Friday, September 26, 2008

မြို့တော်ခန်းမအနီး ဗုံးပေါက်ကွဲမှု စစ်ဆေးမှုများလုပ်

မဇ္ဈိမ-သဲသဲ၊ စက်တင်ဘာလ ၂၆ ရက် ၂၀၀၈

နယူးဒေလီ။ ။ ရန်ကုန် မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံ အနီး ယမန်နေ့က ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လူစည်ကားရာ လမ်းဆုံ မီးပွိုင့်၊ ဈေး၊ လိုင်းကား မှတ်တိုင်များတွင် အာဏာပိုင်များမှ စစ်ဆေးမှုများ ပြုလုပ်နေသည်။

ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ်၊ တာမွေမြို့နယ်၊ မင်္ဂလာဈေး၊ ဆူးလေ လိုင်းကား မှတ်တိုင်များ၊ ပန်းဆိုးတန်း ကမ်းနားလမ်းများရှိ လိုင်းကားများပေါ်တွင် ခရီးသည်များအား လိုက်လံ စစ်ဆေးမှုများ ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း ရန်ကုန် ဒေသခံများက ပြောသည်။

"မြို့ထဲ အထွက်လမ်းတွေကို ဗုံးပေါက်ပြီးတော့ ဘတ်စ်ကားတိုင်း၊ အဌားယာဉ်ကား၊ လိုင်းကားတိုင်းပေါ် တက်ပြီးတော့ ခရီးသည်တွေကို လိုက်စစ်နေတယ်။ နာမည်၊ နေရပ်လိပ်စာ၊ မှတ်ပုံတင် နံပတ်၊ ဘာကိစ္စနဲ့ လာလဲ။ ဘယ်ကနေ လာသလဲ မေးတယ်လေ။ ကားနံပတ်တွေ လိုက်မှတ်နေတယ်" ဟု ဘတ်စ်ကားပေါ် စစ်ဆေးခံရသူ တဦးက ပြောသည်။

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်အတွင်း ပြေးဆွဲလျက်ရှိသည့် ခရီးသည်တင် လိုင်းကားများပေါ်တွင် ပါလာသည့် အိမ်များကို ဖွင့်ကြည့်ကာ ရှာဖွေစစ်ဆေးမှုများ လုပ်ခဲ့ကြောင်း တာမွေ လိုင်းကားစီးသည့် ခရီးသည် တဦးက မဇ္ဈိမကို ယခုလို ပြောသည်။

"ဒီတာမွေမှာက ဘတ်စ်ကားစီးသူတွေကို စစ်ဆေးနေတယ်လေ။ အိတ်တွေ ဖွင့်ကြည့်တာတွေ လုပ်နေတယ်။ ခရီးသည်တွေ စိတ်အနှောင့်အယှက် ဖြစ်တာပေါ့။ အဲလို စစ်လား ဆေးလား လုပ်တော့ ကတိကအောင့် ဖြစ်တာပေါ့နော်" ဟု သူက ပြောသည်။

ယခုလို ခရီးသည်တင် လိုင်းကားများကို စစ်ဆေးမှု လုပ်ရာတွင် ရဲဝတ်စုံအပြည့် လုံခြုံရေး တပ်ဖွဲ့များ၊ အရပ်ဝတ် ထောက်လှမ်းရေး၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ဝင်များ နှင့် မီးသတ် တပ်ဖွဲ့ဝင်များမှ ရှာဖွေ စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့ စစ်အစိုးရထုတ် မြန်မာ့အလင်း သတင်းစာတွင် မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံအတွင်း အမှတ် (၄၅) လိုင်းကား မှတ်တိုင်နောက်ရှိ ခြံစည်းရိုးထောင့် အမှိုက်ပုံ အနီးမှ ပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့သည့်အတွက် လူ ၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း အလားတူ နောက်ထပ် ချိန်ကိုက်မိုင်း တပ်ဆင်ထားသည့် ကက်ဆက်တလုံးအားလည်း မပေါက်ကွဲမီ အချိန်မီ တွေ့ရှိခဲ့ကြောင်း ဖော်ပြ ရေးသားထားသည်။

သို့သော် ပေါက်ကွဲမှုအား မည်သူမည်ဝါ လက်ချက်ဖြစ်သည် ဆိုခြင်းကို ဖော်ပြ ရေးသားထားခြင်း မရှိသော်လည်း အာဏာပိုင်များအနေဖြင့် ၎င်းဖောက်ခွဲ ဖျက်ဆီးရေးသမားများ၊ အကြမ်းဖက်သမားများအား ဖမ်းဆီးရမိပါက ပြင်းထန်စွာ အရေးယူမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

စက်တင်ဘာလ ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည် မတိုင်မီ စက်တင်ဘာ လဆန်းပိုင်းမှ စတင်ကာ ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများ တစုံတရာ မသင်္ကာသူများအား အာဏာပိုင်များမှ ပိုက်စိပ်တိုက် စစ်ဆေးမှုများ လုပ်နေခဲ့သည်။

0 comments: