Tuesday, September 23, 2008

မြန်မာစစ်အစိုးရ အကျဉ်းသား (၉) ထောင်ကျော်လွှတ်ပေး

ခေတ်ပြိုင်-Agencies/ စက်တင်ဘာလ ၂၃ ရက် ၂၀၀၈

မြန်မာစစ်အစိုးရက အကျဉ်းသား (၉,၀၀၂) ဦးကို “မေတ္တာရှေ့ထားပြီး ရည်ရွယ်ချက်ကောင်းဖြင့်” ပြန်လည်လွှတ်ပေး လိုက်ကြောင်း ယနေ့ထုတ် ၎င်းပိုင်သတင်းစာများတွင် ဖော်ပြသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့် ဘာသာရေး ယုံကြည်ချက်တို့ကြောင့် အကျဉ်းကျနေသူ (၂,၀၀၀) ကျော်ရှိကြောင်း လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။

ယခုကဲ့သို့ လွှတ်ပေးခြင်းသည် “၎င်းတို့ မိသားစုများအတွက် ငဲ့ညှာသောအားဖြင့်” လည်းကောင်း၊ ဒီမိုကရေစီလမ်းပြ မြေပုံအဆင့်ပါ ၂၀၁၀ ပြည့် ရွေးကောက်ပွဲ၌ တစိတ်တပိုင်း ပါဝင်နိုင်ရေးအတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း စစ်အစိုးရ သတင်းစာများက ဖော်ပြသည်။

ထို့အပြင် စည်းကမ်းနှင့် အကျင့်စာရိတ္တကောင်းမွန်လာသော အကျဉ်းသားများ ဖြစ်သောကြောင့်လည်း ယခုကဲ့သို့ ပြန်လွှတ်ပေးခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် တဖက်တလမ်းမှ အကျိုးပြုစေမည့် နိုင်ငံသား များအဖြစ်သို့ ပြောင်းလဲပေးရန်လည်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

မြန်မာစစ်အစိုးရသည် နိုင်ငံအတွင်း ထူးခြားသည့် နေ့များ၌ ယခုကဲ့သို့ အကျဉ်းသားများပြန်လွှတ်ပေးလေ့ရှိသော်လည်း များသောအားဖြင့် ရာဇ၀တ်သားများသာ ဖြစ်သည်။

ယနေ့လွှတ်ပေးခြင်းသည်လည်း သံဃာတော်များ မေတ္တာပို့ဆုတောင်းပွဲ ပြုလုပ်ခဲ့မှုအား အကြမ်းဖက်ဖြိုခွင်းခဲ့သည့် တနှစ်ပြည့် အထိမ်းအမှတ်ဖြစ်သော ယခုလ (၂၆-၂၇) ရက်များ နီးကပ်လာချိန်နှင့် တိုက်ဆိုင်နေသည်။

0 comments: