ဧရာဝတီ-အောင်သက်ဝိုင်း | မေ ၂၊ ၂၀၀၈
ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းဆန္ဒခံယူပွဲတွင် မဲပေးနိုင်သည့် လူဦးရေ စာရင်းကို ယနေ့နံနက် ၆ နာရီမှစတင်ပြီး ရန်ကုန် တိုင်းအတွင်းရှိ ရယက ရုံးများတွင်ထုတ်ပြန်ကြေညာထား လိုက်ပြီဖြစ်သော်လည်း ရန်ကုန်လူထုအတွင်း စိတ်ဝင်စားမှု နည်းပါးကြောင်း ရန်ကုန်မြို့ခံများကပြောသည်။
ရန်ကုန်တိုင်း မြို့နယ် ၄၅မြို့နယ်အတွင်း ရပ်ကွက် ၁၂၇၃ ခုရှိ ရယက ရုံးများ၌ မဲပေးနိုင်သော လူဦးစာရင်းများကို စတင် ကပ်ထားပြီး ကြိုတင်ဆန္ဒမဲပေးမှုများ လက်ခံနေပြီဖြစ်ကြောင်း လှိုင်မြို့နယ် ရယက အဖွဲ့ဝင် တဦးက ပြော သည်။
“မနေ့က ဆယ်အိမ်မှုးတွေက လိုက်ပြောတယ်၊ မနက်ဖြန် ရယကရုံးမှာမဲစာရင်းကပ်ထားမယ်၊ ကိုယ့်နာမည် ပါမပါ လာကြည့် ဆိုပြီးပြောတယ်၊ ဒါပေမယ့် သွားမကြည့်ဖြစ်ဘူး၊ အလုပ်ကအရေးကြီးတယ်”ဟု လှိုင်သာယာ မြို့နယ်မှ အသက် ၃၅ နှစ်ရှိ ကုမ္ပင်္ဏီဝန်ထမ်း အမျိုးသမီးတဦးက ဆိုသည်။
မဲစာရင်းများကို ရယက ရုံးများတွင်ကပ်ထားသော်လည်း လာရောက်ကြည့်ရှုသူမရှိကြောင်း၊ မရမ်းကုန်းမြို့နယ်၊ လှိုင်မြိုနယ်၊ ကမာရွတ်မြို့နယ် အတွင်းရှိ ရပ်ကွက်ရုံးများသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းချက် အရ သိရသည်။
“မဲစာရင်းတော့ကပ်လိုက်ပြီ၊ မနက် ၈ နာရီက ကပ်တယ်၊ ဘယ်သူမှလာမကြည့်သေးဘူး”ဟု မရမ်းကုန်းမြို့နယ် ဘုရင့်နောင် ၁ ရပ်ကွက်မှ ရပ်ကွက်လူကြီးတဦးက ပြောသည်။
ယနေ့ မဲစာရင်းမကြေညာမီ ဧပြီလ ကုန်မှစတင်၍ ရန်ကုန်တိုင်းဆန္ဒခံယူပွဲကျင်းပရေး ကော်မရှင် အဖွဲ့ခွဲက ကြိုတင်မဲဆန္ဒ ပေးမည့်သူများအတွက် ဆန္ဒမဲလက်မှတ် တမြို့နယ် လျှင် ၁၅၀၀ နှုန်းဖြင့် ၄၅မြို့နယ် အတွက် ကြိုတင်ဆန္ဒမဲ လက်မှတ်များ ထုတ်ပေးခဲ့ကြောင်း တိုင်းကော်မရှင်အတွင်းရေးမှူးဦးလှစိုး နှင့်င်္နီးစပ်သူ တဦးက ပြောသည်။
အဆိုပါ ကြိုတင်ဆန္ဒမဲလက်မှတ်များ ထုတ်ပေးလိုက်ချိန်တွင် အားလုံးသော ကြိုတင်ဆန္ဒမဲလက်မှတ်များမှာ ထောက်ခံမဲများ ဖြစ်ရမည်ဟု တိုင်းကော်မရှင်ကညွှန်ကြားခဲ့ကြောင်း ကမာရွတ်မြို့နယ် မယက တဦးက ဆိုသည်။
ကြိုတင်ဆန္ဒမဲပေးမည့်သူစာရင်းကိုဧပြီလ၂၇ ရက်နေ့တွင် စတင်ကောက်ခံကာနာမကျန်းဖြစ်နေသူများ၊ သက်ကြီး ရွယ်အို များ၊ ခရီးသွားမည့်သူများနှင့်ဝန်ထမ်းများကိုအဓိကထား စာရင်းကောက်ယူခဲ့ပြီး အိမ်တိုင်ရာရောက် ကြိုတင် ဆန္ဒမဲကောက် ယူများပြုလုပ်နေကြောင်းအဆိုပါတိုင်းကော်မရှင်နှင့် နီးစပ်သူ တဦးက ပြောဆိုသည်။
ဧပြီလကုန်ပိုင်းမှ ယနေ့အထိ မြို့နယ်များတွင်ကောက်ယူသောစာရင်းများအရ ကြိုတင်ဆန္ဒမဲပေးသူအရေ အတွက်အနည်း ငယ်သာရှိပြီး ကြိုတင် ဆန္ဒမဲပေးမှုများကို မေလ ၉ရက်နေ့ထိလက်ခံသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းကော်မရှင်အဖွဲ့နှင့် နီးစပ်သော သတင်းရပ်ကွက် အဆိုအရ သိရှိရသည်။
ယင်းသို့ကြိုတင်ဆန္ဒမဲပေးမှုများ လက်ခံရာတွင် လွတ်လပ်မှုမရှိကြောင်း ကြိုတင်ဆန္ဒမဲပေးခဲ့သည့်ရန်ကုန် ဒေသခံ များက ပြောသည်။
ကမာရွတ်မြို့နယ်အတွင်းရှိ ရပ်ကွက်တခုမှ ကြိုတင်ဆန္ဒမဲပေးခဲ့သော အသက်၇၆နှစ် အရွယ် အဘွားအိုတဦး၏ အဆိုအရ ရယက များက ကြိုတင်ဆန္ဒမဲ ကောက်ယူရန်အိမ်သို့လာရောက်ပြီး ထောက်ခံမဲပေးရန်ပြောဆို ကြောင်း၊ ယင်းနောက်ဆန္ဒမဲ ပေးမှုကိုကြည့်ရှုနေသည့်အတွက် အမှန်ခြစ်ပေးလိုက်ရကြောင်း သိရှိရသည်။
“ကြိုတင်ဆန္ဒမဲပေးမည့်သူက တယောက်ချင်းဆီလိုက်ကောက်ပြီးတော့ ဘာမဲပေးတယ်ဆိုတာ သူတို့ ဖောက်ကြည့်လို့ရနိုင် တော့ လုံခြုံစိတ်ချရမှုမရှိဘူးပေါ့”ဟု ပြည်တွင်းသတင်းထောက်တဦးက ပြောသည်။
ရန်ကုန်မြို့နယ်များတွင် ကြိုတင်ဆန္ဒမဲပေးမည့်သူ တမြို့နယ်လျှင် လူ ၁၀၀ ခန့်သာရှိကြောင်း ရန်ကုန်တိုင်း ကော်မရှင်နှင့် နီးစပ်သူများ၏ အဆိုအရ သိရှိရသည်။
Saturday, May 3, 2008
မဲပေးနိုင်သူစာရင်း ထုတ်ပြန်သော်လည်း လူအများ စိတ်ဝင်စားမှုနည်းပါး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment