Monday, September 14, 2009

ဦးဝင်းတင်ဆောင်းပါးတွင် ဒေါ်အောင်ဆန်းစုကြည်သဘောထား ထင်ဟပ်ဟုဆို

ဧရာဝတီ၊ စက်တင်ဘာလ ၁၄ ရက် ၂၀၀၉

ဦးဝင်းတင် ရေးသားခဲ့၍ The Washington Post သတင်းစာတွင် ဖော်ပြခဲ့သော ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ဆောင်းပါးတွင် အကျဉ်းကျခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားများ ထင်ဟပ်နေကြောင်း လေ့လာသူ များက ဆိုသည်။

An ‘Election’ Burma’s People Don’t Need အမည်ရှိ ယင်းဆောင်းပါးတွင် ၂၀၁၀ ရွေးကောက် ပွဲဝင်ရန် တိုက်တွန်းခဲ့သည့် အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်၏ သဘောထားကို ပယ်ချခဲ့ပြီး စေ့စပ် ဆွေးနွေးရန် အသင့်ရှိကြောင်းနှင့် စစ်မှန်သော ဒီမိုကရေစီအတွက် ဆက်လက် တိုက်ပွဲဝင်သွားရန် ရှိကြောင်း ရေးသားထားသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဦးဝင်းတင်က “ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား ထင်ဟပ်တယ်ဆိုရင် သူလည်း ကျနော့်လို မှန်မှန်ကန်ကန်တွေးတဲ့သူ ဖြစ်လို့နေမှာပါ။ ဒါပေမယ့် သူနဲ့ မတွေ့တာ ကလည်း နှစ်ပေါင်း ၂၀ ကျော်ပြီ၊ အခုထိလည်း တခါမှ မတွေ့ရဘူး၊ ဒေါ်အောင်ဆန်းစုကြည် ဘယ်လို စဉ်းစားနေ လဲ ကျနော်မသိဘူး” ဟု ဧရာဝတီ သို့ ပြောသည်။

အဆိုပါ ဆောင်းပါးတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်များကို ကိုးကားအသုံးပြုထားသည့် အတွက်
ယင်းကဲ့သို့ ယူဆနိုင်စရာရှိကြောင်း၊ သူ၏ သဘာထားသည် NLD သဘောထား မဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“ကျနော် ပြောတာ နည်းနည်းလေးတော့ မာရင်မာလိမ့်မယ်၊ ဒါပေမယ့် NLD ရဲ့ မူနဲ့တော့ မဆန့်ကျင်ဘူး၊ သို့သော် တသံတည်းတော့ ဖြစ်ချင်မှ ဖြစ်မယ်” ဟု ဦးဝင်းတင်က ပြောသည်။

ဦးဝင်းတင်ကို အာဏာပိုင်များက စစ်ဆေးမေးမြန်းရန်အတွက် ရန်ကုန်မြို့ ကျောက်ကုန်းနေအိမ်မှ ၁၂ ရက်နေ့ နံနက်ပိုင်းက လာရောက်ခေါ်ဆောင်သွားပြီး ညနေပိုင်းတွင် ပြန်လည် လွှတ်ပေးလိုက်သည်။

အာဏာပိုင်များက The Washington Post သတင်းစာပါ ဆောင်းပါးနှင့် ပတ်သက်၍ ပြောဆိုခြင်း မရှိကြောင်း၊ ယင်းသို့ စစ်ဆေး မေးမြန်းမှုမှာ စစ်ကြောရေးတွင် ဖမ်းဆီး ရမိထားသူများ၏ ထွက်ဆိုချက်များကြောင့် ဖြစ်ကြောင်း၊ နိုင်ငံရပ်ခြား ငွေကြေး ထောက်ပံ့မှုများနှင့် ပတ်သက်သည့် အတွက်လည်းကောင်း၊ စက်တင်ဘာ လအတွင်း နိုင်ငံရပ်ခြားမှလာသော ဖမ်းဆီးရမိသူများနှင့် ပတ်သက်မှုရှိသည်ဟု ယူဆသဖြင့် လည်းကောင်း စစ်ဆေးမေးမြန်းခြင်း ဖြစ်ကြောင်း ဦးဝင်းတင်က ဆိုသည်။

ဝါရင့် နိုင်ငံရေး သမားတဦးဖြစ်သူ သခင်ချန်ထွန်းက “ဦးဝင်းတင် ဆောင်းပါးမှာ သူ့ အယူအဆကို ပွင့်ပွင့် လင်းလင်း ရေးထားပါတယ်၊ သူနဲ့ ဒေါ်အောင်ဆန်းစုကြည်က ရည်ရွယ်ချက်ခြင်းတူတယ်၊ NLD အတွင်းမှာ ဦးဝင်းတင်က အလုပ်အမှုဆောင် ခေါင်းဆောင်တဦး ဖြစ်တယ်၊ NLD အနေနဲ့ကလည်း သူ့အယူအဆကို ပစ်ပယ်မှာ မဟုတ်ဘူး၊ သူတို့ လက်မခံနိုင်ရင် ဆွေးနွေးပြီး ပြောကြဆိုကြ တော့မှာပေါ့၊ အားလုံးသဘောတူလို့ သာလျှင် ဘာမှ ပြောသံမကြားရတာပေါ့” ဟု ပြောသည်။

NLD (လွတ်မြောက်နယ်မြေ) နိုင်ငံခြားရေးရာ ဌာနမှ ကိုမိုးဇော်ဦးကလည်း “ဦးဝင်းတင်က သူ့ အယူအဆကို ရှင်းရှင်းလင်းပြောတယ်လို့ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျင်မ်ဝက်ဘ် တွေ့ဆုံခဲ့တဲ့ အပေါ်မှာ မူတည် ပြီးတော့ တုံ့ပန်ချင်တဲ့ နေရာကနေ မြစ်ဖျားခံတယ်လို့ထင်တယ်၊ ဒေါ်အောင်ဆန်း စုကြည်ရဲ့ သဘောထားတွေ ထင်ဟပ်နေတယ်လို့လည်း ပြောလို့ရပါတယ်” ဟု သုံးသပ်သည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ဦးဝင်းတင်သည် နှလုံးခုန်နှုန်းမမှန် ဖြစ်ပြီး မောပန်းသည့် ဝေဒနာကို ခံစား နေရသဖြင့် နှလုံးရောဂါ အထူးကုဆရာဝန်နှင့် ပြသ၍ ခွဲစိတ်ကုသမှုခံယူကာ နှလုံးခုန်စက် တပ်ဆင်ထားရ တပ်ဆင် ထားရသည်။

ဟံသာဝတီ သတင်းစာ ဆရာကြီး ဦးဝင်းတင်သည် ၁၉၈၈ ခုနှစ်အရေးတော်ပုံတွင် ဒီမိုကရေစီအရေးအတွက် လှုပ်ရှားခဲ့သပြီး ၁၉၈၉ ခုနှစ်တွင် နိုင်ငံရေး ပုဒ်မဖြင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံခဲ့ရကာ ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။

0 comments: