Friday, February 20, 2009

နယ်စပ်မှာ ထောက်လှမ်းရေးတွေ ပိုများလာသလား

ဧရာဝတီ-ဇာနည်ဝင်း၊ ဖေဖော်ဝါရီလ ၁၉ ရက် ၂၀၀၉

စစ်အစိုးရ၏ ထောက်လှမ်းရေး သတင်းကွန်ယက်သည် ထိုင်း - မြန်မာ နယ်စပ် မဲဆောက်မြို့တွင် ပိုမို ကျယ်ပြန့်လာကာ သတင်းမှန်နှင့် သတင်းမှားများကို ရောနှော ပေးပို့လျက်ရှိ သည်ဟု နယ်စပ် သတင်းရပ်ကွက် နှင့် လျှို့ဝှက် အစီရင်ခံစာ တစောင်အရ သိရှိရသည်။

ဧရာဝတီက ရရှိထားသည့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်က တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ်ရုံးသို့ ပေးပို့သည် ဟူသော အစီရင်ခံစာ တစောင်တွင် ထိုင်း-မြန်မာ နယ်စပ်ဒေသ အခြေစိုက် အဖွဲ့အစည်းများနှင့် ပတ်သက်သည့် လှုပ်ရှားမှုများကို ဖော်ပြထားသည်။

ကရင် အမျိုးသား အစည်းအရုံး (KNU) ၏ ၁၄ ကြိမ်မြောက် ကွန်ဂရက် နှင့် ခေါင်းဆောင်သစ်များ ရွေးကောက် တင်မြှောက်ခြင်းနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကိုလည်း အဆိုပါ သတင်းပေးပို့ချက်တွင် တွေ့ရသည်။

စစ်အစိုးရ ထောက်လှမ်းရေးများသည် အတိုက်အခံ ခေါင်းဆောင်များ အချင်းချင်း ထင်ယောင်ထင်မှား ဖြစ်စေရန် သတင်းမှားများ ဖြန့်ချိလေ့ရှိသည်ဟု KNU တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူးစောလှငွေက ဆိုသည်။

“များသောအားဖြင့် သူတို့က သတင်းမှားတွေ အထက်ကို ပေးကြတာပဲ။ ဒါပေမယ့် (အတိုက်အခံ) အဖွဲ့အစည်းတွေ အနေနဲ့ လုံခြုံရေးကို ဂရုစိုက်ဖို့ လိုသေးတယ်” ဟု ဗိုလ်မှူး စောလှငွေက ဧရာဝတီသို့ ပြောပြသည်။

ပြည်ပရောက် အဖွဲ့အစည်းများမှာ လုံခြုံရေးဂရုစိုက်မှု အားနည်းကြောင်း ထိုင်းအခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့မှ သုတေသီ ဦးဌေးအောင်ကလည်း သုံးသပ်သည်။

“ထောက်လှမ်းရေးဆိုတာ ချိုပါတာမှ မဟုတ်တာ” ဟု ဦးဌေးအောင်က ပြောသည်။ “တပ်မတော် ထောက်လှမ်းရေး အဖွဲ့ကို ဖျက်သိမ်းပြီး နောက်ပိုင်း အသစ် ပေါ်လာတဲ့ စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့က အားနည်းကောင်း နည်းနေလိမ့်မယ်။ ဒါပေမယ့် ငွေအကုန်အကျခံ၊ အချိန်ယူပြီး လှုပ်ရှားနေတော့ အခုနေအခါ ပိုအားကောင်းလာမယ်လို့ ယူဆရတယ်” ဟု ဦးဌေးအောင်က ပြောသည်။

ဧရာဝတီက ရရှိသည့် အဆိုပါ “လျှို့ဝှက်” အစီရင်ခံစာတွင် စာမျက်နှာ ၄၂ မျက်နှာ ပါရှိသည်။ အောက်တိုဘာ ၂ ရက်နေ့က လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ တွဲဖက် အထွေထွေ အတွင်းရေးမှူး ကိုငွေလင်းသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဆွေးနွေးပွဲတခု ပြုလုပ်ခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။

ကိုငွေလင်းက ထို အချက်အလက်မှာ မှားယွင်းသည်ဟု ဧရာဝတီသို့ ပြောသည်။ “ဒီအစီရင်ခံချက်က အစစ်အမှန် ဆိုရင်တော့ တော်တော်လွဲမှားတဲ့ အစီရင်ခံချက်လို့ ပြောချင်တယ်။ ပြီးခဲ့တဲ့ နှစ်ကတည်းက ကျနော် ချင်းမိုင်ကို မရောက်ဘူး” ဟု ပြောပြသည်။

အစီရင်ခံစာတွင် မြန်မာ အမျိုးသမီး သမဂ္ဂ ဥက္ကဋ္ဌ မိဆူးပွင့်သည် ပြီးခဲ့သည့် အောက်တိုဘာလ အတွင်း နို့ဖိုး ဒုက္ခသည်စခန်းသို့ သွားရောက်ပြီး ကူညီလှူဒါန်းမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

“ကျမ နို့ဖိုးဒုက္ခသည် စခန်းကို တခါမှ မရောက်ဖူးဘူး” ဟု မိဆူးပွင့်က ဧရာဝတီသို့ ပြောပြသည်။ “သူတို့ သတင်းပို့တဲ့စနစ်က အလုပ်ရှိကြောင်း ပြချင်တဲ့ သဘောနဲ့ အောက်ခြေ အဆင့်ဆင့်က တင်နေတယ်လို့ ကျမ ထင်တယ်လေ” ဟု မိဆူးပွင့်က သုံးသပ်ပြသည်။

ယခင်ကလည်း “လျှို့ဝှက်” အစီရင်ခံစာ တချို့ ပြင်ပသို့ ပေါက်ကြား ခဲ့ဖူးကြောင်း၊ လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်တို့၏ အမည်များ လှုပ်ရှားမှုများကို ရှည်လျားစွာ ရေးသားထားကြောင်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ အခြေစိုက် လေ့လာသူတဦးက ပြောသည်။ ထိုသို့သော သတင်းများ အဆင့်ဆင့် တင်ပြနေခြင်းသည် မြန်မာစစ်တပ်အတွင်း အမြဲတမ်း နိုးကြားနေစေရန် တပ်လှန့်လိုခြင်းလည်း ဖြစ်နိုင်သည်ဟု ၎င်းက ယူဆသည်။

“ထောက်လှမ်းရေးဆိုတာ သတင်းတွေကို များများ တင်နိုင်မှ၊ မတင်နိုင်ရင် သူတို့အတွက် ပြဿနာရှိတယ်။ မှားတာ မှန်တာ အရေးမကြီးဘူး၊ အထက်က ဒီသတင်းတွေနဲ့ ပတ်သက်ပြီး လာစစ်တာလည်း မဟုတ်ဘူး” ဟု ၎င်းက သုံးသပ်လိုက်သည်။

0 comments: