်က သူ့ လက်ကိုင်ဖုန်းနဲ့  ကျုပ်တို့  အလုပ်ကြပ်ဆရာဆီ ဖုန်းဆက် အကြောင်းကြား။ တအောင့်နေတော့ ဆရာနဲ့ ကံထရိုက်ရောက်လာတယ်။ အလုပ်က ကားနဲ့ ပဲ ကုလားပုကို ဆေးရုံပို့ ကြတယ်။ သေတာကတော့ သေနေပြီ။

ကျုပ် တလကျော် ၂ လနီးပါး မျက်စေ့ထဲက ကုလားပုပုံရိပ်က မထွက်ဘူး။ တော်တော်ကို စိတ်ထိခိုက် ကြေကွဲရတာဗျာ။ သူနဲ့  အတူနေခဲ့တဲ့ တန်းလျားခန်းလေး က နေလည်း ဘယ်မှ မပြောင်းဘူး။ ခုထိနေနေတုန်းပဲ။ ကံထရိုက်က အသုဘစရိတ် တ၀က် လောက် ကူပေးပါတယ်။ လျှော်ကြေးတွေ ဘာတွေတော့ မရပါဘူး။ မဲဆောက်မှာ ရောက် နေတဲ့ မော်လမြိုင်နယ်က လူတွေကို ကုလားပုရွာ။ ကုလားပု ဆွေမျိုးမိဘတွေကို အကြောင်းကြားချင်လို့ မေးမြန်းစုံစမ်းတော့ ဘယ်သူမှ တိတိကျကျ မပြောနိုင်ကြဘူး။ သူ့  အလောင်းကို ဓာတ်ပုံတောင် မရိုက်လိုက်ရပါဘူး။ အဲဒီတုန်းက အလုပ်သမားအဖွဲ့  အစည်းတွေ ရှိတယ်လို့  မကြားဖူးဘူး။ ရှိခဲ့ရင်လည်း မပြောတတ်ဘူးလေ။ မေဒေးနေ့ တွေ ဘာတွေတော့ မေ့နေပြီ။

မောင်လွမ်းဏီ
၁၉ - ၄ -၂၀၁၁

1 comments:

myokyawaung said...

ကြေကွဲစရာဇတ်လမ်းလေးပဲ.........