ခေတ်ပြိုင်-ပီတာအောင်/ ၂၄ စက်တင်ဘာ ၂၀၀၈။ ။
ယမန်နေ့က အကျဉ်းထောင်မှပြန်လွတ်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော် မတီဝင် သတင်းစာဆရာကြီး ဦးဝင်းတင်အား ၎င်း၏ မူလတာဝန်ကို ဆက်လက်ထမ်းဆောင်သွားရန် တာဝန် ပေးသွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ ကပြောသည်။
အန်အယ်လ်ဒီပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးလွင်က “ဒါကရှိပါတယ်။ တာဝန်ပေးစရာရှိတယ်။ သူ့တာဝန်သူဆက်ပြီး တော့ ထမ်းဆောင်နိုင်ဖို့ အန်ကယ်တို့မျှော်လင့်တယ်။ သူကလည်း သူလုပ်မယ်လို့ ပြောတယ်။ ဒါရှင်းနေပါ တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။
အန်အယ်လ်ဒီပါတီက ပြန်လည်လက်ခံမည်ဆိုသည့် သဘောထားကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုကြောင်း ဦးဝင်းတင်က ပြောကြားသည်။
၎င်းက “ကျနော်တယောက်တည်း ဘယ်တာဝန် ဘာညာ ဒါကအရေးမကြီးမပါဘူး။ ဒီသဘောထားက အားလုံးကို ကမ်းလှမ်းမယ်။ ကျနော်တို့ ရဲဘော်ဟောင်းတွေကို စုစည်းနိုင်သမျှစုစည်းမယ်ဆိုတဲ့ သဘောထားရှိရင် အ ကောင်းဆုံးပဲ။ ဒါကြောင့်မို့ လို့ကျနော် ဒီသဘောထားကို ကြိုဆိုပါတယ်လို့ပြောချင်တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။
သို့သော် စစ်အစိုးရ၏ ညွှန်ကြားချက်ဖြင့် ၁၉၉၀ ခု ကတည်းက ဦးဝင်းတင်ကို ဒေါ်အောင်ဆန်းစုကြည်၊ ဦးကြည်မောင်နှင့် ဦးတင်ဦးတို့နှင့်အတူ ပါတီမှ ထုတ်ထားပြီးဖြစ်၍ လက်တွေ့ အန်အယ်လ်ဒီပါတီထဲပြန်ဝင် ရောက်လုပ်ကိုင်ခွင့်ရမည် မရမည်ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
ပါတီဝင်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ စစ်မှန်သည့် ဒီမိုကရေစီ ထွန်းကားရေး၊ အန်အယ်လ်ဒီပါတီ စုစည်းရေးနှင့် အန်အယ်လ်ဒီကို ၀န်းရံရေးတို့အတွက် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ဒေါ်မြင့်မြင့်ခင်၊ မောင်ဝံသ၊ မောင်စူးစမ်း (ဦးချမ်းအေး) စသည့်ပုဂ္ဂိုလ်များအားလုံးကိုလည်း အန်အယ်လ်ဒီပါတီအနေဖြင့် စုစည်းနိုင်သမျှ ကျယ်ကျယ်ပြန့်ပြန့်စုစည်းကာ ဆောင်ရွက်နိုင်ပါက အကောင်းဆုံးဖြစ်ကြောင်း ဦးဝင်းတင်က ဆက်လက် အကြံပြုပြောကြားသည်။
သတင်းစာဆရာကြီး ဦးဝင်းတင်ကို စစ်အစိုးရက အင်းစိန်ထောင်တွင်း၌ (၁၉) နှစ်ကျော်ထိန်းသိမ်းထားခဲ့ပြီးမှ ယမန်နေ့က အကျဉ်းသား (၉,၀၀၀) ကျော်ကို ပြန်လွှတ်ပေးရာတွင် အခြားနိုင်ငံရေးအကျဉ်းသားအချို့နှင့် အတူ ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။
Wednesday, September 24, 2008
ဦးဝင်းတင်အား အန်အယ်လ်ဒီက ပါတီတာဝန် ဆက်ပေးမည် အန်အယ်လ်ဒီကထုတ်ပယ်ထားသူများပါ ပြန်ခေါ်ရန် ဦးဝင်းတင်တိုက်တွန်း
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment