Saturday, May 3, 2008

အဖေ၊ ထပ်တူညီသင်္ကေတနှင့် ငါ




သူဟာ …
ငါမရွက်ဖတ်ရသေးတဲ့ ကဗျာတပုဒ် ဖြစ်နေတော့တယ်။

ရှယ်လီ မဟုတ်သူ
တဂိုးလ် မဟုတ်သူ
ယက်ဖ်တူရှင်ကို မဟုတ်သူ
ဂေါ်ဂီ မဟုတ်သူ
တောင်သူလယ်သမားရဲ့သား
လယ်သမားသူလေ …
မြေကြီးပေါ်မှာ ကဗျာစိုက်နေခဲ့
လိုက်လို့မမီခဲ့တာ … ငါ။

“ဆူပူလှုံ့ဆော်ရေးသမား
လူထုဘက်ကကျားဆိုတာ ကျနော်ဘဲ” လို့ပြောတော့
ခေါင်းမော့လို့သူပြုံးတယ်။

သူနဲ့စကားများဖူးသူ … ငါ။
သူနဲ့နပမ်းလုံးဖူးသူ … ငါ။
ငါနဲ့သူဟာ
စကြာဝဌာရဲ့ အစွန်းတဖက်ဆီမှာ နေသလိုလိုပါဘဲ။

ရွာရိုးပေါ်အလံထူလို့
“ရန်သူကို အသေတိုက်မဟဲ့”
ကြုံးထည့်လိုဟစ်ကြွေး
အားပေးသူ ဓားကိုထမ်း
လှမ်းတဲ့လို့အယူ
အလို … သူ
သူဟာ … ငါ
အခုအခါ
ငါဟာ … အဖေ့ကို ရွတ်ဖတ်နေရတာပေါ့။

ကေကေးဇံ (၁၄၊ ၄၊ ၁၉၉၄)
မွေးနေ့လက်ဆောင်ကဗျာ (ကျေးဇူးရှင် ဖခင်သို့ ရည်ညွန်းဦးညွတ်လျက်)
အောက်မှာရေးထားတဲ့ စာကိုအဖွင့်မျက်နှာစာမှာ တင်ချင်တယ်၊
ပညာတတ်သားတယောက်ရဲ့ တော်လှန်ရေးရင့်မှည့်တဲ့ တောင်းဆိုမှုအပေါ် လယ်သမားအဖေက ဓားကမ်းလို့ဖြည့်စည်းပေးတဲ့ တော်လှန်သောပေါင်းစည်းမှု၊ ရဲဘော်ရဲဘက်ဖြစ်မှုကို သူ့ဘ၀အတွေ့အကြုံထဲကနေ ရွေးနှတ်ပြီး ရိုးရိုးရှင်းရှင်းရေးဖွဲ့ထားတဲ့ ကိုတိုက်မောင်းရဲ့ ကဗျာဟောင်းလေးတပုဒ်ပါ။



0 comments: