Saturday, May 31, 2008

ပရောက်စီနံပါတ်များ အသုံးပြုရန်မလိုကြောင်း မြန်မာတယ်လီပို့က ကြေညာ

ဧရာဝတီ-အေးလဲ့ | မေ ၃၀၊ ၂၀၀၈

အင်တာနက်ပေါ်မှ အစိုးရခွင့်မပြုသော သတင်းစာမျက်နှာများနှင့် ဘလော့ (Blog) များကို ယခင်က ပရောက်စီ (proxy) နံပါတ်များ အသုံးပြုကျော်ဝင်ကာ ဖတ်နိုင်သော်လည်း ယနေ့မှစ၍ ဝင်ရောက် ဖတ်ရှုနိုင်ခြင်းမရှိတော့ကြောင်း အင်တာနက် အသုံးပြုသူများ နှင့် အင်တာနက်ဆိုင် ဝန်ထမ်းများထံမှ သိရသည်။

လက်ရှိ အင်တာနက် ပုံမှန် သုံးစွဲသူ တဦးက “ပရောက်စီနံပါတ် အခု ၂၀ လောက်ရှိတာ ၁ ခုပဲ စမ်းကြည့်ဖို့ ကျန်တော့တယ်။ စမ်းပြီးသမျှတွေ တခုမှမရဘူး။ အင်တာနက်ဆိုင်တွေမှာ အသုံးပြုနေကျ freedom ပရောက်စီလည်း မရတော့ဘူး။ ဆိုင်တွေ အားလုံး စိတ်ညစ်နေကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယမန်နေ့က အင်ဂျင်နီယာအဖွဲ့၊ ကွန်ယက်လည်ပတ်ရေးဌာန၊ မြန်မာတယ်လီပို့ ဝက်ဘ်ဆိုက်မှတဆင့် proxy Server များ ပြောင်းလဲခြင်း ကြေညာချက်တရပ်ကို ထုတ်ပြန်လိုက်သည်။

ယင်းကြေညာချက်တွင် “မြန်မာတယ်လီပို့အနေဖြင့် ပိုမို၍ အဆင့်အတန်းမြင့်ကောင်းမွန်သော Internet ဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် လိုအပ်သောစက်ကိရိယာများ အဆင့်မြှင့်ခြင်းကို ဆောင်ရွက်လျှက် ရှိပါသည်။ ယခုအခါ Internet သုံးစွဲရန်အတွက် proxy Server များကိုအသုံးပြုရန်မလိုအပ်တော့ပါ။ သို့ဖြစ်ပါ၍ လူကြီးမင်းတို့၏ Web Brower Software များတွင် Proxy Setting များကိုဖြုတ်၍ Internet သုံးစွဲပါရန် လေးစားစွာဖြင့် အသိပေးအပ်ပါသည်” ဟု ဖော်ပြထားသည်။

အင်တာနက် အသုံးပြုသူ တဦးက “ပရောက်စီ သုံးစရာမလိုဘူးဆိုရင် အခုဒီအတိုင်းဖွင့်ရင်လာရမှာပေါ့၊ အခုဟာက ဘလော့ တောင်ကြည့်လို့ မရတော့ဘူး ဂျီမေးလေး ပေးသနားထားတာပဲ ကျေးဇူးတင်ရမယ်” ဟု ပြောသည်။

တခြားသော အင်တာနက် အသုံးပြုသူ တဦးကလည်း “ပြည်သူတွေ ကြည့်ချင်တာ ကြည့်ကြပါစေဆိုပြီး ချပေးတာတော့ မဟုတ်နိုင်ဘူး။ လှည့်ကွက်တခုဖြစ်နိုင်တယ်၊ Internet Access ကို ဖွင့်ပေးပြီး IP Address ကတဆင့် ဖမ်းချင်တာလည်း ဖြစ်နိုင်တယ်။ အရင်ကဆိုရင် proxy ခံပြီးသုံးနေတော့ ကျနော် သုံးနေတာ ဘာလဲဆိုတာမသိနိုင်ဘူး” ဟု ပြောသည်။

နိုင်ငံရေးနှင့်သက်ဆိုင်သည့် ဝက်ဘ်ဆိုက်များ၊ ပြည်ပအခြေစိုက် မြန်မာသတင်းဝက်ဘ်ဆိုက်များ၊ g-mail ၊ G-talk၊ Google၊ pop site၊ စသည့် ဆိုက်များကို မြန်မာနိုင်ငံသားများ တိုက်ရိုက် အသုံးပြုခွင့် မရအောင် အစိုးရက နည်းပညာအသုံးပြုပြီး အမျိုးမျိုး ထိန်းချုပ်ထားခဲ့သောကြောင့် သုံးစွဲသူတို့က ပရောက်စီ နံပါတ် များကို အမျိုးမျိုးပြောင်းလဲ၍ ပိတ်ပင်ထားသော ဝက်ဘ်ဆိုက်များကို ဝင်ကြည့်နေရခြင်း ဖြစ်သည်။
မြန်မာနိုင်ရှိ အင်တာနက်ဆိုင်ရာဝန်ဆောင်လုပ်ငန်းကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် မြန်မာတယ်လီ ပို့တို့က ဆောင်ရွက် ပေးလျှက်ရှိပြီး ယခုမြန်မာတယ်လီပို့သည် ယခင်က Bagan Net ဖြစ်ကာ ဝန်ကြီးချူပ် ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွှန့်၏ သား ဦးရဲနိုင်ဝင်း၏ လုပ်ငန်းဖြစ်ခဲ့သည်။

0 comments: