မဇ္ဈိမသတင်းဌာန - Friday, 02 May 2008 16:26 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ မေလ ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ စစ်တမ်းအသစ် တရပ် ကောက်ယူကြည့်ရာ လူထုအများစုက မဲထည့်ရမည့် ဖွဲ့စည်းပုံ ဥပဒေအကြောင်း မသိရသေးသဖြင့် မည်သို့ မဲထည့်ရမည်ကို ယခုထိ ဆုံးဖြတ်ရ ခက်နေသေးကြောင်း တွေ့ရသည်။
မြန်မာနိုင်ငံတွင်းရှိ မဇ္ဈိမ သတင်းထောက်များ၏ လူတွေ့မေးမြန်းမှုနှင့် အိန္ဒိယနိုင်ငံရှိ မဇ္ဈိမ ရုံးချုပ်နှင့် ထိုင်းနိုင်ငံရှိ ရုံးခွဲများမှ သတင်းထောက်များက တယ်လီဖုံးမှတဆင့် မေးမြန်းမှုကို လွန်ခဲ့သည့် သီတင်းသုံးပတ်အတွင်း ပြုလုပ်ခဲ့သည်။ စုစုပေါင်း ၄၁၆ ဦးကို မေးမြန်းမှုများလုပ်ပြီး စစ်တမ်းကောက်ရာ ၇၁ % ဖြစ်သော မဲပေးမည့်သူ ၂၉၅ ဦးက မဲထည့်ရမည့် ဖွဲ့စည်းပုံ ဥပဒေပါ အကြောင်းအရာများကို သူတို့ နားမလည်ကြောင်း ထုတ်ဖော်ပြောဆိုသည်။
ထို့ပြင် ယခုကဲ့သို့ ဆန္ဒမဲပေးရန် ၁ဝ ရက်သာ လိုတော့သည့် အချိန်တွင် ၅၂ % မျှ ဖြစ်သော မဲဆန္ဒရှင် ၂၁၈ ဦးက ဆန္ဒခံယူပွဲတွင် မည်သို့ မဲထည့်ရမည်ကို ယခုထိ ဆုံးဖြတ် ရခက်နေသေးကြောင်း ပြောကြသည်။
စစ်တမ်းဖြေဆိုသူ ၁၈၆ ဦးအနက် ၃၈ % ဖြစ်သော မဲဆန္ဒရှင် ၇၁ ဦးကသာ ထောက်ခံမဲပေးမည်ဟု ပြောဆိုခဲ့ပြီး၊ ၆၂ % ဖြစ်သည့် ဖြေဆိုသူ ၁၁၅ ဦးက ကန့်ကွက်မည်ဟု ဆိုခဲ့ကြသည်။
ဤသို့ ကန့်ကွက်မဲ ပေးမည်ဟု ခိုင်မာစွာ ပြောဆိုသူ ရာခိုင်နှုန်း များပြားလင့်ကစား ဖွဲ့စည်းပုံ ဥပဒေမူကြမ်းကို သေချာပေါက် ကန့်ကွက်မဲ သွားထည့်မည့်သူမှာ ၂၈ % သာ ရှိသည်။
တက္ကသိုလ်ကျောင်းသား ၁၅ ဦးလုံးကမူ ဖွဲ့စည်းပုံသည် မြန်မာ့နိုင်ငံရေးတွင် စစ်တပ်က လွှမ်းမိုး ခြယ်လှယ်ရန်သာ ဖြစ်သည့်အတွက် သူတို့ ကန့်ကွက်မဲ ပေးမည်ဟု ဖြေဆိုခဲ့သည်။
ယင်းနှင့် ကွဲပြားစွာပင် တွေ့ဆုံ မေးမြန်းခဲ့သူ အစိုးရဝန်ထမ်း ၄၂ ဦးအနက် ၂၃ ဦးက ဖွဲ့စည်းပုံ ဥပဒေမူကြမ်းကို ထောက်ခံမဲပေးမည်ဟု ဖြေဆိုခဲ့ကြပြီး ၂ ဦးကသာ ကန့်ကွက်မဲ ပေးမည်ဟု ဖြေသည်။ ၁၇ ဦးကမူ သူတို့ မဆုံးဖြတ်နိုင်သေးကြောင်း ဖြေဆိုခဲ့သည်။
အမျိုးသားဝန်ထမ်း ၅ဝ % က ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းအကြောင်း သူတို့ နားလည် သဘောပေါက်သည်ဟု ဖြေဆိုခဲ့သော်လည်း တွေ့ဆုံ မေးမြန်းခဲ့သူ အမျိုးသမီးဝန်ထမ်း ၁၃ % ကသာ ထိုသို့ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါသော အကြောင်းအရာများကို နားလည်သည်ဟု ဖြေဆိုသည်။
မည်သို့ မဲထည့်မလဲဟု သွားရောက်မေးမြန်ခဲ့သူ ကျောင်းသားများအနက် ၈ဝ % က ဖွဲ့စည်းပုံ အခြေခံဥပေဒ အကြောင်းကို သူတို့ အနည်းအကျဉ်းသာ သိသည်၊ သို့မဟုတ် လုံးဝ မသိပါဟု ဝန်ခံ ဖြေကြားကြသည်။
အသေးစား ဆိုင်ပိုင်ရှင်များ အပါအဝင် စီးပွားရေး လုပ်ငန်းရှင် အသိုင်းအဝိုင်းကို စစ်တမ်း ကောက်ယူခဲ့ရာ တိုင်းပြည်အတွက် မည်သည့်အရာက အကောင်းဆုံး ဖြစ်သည် ဆိုခြင်းအပေါ် သဘောထားများ ကွဲပြားနေသည်ကို တွေ့ရှိရသည်။ စီးပွားရေး လုပ်ငန်းရှင် ၁ဝ၃ ဦးကို မေးမြန်းခဲ့ရာ ၁၁ ဦးကသာ ထောက်ခံမဲ ပေးမည်ဟု ပြောဆိုခဲ့ပြီး၊ ၁၆ ဦးက ကန့်ကွက်မည်ဟုဆိုကာ ၇၆ ဦးက မဆုံးဖြတ်ရသေးကြောင်း ဖြေကြားခဲ့ကြသည်။
မေလ ၁ဝ ရက်နေ့တွင် မဲလာထည့်မည့်သူ ၅ဝ % အထိ ရှိနိုင်သည်ဟု ခန့်မှန်းရသည်။ တွေ့ဆုံမေးမြန်းခဲ့သူ ၄၁၆ ဦးအနက် ၂၆၈ ဦးက မဲသွားထည့်မည်ဟု ပြောဆိုခဲ့ပြီး ၄၉ ဦးက ကြားနေမည်ဟု ဖြေကြားခဲ့သည်။ ကျန် ဖြေဆိုသူများက သူတို့မဲထည့်မည်၊ မထည့်မည်ကို မဆုံးဖြတ်နိုင်သေးကြောင်း ဖြေကြားကြသည်။
ဆန္ဒသဘောထား စစ်တမ်းကောက်ယူခြင်းကို ကျောင်းသားများ၊ ပညာရှင်များ၊ အစိုးရဝန်ထမ်းများ၊ အလုပ်သမားများ၊ အိမ်ထောင်ရှင်မများ စသည်ဖြင့် မြန်မာလူ့အဖွဲ့အစည်း တခုလုံး ကာမိအောင် ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ထားသည်။
စစ်တမ်းကောက်ယူမှုကို ဖြေဆိုခဲ့သူများတွင် အမျိုးသား ၂၁၈ ဦးနှင့် အမျိုးသမီး ၁၉၈ ဦးပါဝင်သည်။ ဖွဲ့စည်းပုံဥပဒေ မူကြမ်းကို ထောက်ခံသည်ဖြစ်စေ၊ ကန့်ကွက်သည်ဖြစ်စေ၊ ဖြေဆိုသူ အမျိုးသားများက မည်သို့ မဲထည့်မည်ကို အမျိုးသမီးများ ထက်ပို၍ ဆုံးဖြတ်ချက် ပြတ်ပြတ်သားသား ရှိသည်။ ၂၁ % က ထောက်ခံမည်ဟု ဆိုခဲ့ပြီး ၃၃ % ကမူ ကန့်ကွက်မည်ဟု ဖြေဆိုခဲ့ကြသည်။ အမျိုးသမီး ဖြေဆိုသူများတွင် ၁၂ % ကသာ ထောက်ခံမည်ဟု ဆိုခဲ့ပြီး၊ ၂၂ % က ကန့်ကွက်မည်ဟု ဆိုသည်။ ဤရာနှုန်းသည် အမျိုးသားများထက် နည်းသည်။
စစ်တမ်းကောက်ယူမှု လုပ်ခဲ့သည့် တိုင်းနှင့် ပြည်နယ်များမှာ မကွေး၊ ဧရာဝတီ၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ရခိုင်နှင့် ပဲခူးတို့ ဖြစ်ကြသည်။
အစိုးရက မဲလိမ်မဲခိုးလိမ့်မည်ဟု ကျယ်ကျယ်ပြန့်ပြန့် ခန့်မှန်း ပြောကြားနေလင့်ကစား ဖြေဆိုခဲ့သူ ၆ % ထက် နည်းသော ဖြေဆိုသူများကသာ အစိုးရ၏ ခြိမ်းခြောက်မှုကြောင့် ယခုဖြေဆိုသည့် မဲကို ထည့်မည်ဟု ပြောရခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ၆၃ % ကမူ သူတို့အသိနှင့် သူတို့ ယုံယုံကြည်ကြည် မဲထည့်ကြခြင်း ဖြစ်ကြောင်း ဖြေဆိုခဲ့သည်။ ခြိမ်းခြောက်မှုကြောင့် ဤသို့ မဲထည့်ရပါမည်ဟု ဖြေဆိုခဲ့သူများအနက် အစိုးရဝန်ထမ်း ၂ ဦး ပါသည်။
Saturday, May 3, 2008
ဆန္ဒခံယူပွဲနှင့်ပတ်သက်၍ လူထုကြား ကွဲပြားနေ၊ ဝေခွဲမရဖြစ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment