Wednesday, May 14, 2008

ဒုက္ခသည်များ အမြတ်ထုတ်ခံနေရ

ဧရာဝတီ-ကြည်ဝေ | မေ ၁၄၊ ၂၀၀၈

သသာကေတမြို့နယ်ထဲက ရယက ရုံးအဆောက်အဦးရှေ့မှာ လေဘေးဒုက္ခသည်များအား မိသားတစုလျှင် စားအုန်းဆီ တဆယ်သား ကျပ် ၁၂၀ နှုန်းနဲ့ ရောင်းချပေးနေပြီဆိုတဲ့ ဆိုင်းဘုတ်ပြားချိတ်ဆွဲထားပါတယ်။ ထိုဆိုင်း ဘုတ်ပြားရဲ့ မလှမ်း မကမ်းမှာတော့ အ၀တ်အစားနွမ်းနွမ်း၊ ရုပ်ရည်ပိန်ကပ်ကပ် ညှိုးခြောက်ခြောက်တွေနဲ့ လူတွေက ဆီပုလင်းကိုယ်စီကိုင် ထားပြီး ဆီတဆယ်သား ၀ယ်ယူခွင့်ရဖို့အတွက် မျှော်လင့်တကြီး စောင့်စားနေကြသလို၊ အင်္ကျီမပါတဲ့ ကလေးလေးတွေ ကလည်း လူကြီးတွေကြားမှာ ဟိုညပ်ဒီညပ်နဲ့ ဆီပုလင်းကိုင်ပြီး စောင့်နေကြပါတယ်။

ရန်ကုန်မြို့က လေဘေးဒုက္ခသည် ကလေးငယ်များ ဆန်လှူဒါန်းတဲ့နေရာမှာလည်း ဒုက္ခခံ တန်းစီစောင့်နေကြရ (ဓာတ်ပုံ - အေပီ)

အဆိုပါလူတန်းရှည်ကြီးရဲ့ ရှေ့ဘက် ထိပ်မှာတော့ စားပွဲတလုံးချထားပြီး စာရင်းမှတ်သူနဲ့ ဆီပေပါထဲက ဆီတွေ ကို ချိန်တွယ်ပေးသူနဲ့ ရယက အဖွဲ့ဝင် တွေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ဝင်တွေ ကလည်း တန်းစီတဲ့သူတွေကို စည်းကမ်း ရှိကြဖို့၊ ရှေ့ဘက် သိပ်မတိုးကြဖို့ အော်ဟစ်နေကြပါတယ်။

လေဘေးဒုက္ခသည်တွေအနေနဲ့ ဆီ တဆယ်သား ၁၂၀ ကျပ်ဈေးနှုန်းနဲ့ ၀ယ်ယူခွင့်ရဖို့ အတွက် မနက် ၅ နာရီ ကတည်းက ဆီဆိုင်ရှေ့မှာ တန်းဆီရ တယ်လို့ ရွှေပြည်သာမြို့နယ်ထဲက လေဘေးဒုက္ခသည်တဦးဖြစ်သူ မသီတာ ကပြောပြပါတယ်။

သူမတို့လို လေဘေးဒုက္ခသည်တွေအနေနဲ့ ၃ ရက်တခါ ဆီတဆယ်သားနဲ့ ဆန် ၁ ပြည် ၀ယ်ယူခွင့်ရတယ်လို့ သိရပါတယ်။ ဆန် ၁ ပြည်ကို ငွေ ကျပ် ၇၅၀ နှုန်းနဲ့ ၀ယ်ယူရခြင်းဖြစ်တယ်လို့ သူမက ဆိုပါတယ်။

သူမလိုဘဲ ရန်ကုန်တိုင်းအတွင်းက လေဘေးဒုက္ခသည် အတော်များများဟာ ရပ်ကွက်ထဲက ရယကတွေနဲ့ ကြံ့ဖွံ့တွေ ရောင်းချပေးနေတဲ့ ဆီ၊ ဆန်၊ သွပ်၊ သံ စတဲ့ ပစည်းတွေကို ၀ယ်ယူရတာကလွဲပြီး တခြားထောက်ပံ့ပစ္စည်းတွေ ဘာတခုမှ လက်ခံရရှိခြင်း မရှိသေးပါဘူးလို့ ပြောပြကြပါတယ်။

“ဆန်နဲ့ဆီရောင်းပေးတာကလွဲလို့ တခြားဘာမှ လုပ်မပေးသေးပါဘူး၊ သွပ်ဝယ်ချင်တဲ့ သူကိုတော့ သွပ်တချပ် ၅၀၀၀ ကျပ်နဲ့ ရောင်းပေးပါတယ်၊ ခုချိန်ထိ ကျမတို့ကို အလကားပေးတာ ဘာမှ မရှိပါဘူး”လို့ အင်းစိန် မြို့နယ်မှ လေဘေးဒုက္ခသည် တဦးက ပြောပြပါတယ်။

ပြည်တွင်းက ပြည်သူများနဲ့ နိုင်ငံတကာမှ လှူဒါန်းကြတဲ့ ပစ္စည်းတွေကို စစ်အစိုးရက ချုပ်ကိုင်ထားပြီး လေဘေးသင့် ဒုက္ခသည်တွေကို ပြန်လည်ရောင်းချပေးခြင်း ဖြစ်တယ်လို့ အလှူရှင်တချို့ရဲ့ ပြောပြချက်အရ သိရှိရပါတယ်။

“မေလ ၃ ရက်နေ့က ကျနော်တို့ကုမ္ပဏီကနေ သွပ်အချပ်ပေါင်း ၃ သိန်းကို ပထမဆုံးအသုတ်အနေနဲ့ စလှူပေးခဲ့တယ်၊ အဲဒီသွပ်တွေက လေဘေးဒုက္ခသည်တွေကို အလကားပေးဖို့ လှူပေးခဲ့တာပါ၊ ရောင်းချပေးခဲ့တာ မဟုတ် ပါဘူး”လို့ သွပ်လှူဒါန်းသူ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင် တဦးက ပြောပြပါတယ်။

မေလ ၂ ရက်နေ့ မုန်တိုင်း ဒဏ်ခံရသူများအတွက် ရည်စူးပြီး ပြည်တွင်းလုပ်ငန်းရှင်များကလည်း ငွေကြေးများ၊ စားသောက် စရာများ၊ ဆန်များကို အစိုးရလက်သို့ တိုက်ရိုက်ပေးလှူခဲ့ရကြောင်း၊ ထိုအထဲမှာ ဆန်၊ ဆီနဲ့ တခြား အစားအစာ ပစ္စည်းများနဲ့ အိမ်ဆောက်ပစ္စည်းများ အများဆုံးပါဝင်ကြောင်း၊ သို့ပေမယ့် ယခုအချိန်ထိ လေဘေးသင့်နေရာများသို့ ထိုပစ္စည်းနှင့် အစား အစာများကို ရောင်းချနေသည်ဟု ကြားသိရသည့်အတွက် စိတ်မကောင်း ဖြစ်ရကြောင်း ၎င်းလုပ်ငန်းရှင်များက ပြောဆိုပါတယ်။

“ကျနော်တို့က ကျနော်တို့ကိုယ်တိုင် ဒုက္ခသည်စခန်းတွေဆီကို တိုက်ရိုက်ဝင်ပြီး လှူခွင့်ရဖို့ပြောတယ်။ ဒါပေမယ့် ခွင့်မပြုဘူး၊ သူတို့လက်ထဲကိုပဲ အပ်ဖို့ပြောတာနဲ့ အပ်ခဲ့ရတယ်၊ ကျနော်တို့ဖြစ်စေချင်တာက ဒုက္ခသည်တွေနဲ့ တွေ့ပြီး မေးပြီး လိုအပ်တာ ကူညီလုပ်ကိုင်ပေးချင်တာ”လို့ ခေါက်ဆွဲထုတ်လုပ်ရေး ကုမ္ပဏီတခုမှ တာဝန်ရှိသူ တဦးက ပြောဆိုပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ်၊ မအူကုန်းလမ်းကျယ်မှာနေထိုင်သူ အလှူရှင်တဦးကလည်း သူတို့မြို့နယ်တွင်းက လေဘေးသင့် သူတွေအတွက် စားအုန်းဆီပိဿာချိန် ၃၀၀ ပေးချင်တဲ့အတွက် သူ့အနေနဲ့ ဆီတွေကို သက်ဆိုင်ရာ ရယက လက်ထဲသို့ အပ်ခဲ့ရကြောင်း၊ သူလှူဒါန်းသည့် ဆီများကို နောက်တနေ့နံနက် ရယက ရုံးမှာ ဆီတဆယ် သား ၁၄၀ ကျပ်နှုန်းနဲ့ လေဘေး ဒုက္ခသည်တွေကို ရောင်းပေးနေတာ တွေ့မြင်ရကြောင်း၊ စိတ်ထိခိုက်ရသလို စိတ်ဆိုးဒေါသထွက်ရကြောင်း သူက ပြောပြပါတယ်။

လှူဒါန်းလိုသူများအနေနဲ့ ဒုက္ခသည်စခန်းများဆီသို့ တိုက်ရိုက်ဝင်ခွင့်မရကြောင်း၊ အစိုးရအနေနဲ့ လေဘေးဒုက္ခသည်များ အတွက် လှူဒါန်းရာတွင်ပင် ကန့်သတ်ချူပ်ချယ်မှုများ ထားရှိကြောင်း၊ လှူဒါန်းလိုသည့် ပစ္စည်းများကို အစိုးရထံသို့သာ အပ်နှံလှူဒါန်းရခြင်းဖြစ်ကြောင်း အလှူရှင်များရဲ့ ပြောပြချက်များအရ သိရှိရပါတယ်။

“ဒါကိုက မရိုးသားတာလို့ ကျနော်တို့ထင်တယ်၊ အလှူရှင်တွေ လှူဒါန်းတဲ့ ပစ္စည်းတွေ ဒုက္ခသည်တွေဆီကို ၃ ပုံ ၁ ပုံ လောက်ရောက်ရင်ကို တော်တော်ကံကောင်းတယ်လို့ ပြောရမလို ဖြစ်နေပြီ” လို့ ဂျုံ လုပ်ငန်းရှင်တဦးက ပြောဆိုပါတယ်။

မြန်မာနိုင်ငံတွင်းရှိ လေဘေးသင့်ပြည်သူများထံ ပြည်တွင်းအလှူရှင်များနဲ့ ပြည်ပနိုင်ငံများမှ လှူဒါန်းကြတဲ့ ပစ္စည်းများမှာ စစ်အစိုးရရဲ့ချုပ်ကိုင်မှုနဲ့ စီမံခန့်ခွဲမှုအောက်မှာ ရှိနေတဲ့အတွက် အလှူရှင်အများစုမှာ လေဘေးသင့် ဒုက္ခသည်များအတွက် ပူပန်လျက်ရှိကြောင်း သိရှိရပါတယ်။

မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်းအခံရဆုံးဖြစ်ပြီး လူအသေအပျောက် အများဆုံးဖြစ်တဲ့ ဧရာဝတီတိုင်းရှိ လေဘေးသင့်မြို့နယ် တွေကို နိုင်ငံတကာမှ လှူဒါန်းသော စားစရာနဲ့ အိမ်ဆောက်ပစ္စည်းများ လှူဒါန်းပေးပို့နေတယ်လို့ နိုင်ငံပိုင်သတင်းစာများနဲ့ ရုပ်မြင်သံကြားများမှာ ထုတ်လွှင့်နေပေမယ့် ဒီနေ့အထိ အစားအစာနဲ့ သောက်ရေသန့်မရရှိတဲ့ ဒုက္ခသည်များရှိသေးကြောင်း အဆိုပါမြို့နယ်များကို သွားရောက်ခဲ့တဲ့ သတင်းထောက်များရဲ့ ပြောပြချက်အရ သိရပါတယ်။

“ဘိုကလေးမြို့ပေါ်ကို ရေကစဖြန့်တာ မေ ၇ ရက်နေ့ကမှ စတာ ၊ ဒါတောင်မြို့ပေါ်ကိုပဲ ဆန်နဲ့ အာလူးစပေးတာ၊ ဘိုကလေး မြို့နယ်ထဲက တခြားမြို့တွေနဲ့ ရွာတွေကို လုံးဝ မရောက်ဘူး၊ ကယ်ဆယ်ရေးလုပ်တဲ့ သူတွေကလည်း မြို့ပေါ်လောက်ပဲ ဟန်ပြသဘောမျိုးတွေ လုပ်ပြကြတယ်၊ နယ်တွေထိ ဆင်းမရှာကြတော့ မုန်တိုင်းကြောင့် မသေဘဲ သောက်ရေမရှိလို့သေတဲ့ သူတွေ နယ်မှာရှိတယ်”လို့ ပြည်တွင်းသတင်းထောက်တဦးက ပြောဆိုပါတယ်။

စစ်အာဏာပိုင်များရဲ့ ကယ်ဆယ်ရေးနဲ့ ကူညီထောက်ပံ့ရေး လုပ်ငန်းဆောင်ရွက်နေသူတွေက ရုပ်မြင်သံကြားမှာ ဟန်ပြ သဘောမျိုး ရိုက်ပြလုပ်ပြနေကြပြီး နယ်အထိဆင်းပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ ကူညီပံ့ပိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်ခြင်းမရှိတဲ့အတွက် မုန်တိုင်းကြောင့် အသက်မသေဘဲကျန်ရစ်ခဲ့သူတချို့မှာ မြို့ပေါ်ရှိစခန်းများထိ ရောက်အောင် မလာနိုင်ကြတဲ့ကလေးများနဲ့ သက်ကြီးရွယ်အိုများမှာ ရေငတ်ပြီး သေဆုံးခဲ့ရကြောင်း ပြည်တွင်းသတင်းထောက်တဦးရဲ့ စာရင်းကောက်ယူထားမှုမှ သိရှိရပါတယ်။
အဆိုပါ ဧရာဝတီတိုင်းအတွင်းသို့ နိုင်ငံခြားသတင်းထောက်များ ၀င်ရောက်သတင်းယူခွင့်ကိုလည်း မေလ ၁၀ ရက်နေ့မှ စတင်ကာ ပိတ်ပင်ထားကြောင်း သိရှိရပြီး ပြည်တွင်းသတင်းထောက်များကိုလည်း ဒုက္ခသည်စခန်းများအတွင်း ၀င်ရောက် သတင်းယူခွင့်ကို ပိတ်ပင်လျက်ရှိကြောင်း သိရပါတယ်။

0 comments: