Monday, September 14, 2009

ပါတီရုံးများ ဖွင့်ခွင့်မရသော်လည်း အန်အယ်လ်ဒီ စည်းရုံးရေးဆင်း

ခေတ်ပြိုင်၊ စက်တင်ဘာလ ၁၄ ရက် ၂၀၀၉

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နယ်ရုံးခွဲများ ပြန်လည်ဖွင့်လှစ်ခွင့် မရသေးသော်လည်း ပါတီစည်းရုံးရေးလုပ်ငန်းများကို တိုးချဲ့လုပ်ဆောင်လျက်ရှိကြောင်း ပါတီပြောခွင့်ရ ဦးအုံးကြိုင်က ပြောသည်။

“တိုင်းနဲ့ပြည်နယ်တွေမှာ လူငယ်အထောက်အကူပြုတွေ ဖွဲ့စည်းနေပါတယ်။ မြို့နယ်စည်းတွေရဲ့ အကူအညီနဲ့ လူငယ် ဖွဲ့စည်းရေးတွေ ပိုလုပ်နေတယ်။ အစိုးရဘက်ကတော့ ပါတီရုံးခွဲတွေပြန်ဖွင့်ဖို့ တင်ပြထားတာနဲ့ ပတ်သက်ပြီး ဘာတခုမှ အကြောင်းမပြန်သေးပါဘူး” ဟု ၎င်းက ပြောသည်။

၂၀၀၃ ခု မေလတွင် စည်းရုံးရေးဆင်းသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီပါတီဝင်များ စစ်ကိုင်းတိုင်း ဒီပဲယင်းဒေသ၌ အကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ပြီးနောက် ယနေ့အချိန်ထိ တရားဝင်ပါတီအဖြစ် ရပ်တည်နေဆဲဖြစ်သည့် အန်အယ်လ်ဒီပါတီရုံးခွဲများကို ဒေသအာဏာပိုင်အသီးသီးက ပိတ်ပစ်ခဲ့သည်။

အဆိုပါရုံးခွဲများ အပိတ်ခံထားရမှုနှင့်စပ်လျဉ်း၍ အန်အယ်လ်ဒီပါတီက ယခုလ (၇) ရက်တွင် နအဖ ဥက္ကဋ္ဌထံ တိုက်ရိုက်စာပို့ တင်ပြထားသော်လည်း အကြောင်းပြန်ကြားမှု မရှိသေးပေ။

သို့ရာတွင် အန်အယ်လ်ဒီပါတီအနေဖြင့် လုပ်ဆောင်ရန်ရှိသည်များကို လုပ်ဆောင်နေပြီး တိုင်းနှင့်ပြည်နယ်များတွင် လူငယ်အထောက်အကူပြုအဖွဲ့များ ပြန်လည်ဖွဲ့စည်းလျက်ရှိသည်ဟု အန်အယ်လ်ဒီဗဟိုလူငယ်မှ ကိုမြင့်ဌေးက ပြောသည်။

၎င်းက “ဒီနှစ် နှစ်စပိုင်းလောက်ကစပြီး လူငယ်ဖွဲ့စည်းရေးကို ပြန်ပြီး အာရုံစိုက်လုပ်တယ်။ ဒေသအာဏာပိုင်တချို့ရဲ့ ဖိအားပေးမှုတွေကတော့ ရှိပါတယ်။ ရခိုင်ပြည်နယ် တောင်ကုတ်မှာတုန်းကလည်း ကျနော်တို့နဲ့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်နဲ့ နည်းနည်းလေး အခြေအတင်ဖြစ်တယ်။ အဲဒီမှာ ကျနော်တို့ မဖွဲ့ခဲ့ရဘူး။ တခြားမြို့နယ်တွေမှာလည်း အတင်းအဓမ္မ တားတာမျိုး မရှိပေမယ့် သတင်းတပ်ဖွဲ့က လိုက်ကြည့်နေတာမျိုးတွေတော့ ရှိတယ်။ စိတ်အနှောင့်အယှက်ဖြစ်ရတာပေါ့လေ။ ဆိုးတာကတော့ စစ်ကိုင်းတိုင်းပဲ။ ဘယ်လိုမှ လူငယ်စုစည်းလို့မရအောင် လုပ်ထားတယ်” ဟု ပြောသည်။

ပြီးခဲ့သည့်လနှောင်းပိုင်းတွင် ကချင်ပြည်နယ်၌ ပြည်နယ်စည်းရုံးရေးအဖွဲ့နှင့် မြို့နယ်စည်းရုံးရေးအဖွဲ့တို့၏ အစည်းအဝေးများ ကျင်းပခွင့်ပေးခဲ့သော်လည်း အမျိုးသမီးနှင့် လူငယ်အထောက်အကူပြုဖွဲ့စည်းရေးကို အာဏာပိုင်များက ခွင့်မပြုခဲ့ကြောင်း သိရသည်။

“အဲဒီကြားထဲကပဲ။ ကျနော်တို့ တနိုင်းနဲ့မိုးကောင်းမှာ လူငယ်အဖွဲ့ကို ရအောင်ဖွဲ့ခဲ့တယ်။ အခုနောက်ဆုံး ဖွဲ့ခဲ့တာတော့ အဲဒီနှစ်မြို့နယ်ပဲ” ဟု ဗဟိုလူငယ် ကိုမြင့်ဌေးက ပြောသည်။

တိုင်းနှင့်ပြည်နယ်များရှိ လူငယ်များကလည်း နိုးကြားတက်ကြွမှုရှိကြသည်ကို တွေ့ရကြောင်း ၎င်းက ပြောသည်။

တိုင်းနှင့်ပြည်နယ်အသီးသီးတွင် လူငယ်အထောက်အကူပြုအဖွဲ့ ဖွဲ့စည်းရေးကို လွန်ခဲ့သော (၇) လခန့်မှ စတင်လုပ်ဆောင် ခဲ့ခြင်းဖြစ်ပြီး ယခုအခါ မန္တလေးတိုင်းအတွင်း (၁၀) မြို့နယ်နှင့် ရန်ကုန်တိုင်း (၂၁) မြို့နယ်အပါအ၀င် မြို့နယ်ပေါင်း (၆၀) တို့တွင် ဖွဲ့စည်းနိုင်ခဲ့ကြောင်း သိရသည်။

ယနေ့အထိ တရားဝင်ပါတီအဖြစ် ရပ်တည်နေဆဲဖြစ်သည့် အန်အယ်လ်ဒီပါတီကို နယ်ရုံးခွဲများ ပိတ်ပင်ထားခြင်းနှင့် လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့်မရအောင် ကန့်သတ်မှုများပြုလုပ်ထားပြီး ပခုက္ကူမြို့တွင်မူ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်ဆိုသည့် အဖွဲ့တခု၏ ဆိုင်းဘုတ်တင်ခြင်းကို အာဏာပိုင်များက ခွင့်ပြုထားသည်။

အဆိုပါအဖွဲ့မှာ ၂၀၁၀ ရွေးကောက်ပွဲအတွက် ဖွဲ့စည်းထားသည့်အဖွဲ့တခုဖြစ်ပြီး ပါတီဖွဲ့စည်းခွင့်နှင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ ပေါ်ထွက်မလာသေးမီ ဆိုင်းဘုတ်တင်ခွင့်ရခြဲ့ခင်းဖြစ်သည်။

0 comments: