Wednesday, May 28, 2008

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးဆန္ဒပြသည့် အန်အယ်လ်ဒီပါတီဝင်များ ဖမ်းဆီးခံရ

ခေတ်ပြိုင်-ပီတာအောင်/ ၂၇ မေ ၂၀၀၈

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆန္ဒပြသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ် ဒီ) ပါတီဝင် (၁၅) ဦးကို ယနေ့ နေ့လယ်ပိုင်းက လုံထိန်းရဲတပ်ဖွဲ့က ဖမ်းဆီးသွားကြောင်း အန်အယ်လ်ဒီ ဗဟိုဌာနချုပ်မှ ပါတီဝင်တဦးက ပြောသည်။

အဖွဲ့ချုပ်လူဝင်များသည် အဖွဲ့ချုပ်ရုံးရှေ့၌ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးရန် ကြွေးကြော်သံများ အော်ဟစ် ဆန္ဒပြကြပြီးနောက် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ဘက်သို့ လမ်းလျှောက် ဆန္ဒပြစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။

အန်အယ်လ်ဒီပါတီဝင်တဦးက “နေ့ခင်း (၁) နာရီခွဲလောက်မှာ ကလေးတွေက ဒေါ်အောင်ဆန်း စုကြည် ချက်ချင်းလွှတ်ဆိုတဲ့ ဆိုင်းဘုတ်ရယ်၊ ဗိုလ်ချုပ်ပုံရယ် ကိုင်ပြီး အန်တီစု အိမ်ဘက်ကို လျှောက်သွားကြတယ်။ အဲဒါကို ကမ္ဘာအေးဘုရားလမ်း မြရိပ်ညိုဟိုတယ်နား နှင်းဆီကုန်းနား အရောက်မှာပဲ သူတို့ကို ဒိုင်နာကားနဲ့ ဆွဲတင်သွားတယ်။ အန်တီအိမ်နား မရောက်ခင်မှာဘဲ ဒိုင်နာကားနဲ့ တင်ခံရတယ်” ဟု ပြောသည်။

ဖမ်းဆီးခံရသူတို့မှာ ဒလမှ စောပြည့်ဖြိုးအောင်နှင့် ထက်စိုးလင်း၊ မင်္ဂလာဒုံမှ ထွန်းဝင်းသိန်းနှင့် လှမျိုးနိုင်၊ တွံတေးမြို့မှ ဆရာဦးအောင်ဖေ၊ စမ်းချောင်းမှ ထွန်းထွန်းဝင်းနှင့် ပြည့်ပြည့်၊ တာမွေမှ ကျော်မျိုးနိုင်နှင့် ကြည့်မြင်တိုင်မှ ရန်နိုင်ထွန်း၊ ရွှေပြည်သာမှ ထက်ထက်ဦးဝေနှင့် ၎င်း၏ သမီး (၁၂) နှစ်၊ လှိုင်သာယာမှ မောင်ဆန်း (ခေါ်) ဆန်းနိုင်၊ ကျော်နိုင်၊ မျိုးကျော်ဇင်၊ သက်နိုင်ထွန်း၊ ခရမ်းမှ ၀င်းမြင့်မောင်တို့ဖြစ်ကြောင်း၊ ၎င်းတို့အား မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရသေးသော်လည်း မရမ်းကုန်းဘက်သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

ယနေ့မွန်းလွဲပိုင်း၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၉၉၀ ပြည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ အနိုင်ရသည့် (၁၈) နှစ်မြောက် အခမ်းအနားတခု ဗဟိုဌာနချုပ်တွင် ကျင်းပပြီး ယမန်နေ့က စစ် အစိုးရ ကြေညာသည့် ဖွဲ့စည်းပုံမူကြမ်း ဆန္ဒခံယူပွဲရလဒ်ကို လက်မခံကြောင်းနှင့် ဒေါ်အောင် ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုကြောင်း ကြေညာသည်။ ။

0 comments: