Wednesday, May 28, 2008

ဆန်ပြဿနာ ရင်ဆိုင်ရမည်ဟု ပဲခူးအမတ် သတိပေး

ဧရာဝတီ-အေးလဲ့ | မေ ၂၇၊ ၂၀၀၈

နာဂစ်မုန်တိုင်းဒဏ်ကြောင့်တောင်သူ လယ်သမားများ၏ လယ်ယာအများအပြား ပျက်စီးဆုံးရှုံးသည့် ဒုက္ခနှင့် ကြုံတွေ့ရကာ လာမည့်နှစ်တွင် မြန်မာနိုင်ငံ၌ ဆန်ပြဿနာနှင့် ရင်ဆိုင်နိုင်ရကြောင်းကို ပဲခူးတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်လှက ပြောသည်။

“ဧရာဝတီတိုင်းဆိုတာ မြန်မာနိုင်ငံရဲ့ အဓိက ဆန်အိုးကြီးပဲ၊ အခု မိုးစပါးအတွက် မျိုးစေ့ကလည်း အရင်လို မျိုးစေ့၊ မျိုးအောင်ရဖို့ မလွယ်ဘူး၊ ဒီတော့ လာမယ့်ရာသီမှာ ဆန်ပြသာနာ အကြီးအကျယ်ဖြစ်ပြီး အငတ်ဘေးနဲ့ ကြုံတွေ့ရနိုင် တယ်”ဟု ဦးမြတ်လှ ကဆိုသည်။

မုန်တိုင်းတိုက်ခတ်မှုကြောင့် ပဲခူးတိုင်းတွင် နွေစပါးစိုက်ဧက အများအပြားဆုံးရှုံးကာ ယခု မိုးရာသီအတွင်း ပြန်လည်စိုက်ပျိုး မည့် မိုးစပါးစိုက်ပျိုးရန် မျိုးစေ့လည်း ပျက်စီးဆုံးရှုံးမှုများသဖြင့် မျိုးကောင်းမျိုးသန့်ရရန် မလွယ်ကူသောကြောင့် လယ်သမား များစိုက်ပျိုးရန်အခက်အခဲဖြစ်ကာ ဆန်ပြဿနာနှင့် ရင်ဆိုင်ရနိုင် ကြောင်း ဦးမြတ်လှက ပြောပြသည်။

“နွေအချိန်မှာ မိုးရွာလိုက်တော့ နွေစပါးတွေက မိုးစို၊ ရေ လျှံပြီးတော့ သိပ်ဒုက္ခရောက်တယ်၊ ကားလမ်းမ ပေါ်ထိအောင်စပါး ကို ခင်းလှန်းထားရတယ်။ တချို့ဆိုလည်း အပင်တွေပေါက်ကုန်တယ်၊ အခုတော့ လယ်သမားတွေ ဘဝကတော့ စားစရာ သောက်စရာ နေစရာတောင် မရှိတော့ဘူး” ဟု ၎င်းက ပြောသည်။

ဧရာဝတီတိုင်းရှိ လယ်သမားများ အခက်အခဲဒုက္ခရောက်ကြရပုံကိုလည်း ဘိုကလေးမြို့နယ် ဖျာပုံ ခရိုင် စက်စမ်းကျေးရွာမှ ဒေသခံ တဦးက ယခုလိုပြောသည်။

“ကျမတို့ဆီမှာတော့ မနှစ်က ဒီအချိန် ဆိုရင် လယ်ထွန်ချိန်၊ ပြီးရင် ပျိုးကျဲပြီး လုပ်ငန်းစ ချိန် ဖြစ်တယ် ၊ အခုတော့ လယ်ထွန်ယက် ဖို့ ကျွဲ နွား မရှိတော့ဘူး၊ လယ်သမား အများစုမှာ လယ်ထွန်စက်ရှိတဲ့သူက နည်းတယ်၊ ရှိတဲ့ စက်တွေက လည်း ပျက်ကုန်ပြီ” ဟု စက်စမ်းရွာ ဒေသခံက ပြောသည်။

စက်စမ်းရွာတွင် စပါးပြန်လည် စိုက်ပျိုးရန် အတွက် ရေငန် အနည်းငယ်သာ ရောက်သော်လည်း မျိုးစပါးနှင့် လယ်ထွန်စက် ရှိမည်ဆိုပါက ပြန်လည်စိုက်ပျိုးနိုင်ကြောင်းလည်း သိရသည်။

သိုလှောင်ထားသည့် နွေးစပါးများသည်လည်း မုန်တိုင်းတိုက်ခတ်မှုကြောင့် အမိုးများလန်သွား သဖြင့် ရေဝင်ကာ ပျက်စီးဆုံး ရှုံးကြောင်း စက်စမ်းရွာ ဒေသခံက ပြောပြသည်။

၎င်းက ဆက်လက်ပြီး“လတ်တလော အခြေအနေ မှာတော့ နေစရာနဲ့ စားဝတ်နေရေး အခက်အခဲရှိတယ်၊ သီတဂူ ဆရာတော် လာလှူတာတွေတော့ရတယ်၊ အစိုးရကပေးတာဆိုလို့ လူတယောက်ကို ဆီ နှစ်ကျပ် ခွဲသား၊ ဆန်နို့ဆီဘူး တလုံး၊ အားလူး သုံးလုံး၊ တအိမ်ထောာင်ကို အဝတ် ၇ ထည်၊ သူတို့နဲ့ ရင်းနှီးသူတွေနဲ့ ဝန်ထမ်းတွေကတော့ အမိုးဆို လည်း အလိပ်နဲ့ရတယ်၊ ကျမတို့လိုရွာသား ကတော့ မဲနှိုက်မှပဲရတယ်” ဟု ပြောဆိုသည်။

ဧရာဝတီတိုင်းရှိတခြားသော မုန်တိုင်း ဒဏ်ခံဒေသများတွင်လည်း လယ်ယာမြေများ၊ ကျွဲ နွားတိရစ္ဆာန်များ သေကြေ ပျက်စီး ဆုံးရှုံးသောကြောင့် လယ်သမားများအတွက် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများပြန်လည် လုပ်ကိုင်ရန် လိုအပ်ချက်များစွာ ရှိနေကြောင်း သိရသည်။

ယင်း မုန်တိုင်းဒဏ်ကြောင့် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်နှင့် ရန်ကုန်တိုင်း တို့တွင် ကျွဲ နွား တိရစ္ဆာန် ကောင်ရေ ၁၅၆၀၀၀ ကျော်သေဆုံးကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကပြောသည်။

ရန်ကုန်အခြေစိုက် ဗွိုက်စ် ဂျာနယ်တွင် နာဂစ် ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်မှုကြောင့် လယ်ယာမြေ ဧက ၂.၄၃ သန်း ပျက်စီး ဆုံးရှုံးခဲ့သည်ဟု ဖော်ပြသည်။
မြန်မာနိုင်ငံသည် နှစ်စဉ် ဆန် တန်ချိန် ၁၀.၇ သန်း နှင့် ၁၀.၆ သန်းအကြား ထွက်ရှိခဲ့ရာ ယခု ၂၀၀၈ ခုနှစ် တွင် ဆန်အထွက် နှုန်း ၈ ရာခိုင်နှုန်း လျော့နည်းဖွယ်ရှိသည်ဟု ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က ခန့်မှန်းထားသည်။

0 comments: