Wednesday, May 28, 2008

ဆန္ဒခံယူပွဲရလဒ် စီအာပီပီ အသိမှတ်မပြု

ခေတ်ပြိုင်-ကျော်ထင်/ ၂၇ မေ ၂၀၀၈

(၉၂.၄၈) ရာခိုင်နှုန်းက ထောက်ခံသည်ဟု ယမန်နေ့ ထုတ်ပြန်ခဲ့သည့် စစ်အစိုးရ၏ ဆန္ဒခံယူပွဲ ရလဒ်အပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (စီအာပီပီ) က အသိအမှတ်မပြုကြောင်း ပြောကြားသည်။

စီအာပီပီ အတွင်းရေးမှူး ဦးအေးသာအောင်က ယနေ့ကျရောက်သော (၁၈) နှစ်မြောက် (၉၀) ပြည့်နှစ်ရွေးကောက်ပွဲနေ့အထိ ကိုယ်တိုင်ကျင်းပပေးခဲ့သည့် ရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရက လျစ်လျူရှုထားပြီး သဘာဝကပ်ဘေးကြီး ကျရောက်နေချိန်၌ပင် အတင်းအဓမ္မ ပြုလုပ်ခဲ့သည့် ဆန္ဒခံယူပွဲကို အသိမှတ်မပြုကြောင်း ပြောသည်။

၎င်းက “(၉၂) ရာခိုင်နှုန်းကျော်ကျော်ရတယ်ပဲ ပြောပြော၊ ဒါကတော့ ဘယ်လိုပဲ ပြောပြောပါ။
လုံးဝ စီအာပီပီအနေနဲ့သော်လည်းကောင်း၊ အန်ကယ် တဦးတယောက်တည်းအနေနဲ့သော်လည်း ကောင်း လုံးဝလက်ခံမှု မရှိပါဘူး။ ဒါဟာ ပြည်သူတွေရဲ့ဆန္ဒအစစ်အမှန်လည်း မဟုတ်ဘူး” ဟု ပြောသည်။

ယခုကဲ့သို့ လမ်းပြမြေပုံအတိုင်း လုပ်ဆောင်နေမှုများသည် မကောင်းသည့် အစဉ်လာများဖြစ် ကြောင်း၊ တဖက်သတ် လုပ်ဆောင်နေမှုများသည် ယာယီအားဖြင့် လုပ်ဆောင်နိုင်သော်လည်း ရေရှည်တွင် တမျိုးသားလုံး ထောက်ခံမှုနှင့် ညီညွတ်မှုကို မရသည့်အတွက် တိုင်းပြည်အနာဂတ် အတွက် စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

စီအာပီပီကို တရားဝင် ပြည်သူ့လွှတ်တော် ခေါ်ယူခွင့် မရသည့်အတွက် အန်အယ်လ်ဒီအပါအ၀င် (၉၀) ပြည့် ရွေးကောက်ပွဲအနိုင်ရပါတီများမှ ကိုယ်စားလှယ်များဖြင့် ၁၉၉၈ ခုတွင် ဖွဲ့စည်းခဲ့သည်။

ဆန္ဒခံယူပွဲ ရလဒ်အပေါ် ပြည်တွင်းပြည်ပမှ အတိုက်အခံ အင်အားစုများကလည်း အသိမှတ် မပြုကြောင်း သဘောထားကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့က ထိုင်း-မြန်မာနယ်စပ်တနေရာ၌ ယနေ့ကျင်းပသည့် ၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ (၁၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်း အမှတ်အခမ်းအနားတွင်လည်း နအဖကြေညာသည့် လူထုဆန္ဒခံယူပွဲ ရလဒ်နှင့် ပတ်သက်၍ လက်မခံနိုင်ကြောင်း ရှုတ်ချပြောဆိုသည်။ ။

0 comments: