Monday, September 14, 2009

ချင်းမိုင်ရှိ မြန်မာ့အရေးလှုပ်ရှားသူတချို့ ဖမ်းဆီးခံရ

ဧရာဝတီ၊ စက်တင်ဘာလ ၁၄ ရက် ၂၀၀၉

တနင်္ဂနွေနေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများ၏ ရုံးတချို့ကို ထိုင်းအာဏာပိုင်တို့က ၀င်ရောက် စစ်ဆေးပြီး အမျိုးသမီး ၁၀ ဦး နှင့် အမျိုးသား ၁ ဦးကို ဖမ်းဆီးသွားသည်ဟု သတင်းရရှိသည်။

တရားဝင် နေထိုင်ခွင့် လက်မှတ် ကိုင်ဆောင်ထားသူ အမျိုးသားကို နာရီပိုင်းအတွင်း ပြန်လွှတ်ပေးခဲ့သော်လည်း အမျိုးသမီး ၁၀ ဦးကို ထိုင်းနိုင်ငံအတွင်း တရားမ၀င် နေထိုင်မှုဖြင့် ဆက်လက် ထိန်းသိမ်းထားကြောင်း သိရသည်။

ထိုင်းအာဏာပိုင်များ ထိုသို့ ၀င်ရောက် စစ်ဆေးသည့်နေ့မှာ ရုံးပိတ်သည့်နေ့ ဖြစ်နေသည်။

ထိုင်းအာဏာပိုင်များက လူ့အခွင့်အရေး ပညာပေး ဌာန (မြန်မာနိုင်ငံ) (HREIB)၊ အမျိုးသား ကျန်းမာရေးနှင့်ပညာရေး ကော်မတီ (NHEC)၊ မြန်မာ့ အမျိုးသမီး သမဂ္ဂ (BWU) အဖွဲ့ တို့၏ လုပ်ငန်းများ တည်ရှိရာ နေရာတချို့ကို ၀င်ရောက် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ ၀င်ရောက် စစ်ဆေးသည့် ရဲအရာရှိများထံတွင် ရုံးများတည်ရှိရာ မြေပုံများ၊ အချက်အလက်များပါရှိသည်ဟု မြန်မာ့ အတိုက်အခံ သတင်းရပ်ကွက်က ဆိုသည်။

ထိန်းသိမ်းခံနေရသည့် အမျိုးသမီး ၁၀ ဦးသည် BWU အဖွဲ့က စီစဉ်သည့် စွမ်းရည်မြှင့်တင်ရေး သင်တန်းတွင် တက်ရောက်နေသူများ ဖြစ်သည်ဟု သိရသည်။

ထိုသတင်းကြောင့် ချင်းမိုင်မြို့ အခြေစိုက် မြန်မာ့ ဒီမိုကရေစီ အရေး နှင့် လူအခွင့်အရေး အဖွဲ့များ၊ သတင်းဌာနများ၏ ရုံးအများအပြား ယနေ့ ပိတ်ထားကြောင်း သိရသည်။

၂၀၀၀ ပြည့်နှစ် နောက်ပိုင်း ၀န်ကြီးချုပ် သက်ဆင် အစိုးရ လက်ထက်တွင် ထိုင်းနိုင်ငံရှိ မြန်မာ့အရေး လှုပ်ရှားသူများက လုံခြုံရေး အခြေအနေ စိုးရိမ်ရသဖြင့် ရုံးလုပ်ငန်းများကို ရက်သတ္တပတ်ပေါင်း အတန်ကြာ ရပ်ဆိုင်းထားခဲ့ဖူးသည်။

ဤအတောအတွင်း နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ကြီးများ၊ အနောက်နိုင်ငံ အစိုးရများက ထိုင်းနိုင်ငံရှိ မြန်မာ့အရေး လှုပ်ရှားသူများ၏ လုံခြုံရေးအတွက် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားကြသည်။

သံတမန်များ၏ အဆိုအရ ဘန်ကောက်မြို့ရှိ အနောက်နိုင်ငံ သံရုံးများက လက်ရှိ အခြေအနေကို အနီးကပ် စောင့်ကြည့်နေသည်ဟု သိရသည်။

0 comments: