Wednesday, May 28, 2008

စစ်အစိုးရက ဒေါ်စု၏ နေအိမ် အကျယ်ချုပ် သက်တမ်းတိုးပြန်

မဇ္ဈိမသတင်းဌာန၊ မေလ ၂၇ ရက် ၂၀၀၈

နယူးဒေလီ။ ။ နိုင်ငံတကာ အသိုင်းအဝိုင်း နှင့် တိုင်းသူပြည်သားများက ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုမှုများ ရှိနေသော်လည်း မြန်မာစစ်အစိုးရက သူမ၏ နေအိမ်အကျယ်ချုပ် သက်တမ်းကို ထပ်မံ တိုးမြှင့်လိုက်ကြောင်း အစိုးရ သတင်းရပ်ကွက် တခုအရ သိရသည်။

အစိုးရ အရာရှိများက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ အတိုက်အခံ ခေါင်းဆောင်၏ နေအိမ်ကို သွားရောက်ပြီး နေအိမ် အကျယ်ချုပ် သက်တမ်းတိုးမြှင့်သည့် အမိန့်စာကို ဖတ်ပြခဲ့သည်ဟု သတင်းရပ်ကွက်က ပြောသည်။ သို့သော် သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိခဲ့ပါ။

ထပ်မံ တိုးမြှင့်လိုက်သော သက်တမ်းသည် ၆ လဖြစ်ကြောင်း သတင်းရပ်ကွက်က ပြောသည်။ သို့ပေမယ့်လည်း အခြားသော သတင်းဌာန အချို့က တနှစ်သက်တမ်းတိုးခြင်း ဖြစ်သည်ဟု ဖော်ပြကြသည်။

ယနေ့သည် ဒေါ်စု၏ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ မဲအပြတ်အသတ် အနိုင်ရခဲ့သည့် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ကျင်းပရာ ၁၈ နှစ်မြောက် နှစ်ပတ်လည်နေ့လည်း ဖြစ်ပြန်သည်။

ဒီချုပ် အဖွဲ့ခေါင်းဆောင်များက ဒေါ်စု၏ နေအိမ် အကျယ်ချုပ် သက်တမ်း တိုးမြှင့်ခြင်းအပေါ် ကြားသိရခြင်း မရှိသေးပါ။ ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက သက်တမ်းတိုးသည့် သတင်းသာ မှန်ကန်လျှင် စစ်အစိုးရသည် ဥပဒေကို ချိုးဖောက်လိုက်ပြန်ပြီဟု ပြစ်တင် ရှုတ်ချလိုက်သည်။

"လုပ်ချင်ရာလုပ်တာ ဥပဒေမှာ မရှိပါဘူး။ သူတို့ လုပ်ချင်တိုင်း လျှောက်လုပ်မယ်ဆိုရင် ဒါဟာ ဥပဒေမရှိတာပဲ။ မင်းမဲ့စရိုက် ပါပဲ။" ဟု ဦးဥာဏ်ဝင်းက မဇ္ဈိမသို့ ပြောသည်။

သူက ဥပဒေကို နိုင်ငံသားတိုင်း လိုက်နာသင့်ကြောင်းနှင့် စစ်အစိုးရ အနေဖြင့် သူတို့ ဖန်တီးခဲ့သည့် ဥပဒေကိုပင် ချိုးဖောက်ခြင်း ဖြစ်သည်ဟု ပြောသည်။

ကမ္ဘာတဝှမ်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော နိုင်ငံရေး အကျဉ်းသားများအတွက် ရပ်တည် ကူညီပေးနေသည့် အမေရိကန် အခြေစိုက် Freedom Now အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် သက်တမ်း တိုးမြှင့်လိုက်ခြင်းသည် နိုင်ငံတကာ ဥပဒေကိုပါ ချိုးဖောက်ခြင်း ဖြစ်သည်ဟု ပြောဆိုလိုက်သည်။

"အံသြစရာတော့ မရှိပါဘူး။ အခုဟာက ကိုယ်ပိုင် ပြဌာန်းထားတဲ့ ဥပဒေကိုရော ချိုးဖောက်လိုက်တာ ဖြစ်တယ်" ဟု အဖွဲ့၏ ဥက္ကဌလည်းဖြစ်၊ ဒေါ်စု၏ ရှေ့နေလည်းဖြစ်သူ ဂျရတ်ကင်ဆာက ပြောကြားလိုက်သည်။

မြန်မာနိုင်ငံ ဥပဒေအရ "နိုင်ငံတော် နှောက်ယှက် ဖျက်ဆီးလိုသူများမှ ကာကွယ်ရေး ဥပဒေ" ဖြင့် လူတယောက်ကို အမြင့်ဆုံး ငါးနှစ်အထိ တနှစ်တခါ သက်တမ်းတိုးကာ ထိန်းသိမ်းထားနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မေ ၂၄ ရက်၊ ၂၀၀၈ ခုနှစ်တွင် အကျယ်ချုပ်သက်တမ်း ငါးနှစ်ပြည့်ပြီး ဖြစ်သည်ဟု သူမ၏ အတိုင်ပင်ခံ ရှေ့နေ ကင်ဆာက အပြောအရ သိရသည်။ ဒေါ်စုသည် လွန်ခဲ့သည့် ၁၈ နှစ်အတွင်း နေအိမ် အကျယ်ချုပ်အားဖြင့် စုစုပေါင်း ၁၂ နှစ်ကျော် နေခဲ့ရပြီး ဖြစ်သည်။

ယနေ့ အစောပိုင်းက ဒေါ်စုနေအိမ်သို့ ချီတက်သွားကြသော ဒီချုပ်မှ လူငယ် ၂၀ ခန့်ကို ရဲများက ဖမ်းဆီးသွားခဲ့သည်။ မခံမရပ်နိုင် ဖြစ်နေကြသော လူငယ်များက ဒေါ်စုကို လွှတ်ပေးရန် ကြွေးကျော်သံများတိုင် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ရဲဝံ့စွာဖြင့် ချီတက်ခဲ့သည်။

0 comments: