Friday, February 20, 2009

မြန်မာငွေ တန်ဖိုးတက် ကုန်သွယ်ရေး ထိခိုက်

ခေတ်ပြိုင်၊ ဖေဖော်ဝါရီလ ၁၉ ရက် ၂၀၀၉

ကန်ဒေါ်လာ၊ ထိုင်းဘတ်၊ ဘင်္ဂလားဒေ့ရှ် တာကာ အပါအဝင် နိုင်ငံခြားငွေကြေးများနှင့် နှိုင်းယှဉ်လျင် မြန်မာကျပ်ငွေတန်ဖိုး အလျင်အမြန် မြင့်တက်နေသည့်အတွက် ကုန်သွယ်ရေးလုပ်ငန်းများ ထိခိုက်လာနေကြောင်း ကုန်သည်ကြီးများ အသိုင်းအဝိုင်းမှ စုံစမ်းသိရသည်။

နယ်စပ်ကုန်သွယ်ရေးမှတဆင့် ထိုင်းနိုင်ငံနယ်စပ် မြဝတီသို့ ကြက်သွန်နီ တင်ပို့နေသူတစ်ဦးက “ကျွန်တော်တို့က မြန်မာငွေနဲ့ ဈေးဖြတ်ပြီး မြဝတီ အရောက်တင်တယ်။ အခြားကုန်သည် တစ်ယောက်က ပါမစ်ကိစ္စ အရောင်းအဝယ်ကိစ္စ သူ့ဖာသာသူ လုပ်ပြီး မဲဆောက်ဘက်ကို ထပ်တင်တယ်။ ခုရန်ကုန်မှာ လက်ကားဈေး တစ်ပိဿ (၃၅ဝ) ကျပ် (၃၈ဝ) ကျပ်ရှိတယ်။ ပါမစ်ကြေး၊ ကားခ အပါအဝင် နယ်စပ်အရောက် တစ်ပိဿ စားရိတ် (၁၃၅) ကျပ်လောက်ရှိ တယ်၊ ပုံမှန်အားဖြင့်ဆိုရင်တော့ ကိုက်တယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းကစ မြန်မာကျပ်ငွေ တန်ဖိုးတက်လာတော့ ထိုင်းဘတ်နဲ့ ရတဲ့ငွေက နည်းသွားပြီး အရှုံးပြလာတယ်။ ခု မနေ့ကဆို ဟိုဘက်ပို့တဲ့ ကုန်သည်က ဒီဈေးအတိုင်းပဲဆို ဆက်မတင်ဖို့ ပြောလာတယ်။ တကယ်လို့ ရန်ကုန်ကြက်သွန်ဈေး ထပ်ကျဦးမယ် ဆိုရင်တော့ ပြန်ပို့နိုင်လိမ့်မယ် ထင်တယ်” ဟု ပြောပြသည်။

ဒေါ်လာငွေ တန်ဖိုးသည် ပြီးခဲ့သည့်နှစ် မကုန်ခင်က ရန်ကုန်မှာ တစ်ဒေါ်လာ ကျပ် (၁,၁၅ဝ) ဝန်းကျင် ရှိခဲ့သည်။ လွန်ခဲ့သည့် တပတ်ခန့်အထိ တစ်ဒေါ်လာ (၁,ဝ၈ဝ) ကျပ် ပတ်ဝန်းကျင် ထိ ကျဆင်းခဲ့ပြီး ယခုရက်ပိုင်း တစ်ဒေါ်လာ ကျပ် (၁,ဝဝဝ) အောက်ရောက်ကာ ၁၈.၂.၂၀၀၉ ပေါက်ဈေး တစ်ဒေါ်လာ (၉၈ဝ) ကျပ် လောက်သာ ရှိတော့သည်။ ရက်ပိုင်းအတွင်း (၁ဝ) ရာခိုင်နှုန်းကျော် ကျဆင်းခဲ့တာဖြစ်သည့်အတွက် နိုင်ငံခြားကို ကုန်ပစ္စည်းတင်ပို့နေသည့် ပို့ကုန်သမားတွေ အထူးအထိနာခဲ့သည်။

ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးနှင့် ပတ်သက်ပြီး စစ်တွေမြို့အခြေစိုက် စီးပွားရေး သတင်းဆောင်းပါးများ ရေးသားနေသူတစ်ဦးကို မေးမြန်းကြည့်ရာ ၄င်းက ပြီးခဲ့သည့်နှစ်က ဘင်္ဂလားဒေ့ရှ် တာကာ (၁ဝဝ) ကို မြန်မာကျပ်ငွေ (၁,၇ဝဝ) ကျော် ရှိနေခဲ့ရာမှ လက်ရှိ ကျပ် (၁,၂ဝဝ) ပင် မပြည့်ချင်တော့ကြောင်း၊ တာကာငွေ တန်ဖိုးကျနေလို့ ပို့ကုန်သမားတွေ တွက်ခြေ မကိုက်တာကြောင့် မောင်းတောဘက် သွားသူပင် သိပ်မရှိကြောင်း၊ ပုဇွန် ပို့သူများလည်း ရပ်နားထားကြောင်း ပြောပြသည်။

နိုင်ငံခြားငွေများနဲ့ စာလျင် ကျပ်ငွေတန်ဖိုး ယခုလို မြင့်တက်နေမှုကြောင့် ပို့ကုန်သမားများ တွက်ခြေမကိုက် ဖြစ်နေချိန် သွင်းကုန်သမားများလည်း ပြည်သူတွေ စီးပွားရေး ကျဆင်းပြီး၊ ပြည်တွင်း ဝယ်လိုအား လျော့ကျနေခြင်းကြောင့် ကုန်ပစ္စည်းတင်သွင်းမှု များစွာလျော့ကျ နေသည်ဟု စုံစမ်းသိရသည်။

ရန်ကုန်မင်္ဂလာဈေးမှ ငွေလွှဲလုပ်ငန်း လုပ်နေသူ တစ်ဦးကလည်း ယခုတလော မလေးရှားအပါအဝင် ပြည်ပက ငွေလွှဲပေးပို့မှု ထက်ဝက်မက ကျဆင်းသွားကြောင်း၊ အလုပ်သမား အချို့မြန်မာပြည် ပြန်လာခြင်း၊ မြန်မာငွေ တန်ဖိုး တက်နေလို့ ငွေမလွှဲကြသေးပဲ အခြေအနေ စောင့်ကြည့်နေခြင်း စတာတွေကြောင့် ဖြစ်နိုင်ကြောင်း ပြောပြသည်။

စာရေးဆရာ ဘောဂဗေဒ ပညာရှင်တစ်ဦးကမူ တရုတ်ပြည်ဆိုရင် သူ့ရဲ့ ပို့ကုန်လုပ်ငန်း ထိခိုက်မှာ စိုးလို့ တရုတ်ယွမ်ငွေ တန်ဖိုးကို မူလ ရှိနေတဲ့ တန်ဖိုးထက် နှိမ့်ချ သတ်မှတ်ထား တာမျိုး တစ်လျောက်လုံး လုပ်ကိုင်လာကြောင်း၊ မြန်မာကျပ်ငွေ တန်ဖိုး မြင့်တက်လာလျှင် လည်း အလားတူ ပို့ကုန်လုပ်ငန်းကို ထိခိုက်လာနိုင်စရာ ရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ငွေတန်ဖိုး တည်ငြိမ်နေလျင် စီးပွားရေး အတွက် အကောင်းဆုံးဖြစ်ကြောင်း၊ ငွေတန်ဖိုးအတက် အကျ မြန်ဆန်ပြောင်းလဲနေခြင်းသည် စီးပွားရေးကို ဆိုးကျိုးသာ ဖြစ်စေနိုင်ကြောင်း သုံးသပ်ပြခဲ့သည်။

0 comments: