Saturday, May 31, 2008

မုန်တိုင်းအကျိုးဆက် ကုန်ဈေးနှုန်းများ ဆက်လက်တက်

မဇ္ဈိမသတင်းဌာန၊ မေလ ၂၉ ရက် ၂၀၀၈

ချင်းမိုင်။ ။ မုန်တိုင်းအပြီး ရန်ကုန်တွင် ကုန်ဈေးနှုန်းများ ၂ ဆခန့် မြင့်တက်နေကာ ဆက်လက် မြင့်တက်ဖွယ် ရှိသည်ဟု စီးပွားရေး သမားများက ပြောဆိုသည်။

မေလ ၂ ရက်နေ့ နောက်ပိုင်း ရန်ကုန်တိုင်းအတွင်း စားသောက်ကုန် ဈေးနှုန်းများသည် ယခင်ထက် ၂ ဆ တက်ပြီး ယနေ့အချိန်ထိ ပြန်လည် ကျဆင်းခြင်း မရှိသေးဘဲ ဆက်လက် မြင့်တက်ဖွယ် ရှိနေခြင်း ဖြစ်သည်။

“ဆန်ဈေးကတော့ အခုတလော အရမ်းတက်လာတယ်။ တပြည်ကို ၁၇ဝဝ ကျပ် ဖြစ်သွားတယ်။ နှစ်တင်းအိတ် ဆိုရင် ၅ သောင်း ၄ ထောင် ရှိတယ်။ အနည်းဆုံး ၅ဝဝ လောက် တက်သွားတယ်။ ရိုးရိုးပေါ်ဆန်း အရင်တုန်းက တပြည်ကို ၈ဝဝ ၊ အခုပေါက်ဈေး ၁၆ဝဝ။ ဧည့်မထက အရင်တုန်းက ၆ဝဝ၊ အခု ၉ဝဝ။ ပဲဆီက အရင်တုန်းက ၄ဝဝဝ ၊ အခု ပေါက်ဈေး ၇ဝဝဝ။ စားအုန်းဆီက တဆယ်သား ၂၅ဝ၊ အခု ၄၂ဝ ဈေး” ဟု ရွှေပြည်သာ မြို့နယ်မှ ဒေသခံ အိမ်ရှင်မက ပြောသည်။

ကြက်သွန်နီ အညံ့စားသည် ယခင်က ကျပ် ၁ဝဝ ရှိရာမှ ယခုအခါ ၂၅ဝ အထိ ရှိသည်ဟု သူက ဆက်ပြောသည်။

ကြက်သွန်ပွဲစား တဦးကလည်း “မြစ်သား၊ မြင်းခြံ၊ ပခုက္ကူ၊ ပျော်ဘွယ်၊ တောင်တွင်းကြီးမှာ ထွက်တဲ့ ကြက်သွန်တွေက ၂၅ဝ မှာ ၅ဝဝ အထိ ရှိမယ်။ ကြက်သွန် အသေးကတော့ ၂ဝဝ မှာ ၃ဝဝ အကြား ရှိပါတယ်။ ပိဿာ ၂ဝဝ ဆိုရင် ပစ္စည်းအညံ ဖြစ်တယ်။ အခွံကျွတ်များမယ်။ ပခုက္ကူထွက် အသေး ၃ဝဝ နဲ့ ၃၂၅ အကြားမှာ ရှိတယ်။ ကျန်တဲ့ဟာ အထားမခံတဲ့ ဟာမျိုးဆိုရင် လတ်တလော သုံးမယ် ဆိုတဲ့ဟာဆိုရင် ၂၅ဝ နဲ့ ၂၇၅ ၊ ကြက်သွန်ဖြူ တပိဿာ ၂ဝဝဝ ပေါက်တယ်” ဟု ပြောဆိုသည်။

ဧရာဝတီနှင့် ပဲခူးတိုင်းအတွင်း မုန်တိုင်းနှင့် ရေဘေးကြောင့် ဆန်များ ပျက်စီး ဆုံးရှုံးရသဖြင့် ရန်ကုန်တိုင်းအတွင်း ဆန်တင်ပို့မှု အကြီးအကျယ် ကျဆင်းသွားသဖြင့် ဆန်ဈေးနှုန်း ဆက်လက် မြင့်တက်ဖွယ် ရှိသည်ဟု ဘုရင့်နောင် အမည်ရှိ ဆန်ပွဲရုံမှ ပွဲစားတဦးက ပြောသည်။

သူက “ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်း တင်ပို့ဆန်တွေဟာ မုန်တိုင်းကြောင့် ပျက်စီးသွားတယ်။ ဆန်တင်ပို့မှု နည်းပါးလာတဲ့အတွက် ဆန်ဈေး တက်လာနိုင်ဖွယ်ရာ ရှိတယ်” ဟု ပြောသည်။

ယခုအခါ ပုသိမ် ပေါ်ဆန်းမွှေး စူပါရှယ် (၂၄ ပြည်) တအိတ်လျှင် ကျပ် ၄၇ဝဝဝ၊ ပုသိမ်ပေါ်ဆန်း ရိုးရိုး ၄၁ဝဝဝ၊ ပုသိမ် ဒုတိယ အတန်းအစားမှ (အလတ်စား) ၃၉ဝဝဝ၊ ဆန်အညံ့ ၂၇ဝဝဝ ၊ ပဲဆီသန့်စစ်စစ် တပိဿာ ၇ဝဝဝ ၊ ပဲဆီ အလတ်စား တပိဿာ ၅၅ဝဝ ၊ စားအုန်းဆီ ၃၈ဝဝ၊ ဆားတပိဿာ ၁၂ဝဝ ရှိပြီး ယခင်ဈေးထက် နှစ်ဆနီးပါး တက်နေသည်ဟု ဆန်ပွဲရုံတခုက ပြောသည်။ ယခင်ဈေးထက် ၂ ဆခန့် တက်ခြင်းဖြစ်သည်။

အမည်မဖော်လိုသူ ငရုပ်ပွဲရုံတခုမှ စီးပွားရေး လုပ်ငန်းရှင်ကလည်း “ငရုပ်၊ ကြက်သွန်၊ ပဲအမျိုမျိုး လောလောဆယ် တက်လာဖို့ မရှိသေးပါဘူး။ အခြေအနေကိုတော့ တိတိကျကျ မပြောနိုင်ပေမယ့် အနည်းအကျဉ်း တက်လာနိုင်တယ်။ လမ်းပန်း ဆက်သွယ်ရေး အခက်အခဲ ရှိတယ်။ မိုးလည်း ကျနေတယ်။ ဒါကြောင့်ပါ” ဟု ပြောသည်။

သူက “ငရုပ်သီးတွေကတော့ မြစ်ဝကျွန်းပေါ်ဘက်က ထွက်တဲ့ ငရုပ်သီး ရှိတယ်၊ အညာက ထွက်တဲ့ ငရုပ်သီးတွေ ရှိတယ်။ ငရုပ်သီးက အစားစား ရှိတယ်။ မြစ်ဝကျွန်းပေါ် ဝါးခယ်မ၊ ရွှေလောင်း၊ အိမ်မဲတို့မှာ ထွက်တဲ့ ငရုပ်သီးခြောက် အရှည်တွေက တပိဿာ ၁၆ဝဝ နဲ့ ၁၈ဝဝ အထိ ရှိတယ်။ ပခုက္ကူ ထွက်တဲ့ ငရုပ်သီးမှာလည်း တပိဿာ ၁၈ဝဝ နဲ့ ၁၉ဝဝ ပေါက်တယ်။ ကျောက်ဆည်ဘက်က ထွက်တဲ့ မိုးထောင် တပိဿာ ၂ဝဝဝ မှာ ၂၁ဝဝ အထိရှိတယ်” ဟု ဆက်ပြောသည်။

0 comments: