မဇ္ဈိမသတင်းဌာန၊ မေလ ၁၄ ရက် ၂၀၀၈
နယူးဒေလီ။ ။ ဆိုင်ကလုံးမုန်တိုင်းဒဏ်ခံ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသို့ နိုင်ငံရပ်ခြားနှင့် မြန်မာအကူအညီပေး ရေးလုပ်သားများဝင်ရောက်ခွင့်ကို မြန်မာစစ်အစိုးရက ကန့်သတ်ချုပ်ချယ်မှုများ အသစ်ထပ်မံပြုလုပ်လိုက်သည်။ ယခုအခါ စာနယ်ဇင်းသမားများ သွားရောက်ခွင့်နှင့် ကင်မရာများ အသုံးပြုခွင့်ကိုပါ ပိတ်ပင်လိုက်ပြီ ဖြစ်သည်။
ရန်ကုန်နှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများပြန်လည်တည်ဆောက်ရေး အတွက် တာဝန်ပေးအပ်ခံရသည့် မြန်မာလူမျိုး စီးပွါးရေးလုပ်ငန်းရှင်များကို ဤလျှို့ဝှက်အမိန့်အကြောင်း ဝန်ကြီးချုပ် သိန်းစိန်က ရန်ကုန်တိုင်းစစ်ဌာနချုပ်တွင် အင်္ဂါနေ့က ပြုလုပ်သည့်အစည်းအဝေး၌ ပြောပြခဲ့ခြင်း ဖြစ်သည်။
"ဘယ်နိုင်ငံခြားသားကိုမှ မြစ်ဝကျွန်းပေါ်ဒေသကို သွားခွင့်ပြုမှာမဟုတ်ဘူးလို့ သိန်းစိန်က မနေ့ကပြောခဲ့တာ။ မြန်မာကုမ္ပဏီတွေတောင်မှ ကင်မရာ ယူခွင့်မပြုဘူး" ဟု စစ်တပ်နှင့်နီးစပ်သည့် သတင်းရပ်ကွက်တခုက မဇ္ဈိမကို ပြောကြားခဲ့သည်။
ဧရာဝတီတိုင်း ဘိုကလေးမြို့မှ မကြာသေးခင်ကမှ ပြန်လာခဲ့သည့် ဘတ်စ်ကားမောင်းသူတဦးကလည်း ခရီးသည်များကို စစ်ဆေးမေးမြန်းရန် လမ်းတလျှောက် စစ်ဆေးရေးဂိတ်များ အစိုးရကချထားသည်ဟု ဆိုသည်။
"နိုင်ငံခြားသားတွေကို ဒေသတွင်းဝင်ရောက်ခွင့်ပြုတဲ့ ခွင့်ပြုချက်ပါမစ်တွေ ပြခိုင်းတယ်။ မြန်မာနိုင်ငံသားတွေကျတော့ ဘိုကလေးမှာရှိတဲ့ ဆွေမျိုးသားချင်းတွေရဲ့ နေရပ်လိပ်စာတွေနဲ့ သူတို့ရဲ့ နေရပ်လိပ်စာတွေကိုမေးလို့ ပြောပြရတယ်" ဟုအဆိုပါ ဘတ်စ်ကားမောင်းသူက ပြောပြသွားပါသည်။
အလားတူပင် မြစ်ဝကျွန်းပေါ်ဒေသမှ ဆိုင်ကလုံးမုန်တိုင်းဒဏ်ခံ လေဘေးဒုက္ခသည်များကို ကူညီလို၍ ရန်ကုန်မြို့မှ သွားရောက်ကြသည့် မြန်မာအလှူရှင် ၂ဝ ဦးပါ အဖွဲ့ကိုလည်း ဒေသခံတပ်ရင်းတရင်းက ပြန်လှည့်သွားခိုင်း၍ လှူဒါန်းခွင့်မရဘဲ ပြန်ပို့ခံခဲ့ကြရသည်။
ရန်ကုန်မှ ဘိုကလေးသွားလမ်းပေါ်တွင် တပ်ရင်းအမှတ် ၆၆ နှင့် ၇၇ တို့က အဆိုပါအလှူရှင်များကို ရပ်တန့်ခိုင်းခဲ့ခြင်း ဖြစ်သည်ဟု အလှူရှင်များနှင့် နီးစပ်သူတဦးက ပြန်ပြောပြသည်။ အလှူရှင်များက သောက်ရေသန့်များ၊ ဆေးဝါးများ၊ ဆန်များ၊ သကြားနှင့် ခံတွင်းမှသောက်သုံးရသည့် ဓါတ်ဆားရည်ထုပ်များကို သယ်ယူသွားခဲ့ကြခြင်း ဖြစ်သည်။
"ဒေသခံစစ်တိုင်းဌာနချုပ်က ထုတ်ပေးတဲ့ အထူးပါမစ်တွေပါမှ ဝင်ရောက်ခွင့်ပေးမယ်လို့ စစ်တပ်က အလှူရှင်တွေကို ပြောတယ်။ ပြီးတော့ ပြန်လှည့်သွားခိုင်းလိုက်တာဘဲ" ဟု အဆိုပါသတင်းရပ်ကွက်က မဇ္ဈိမကိုပြောပါသည်။
နိုင်ငံတကာအကူအညီပေးရေး လုပ်သားများကို ကန့်သတ်မှုများနှင့် တားမြစ်မှုများ ပြုလုပ်နေခြင်းကြောင့် မြစ်ဝကျွန်းပေါ်ဒေသသို့ အကူအညီပေးပို့ရေး လုပ်ငန်းများမှာ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု ရန်ကုန်ရှိ ကုလသမဂ္ဂရုံးနှင့်အကူအညီပေးရေး အေဂျင်စီများကပြောဆိုကြသည်။
"ဒေသခံဝန်ထမ်းတွေဘဲ အလုပ်လုပ်ခွင့်ပြုတယ်။ နိုင်ငံခြားသားဝန်ထမ်းတွေကိုခွင့်မပြုဘူး" ဟု ရန်ကုန်ကုလသမဂ္ဂရုံး ၏ပြောရေးဆိုခွင့်ရှိသူ အေးဝင်း ကပြောပါသည်။ သို့သော် ကုလသမဂ္ဂနိုင်ငံတကာဝန်ထမ်းများအတွက် ဗီဇာလျှောက်ထားရေးလုပ်ငန်းစဉ်ကို လွယ်ကူအောင်လျှော့ပေါ့ပေးမည်ဟု အစိုးရက ကတိပြုကြောင်း သူကပြောဆို သွားပါသည်။
"အစိုးရတာဝန်ရှိသူတဦးက ကုလသမဂ္ဂကို အင်္ဂါနေ့က ဒီလိုကတိပေးသွားတာ" ဟု ဦးအေးဝင်းက ပြောဆိုလိုက်ပါသည်။
မြန်မာအစိုးရသည် လွန်ခဲ့သော ရက်သတ္တပတ်အတွင်း ကုလသမဂ္ဂဝန်ထမ်း လက်တဆုပ်စာကိုသာ ဗီဇာထုတ်ပေးခဲ့သည်။ ထိုအထဲတွင် နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (IFRC) မှအနည်းဆုံး (၉) ဦး ပါဝင်သည်။ ကုလသမဂ္ဂ၏ အဓိကကျသောဝန်ထမ်း ၆ဝ ကျော်မှာ မြန်မာနိုင်ငံတွင်းသို့ ဝင်ခွင့်မရသေးဘဲ ယခုအထိခွင့်ပြုချက်ကို စောင့်ဆိုင်းနေရဆဲ ရှိသည်။
မြန်မာနိုင်ငံအနေဖြင့် မည်သည့်နေရာမှမဆို ပေးအပ်သည့်အကူအညီများကို လက်ခံကြဆိုမည် ဖြစ်ပြီး အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများ ဝေငှရေးကိုမူ အစိုးရကိုသာ ခွင့်ပြုမည်ဟု တရားဝင်ထုတ်ပြန်ကြေညာချက်က ဆိုသည်။
"ဝင်ရောက်ခွင့်ဟာ တကယ့်ကိုပြဿနာကြီးပါဘဲဗျာ" ဟု ကုလသမဂ္ဂ လူသားချင်းစောင့်ရှောက်မှုရေးရာ ညှိနှိုင်းရေးရုံး (UNOCHA) ဒေသဆိုင်ရာအကြီးအကဲ Terje Skavadal ကလည်းပြောဆိုသွားပါသည်။
ကုလသမဂ္ဂ လျှို့ဝှက်အစီရင်ခံစာများအရ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) တို့လည်း မုန်တိုင်းဒဏ် အဆိုးဝါးဆုံးခံခဲ့ရသည့် မြစ်ဝကျွန်းပေါ်အောက်ပိုင်းဒေသများသို့ ယင်းတို့၏ဝန်ထမ်းများ သွားရောက်ခွင့်မရကြသေးဟု သိရသည်။
ဥရောပအကူအညီပေးရေး အေဂျင်စီတခုဖြစ်သည့် နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF) ကလည်းယင်းတို့၏ အရေးပေါ်အကူအညီများကို ယင်းတို့၏ ဝန်ထမ်းများမှ တဆင့်သာ ဖြန့်ဖြူးပေးနေသည်ဟု ဆိုသည်။ သို့သော် သူတို့၏ အဆိုပါဝန်ထမ်းများသည်လည်း မြစ်ဝကျွန်းပေါ်ဒေသတွင် 'ချုပ်ချယ်မှုများတိုး၍' ခံလာနေရသည်ဟု အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသွားပါသည်။
"ဥပမာ ဘိုကလေးမှာဆိုရင် အစားအစာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အလွန်ကြီးမားများပြားစွာ လိုအပ်နေတာ ကို လိုအပ်သလောက် သူတို့မပေးနိုင်ခဲ့ဘူး" ဟု အဆိုပါ အကူအညီပေးရေးအုပ်စုက ပြောဆိုလိုက်ပါသည်။
ဤသို့ ဒုက္ခသည်များကို အကူအညီပေးရန် စစ်အစိုးရဘက်မှ ပျက်ကွက်ခြင်းအတွက် ရန်ကုန်မြို့နေလူထုကလည်း အလွန်အမင်း စိတ်ဆိုးဒေါသထွက်လျက် ရှိကြသည်။ "သူတို့ဟာ ဗမာပြည်အတွက်လဲ ရှက်စရာ၊ ဗုဒ္ဓဘာသာဝင်တွေ အတွက်လည်း ရှက်စရာ၊ သူတို့ကိုယ် သူတို့အတွက်လည်း ရှက်စရာဘဲ" ဟု မြန်မာပညာတတ်တဦးက မဇ္ဈိမသို့ အီးမေးလ်ဖြင့်ဆက်သွယ်ပြောကြားခဲ့ပါသည်။
(ဆော်လမွန်၊ ဝိုင်းပီး၊ လာရီရေဂင် နှင့် ရန်ကုန်မြို့မှသတင်းထောက်တို့က သတင်းပေးပို့၍ မုံပီးက သတင်းအဖြစ် ပြန်လည်ရေးသားသည်။ )
Wednesday, May 14, 2008
ဆိုင်ကလုံးဒဏ်ခံ မြစ်ဝကျွန်းပေါ်ဒေသကို စစ်အစိုးရက အထီးကျန်ဖြစ်အောင်လုပ်ပြန်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment