Saturday, May 31, 2008

စစ်အစိုးရ ရွေးကောက်ပွဲကို အန်အယ်လ်ဒီမ၀င်သင့်ဟု ဗကပ အကြံပေး

NEJ/၃၀ မေ ၂၀၀၈

မြန်မာစစ်အစိုးရ၏ အခြေခံဥပဒေ ၂၀၀၈ ကို တိုက်ဖျက်ရန်အတွက် ပြင်ဆင်ရာတွင် ၂၀၁၀ ပြည့် နှစ် ရွေးကောက်ပွဲကို အန်အယ်လ်ဒီ ၀င်မပြိုင်သင့်သော်လည်း အတိုက်အခံ နိုင်ငံရေး အင်အားစုသစ်တရပ်က အခြေခံဥပဒေ ၂၀၀၈ ဘောင်ထဲ ၀င်ကစားဖို့ လိုသည်ဟု မကြာခင်က ထုတ်ပြန်သည့် ဗမာပြည်ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး၏ အစီရင်ခံစာတွင် အကြံပေးထားသည်။

သို့သော် အတိုက်အခံ နိုင်ငံရေးအင်အားစုသစ်က အခြေခံဥပဒေ ၂၀၀၈ ဘောင်ထဲ မည်သို့မည်ပုံ ၀င်ကစားရမည် ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်းမရှိပေ။ စစ်အစိုးရ အခြေခံ ဥပဒေတွင် ပါတီများအပေါ် ချုပ်ကိုင်သည့် ဥပဒေများ ရှိနေသည့်အတွက် အခြေခံဥပဒေ ၂၀၀၈ ဘောင်ထဲ အန်အယ်လ်ဒီမပါဝင်သင့်ကြောင်း အစီရင်ခံစာတွင် အကြံပေးထားသည်။

တိုက်ပွဲပုံသဏ္ဌာန်အရ လိုအပ်လျှင် လက်နက်ကိုင် တိုက်ပွဲအတွက် ပြင်ဆင်သင့်သည်ဟု ပြော သော်လည်း အနည်းဆုံး တပ်မတော်နှင့် စေ့စပ်ဆွေးနွေးရေးမူကို ကိုင်စွဲမည်ဟု ဖော်ပြထားသည်။ ထို့ပြင် နှစ် (၂၀) ကျော် ဒီမိုကရေစီ အလံကိုင်အဖြစ် ရပ်တည်ခဲ့သည့် အန်အယ်လ်ဒီကို အတွေး အခေါ်အရ ကူညီသင့်သော်လည်း ဗကပ အနေနှင့် အန်အယ်လ်ဒီ အတွင်းရေးကို ၀င်စွက်ရန် မဖြစ်ဟု သုံးသပ်ထားသည်။

စစ်အစိုးရအနေနှင့် ရွေးကောက်ပွဲလွန်ကာလများ အထူးသဖြင့် ပထမအကြိမ် လွှတ်တော်ခေါ်ပြီးနောက်ပိုင်း အခြေခံဥပဒေ ၂၀၀၈ အကျပ်အတည်းများ ကြုံရမည်ဟုပါ အစီရင်ခံစာက ဟောကိန်း ထုတ်ထားသည်။ ။

0 comments: