Friday, April 25, 2008

အခြေခံဥပေဒမူကြမ်း ဆိုတာ (အင်တာဗျူး)

မဇ္ဈိမသတင်းဌာန-နေသွင်၊ ဧပြီ ၂၄ ရက် ၂၀၀၈

ချင်းမိုင်။ ။ ဖွဲ့စည်းအုပ်ချုပ်ပုံ မူကြမ်းနှင့် ပတ်သက်၍ ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ အထွေထွေ အတွင်းရေးမှူး ဦးအောင်ထူးနှင့် သီးသန့် တွေ့ဆုံ မေးမြန်းထားခြင်း ဖြစ်သည်။

မေး။ ။ ပထမဆုံးကတော့ မေလမှာ အတည်ပြုမယ့် ဖွဲ့စည်းပုံဟာ စစ်မင်းဆက် ထူထောင်ဖို့ဆိုတာ လူပြောများပါတယ်။ ဥပဒေကြောင်းအရ အထင်ရှားဆုံး ဥပမာတွေက ဘာတွေလဲဆိုတာ အတိုချုပ် ပြောပြပါ။

ဖြေ။ ။ အထင်ရှားဆုံးကတော့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီကို ဖွဲ့စည်းပုံ ဥပဒေထဲမှာ ထည့်သွင်း ပြဌာန်းထားတဲ့ ပုံစံက အာဏာသိမ်း စစ်ကောင်စီတရပ်ကို ဥပဒေနဲ့အညီ ဖွဲ့စည်း အတည်ပြုတဲ့ သဘော ဖြစ်ပါတယ်။ ဒါက ပထမတချက်ပါ။ ဒုတိယတချက်က အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီဟာ လွှတ်တော် ပျက်သွားပြီးတော့ လွတ်တော် မရှိတော့တောင်မှ နောက်ထပ် လွှတ်တော်တရပ် ပေါ်လာတဲ့ အဆင့်အထိ ရွေးကောက်ပွဲ ဘာညာလုပ်ပေးပြီး ဆက်သွားမယ်ဆိုတော့ ကာလ သုံးပါးစလုံးအတွက် အကြုံးဝင်သွားတယ်။


ဆိုလိုတာက ဖွဲ့စည်းပုံ အခြေခံဥပဒေ ရှိနေစဉ် အတောအတွင်းမှာ ဒီစစ်ကောင်စီက ဆက်ရှိနေမယ်။ အခြေခံဥပဒေက အလုပ်မလုပ်နိုင်ဘဲ လွှတ်တော် မရှိတော့တဲ့အခါမှာလည်း စစ်ကောင်စီ ဆက်ရှိနေမယ်။ နောက်ထပ် ရွေးကောက်ပွဲ ဆက်လုပ်သွားမယ်လို့ ပြဌာန်းထားခြင်းဖြင့် အာဏာသိမ်း စစ်ကောင်စီမှာ မြန်မာပြည်မှာ ထာဝရ အာဏာကို ယူပြီး အုပ်ချုပ်သွားမှာ ဖြစ်တယ်။

ဒါတခု။ အာဏာသိမ်း စစ်ကောင်စီမှာ (၁၁) ယောက်ပါတဲ့အနက် စစ်တပ်ကချည်းပဲ (၆) ယောက်ပါတယ်။ ကျန်တဲ့ (၅) ယောက်ထဲမှာလည်းပဲ ယူနီဖောင်း ချွတ်ထားတဲ့ အရပ်သားတွေသာ အများစု ပါနိုင်တဲ့အတွက် စစ်ကောင်စီသာလျှင် မြန်မာပြည်ကို ရာသက်ပန် အုပ်ချုပ်သွားမယ့် သဘောလို့ အတိုချုပ် ပြောချင်တယ်။

မေး။ ။ နောက်တခုက အငြင်းပွားနေတဲ့ ကိစ္စပါ။ လွှတ်တော်ထဲရောက်မှ ဖွဲ့စည်းပုံကို ပြင်သွားမယ် ဆိုတဲ့ကိစ္စပါ။ အဲဒါက ဘယ်လောက် ဖြစ်နိုင်ခြေ ရှိပါသလဲ။

ဖြေ။ ။ လုံးဝ မဖြစ်နိုင်တော့ဘူးလို့ ပြောလို့ ရတယ်။ ဘာကြောင့် မဖြစ်နိုင်တော့လဲ ဆိုတော့ ဖွဲ့စည်းပုံကို ပြင်တဲ့အခါမှာ Rigidly ပြင်ရတာ ရှိတယ်။ Flexible ဆိုတာ ရှိတယ်။ ဆိုလိုတာက တင်းတင်းကြပ်ကြပ်နဲ့ ဖွဲ့စည်းပုံရဲ့ ကျောရိုး မပြောင်းအောင် ပြဌာန်းထားတဲ့ ပြဌာန်းချက်တွေ ရှိတယ်။ ပျော့ပျောင်းစွာနဲ့ တချို့ ပြဌာန်းချက်တွေ ပြင်လို့ရတာ ရှိတယ်။ နအဖရဲ့ ဖွဲ့စည်းပုံက အင်္ဂလိပ်လိုဆိုရင် Very Rigid လို့ ပြောလို့ ရတယ်။ သိပ်ကို တင်းကြပ်လွန်းတယ်။ ဘာလိုပြောရလဲဆိုရင် နအဖဖွဲ့စည်းပုံ တခုလုံးရဲ့ ကျောရိုးဖြစ်တဲ့ အဓိကကျတဲ့ အပိုင်းတွေကို ပြင်ဖို့အတွက်ဆိုရင် လွှတ်တော်ထဲက အမတ် အားလုံးစုစုပေါင်းရဲ့ (၄) ပုံ (၃) ပုံ ကျော်ရမယ်လို့ ဆိုထားတယ်။ (၄) ပုံ (၁) က စစ်ဗိုလ်တွေချည်းပဲ။ ဘယ်လွှတ်တော် ဖြစ်ဖြစ်။ တကမ္ဘာလုံးကို ကြည့်လိုက်။ (၄) ပုံ (၃) ပုံရဖို့ဆိုတာ မလွယ်တဲ့ ကိစ္စ ဖြစ်တယ်။ အဲလိုဖြစ်တဲ့ တပြိုင်တည်းမှာ (၄) ပုံ (၃) ပုံကျော်ရမယ်လို့ ဆိုတာတယ်။ ကျန်တဲ့ (၄) ပုံ (၁) ပုံထဲက ဘယ် စစ်ဗိုလ်တယောက်ကမှ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ သဘောကို ဆန့်ကျင်ပြီး ဖွဲ့စည်းပုံပြင်ဖို့ သဘောထားပေးမှာ မဟုတ်ဘူး။ ဒါကြောင့် ဒီဖွဲ့စည်းပုံဟာ ပြင်ဖို့ ခဲယဉ်းတယ်။ ဒါနဲ့ မပြီးသေးဘဲနဲ့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပြီး မဲပေးပိုင်ခွင့် ရှိသူရဲ့ အားလုံးရဲ့ ထက်ဝက်ကျော်က မဲပေးရမယ်ဆိုတော့ ဒီကိစ္စဟာ လုံးဝ မဖြစ်နိုင်တော့ဘူးလို့ ဆိုရမှာ ဖြစ်တယ်။

မေး။ ။ မြန်မာပြည် ဖွဲ့စည်းပုံကို အင်ဒိုနီးရှား ဥပမာနဲ့ နှိုင်းကြတာတွေလည်း ရှိတဲ့အခါကျတော့ ဥပဒေရှုထောင့်က ကြည့်တော့ ဘယ်လိုမြင်လဲခင်ဗျ။

ဖြေ။ ။ နဝတ၊ နအဖ ခေတ်တလျှောက်လုံးမှာ အင်ဒိုနီးရှားမှာ ဆူဟာတိုက နှစ်ပေါင်း(၄ဝ) ကြီးစိုးခဲ့တာကို သိပ်သဘောကျတယ်။ လေ့လာရေး လုပ်ခဲ့တယ်။ အင်ဒိုနီးရှားလို ကျင့်သုံးနိုင်ဖို့ ကြိုးစားတယ်။ အဲဒီတော့ ကြိုးစားတဲ့ အခါကျတော့ အင်ဒိုနီးရှားနဲ့ တူတာရှိတယ်။ ကွာတဲ့အပိုင်းတွေ ရှိတယ်။ တူတဲ့အပိုင်းက ဘာလဲဆိုရင် စစ်တပ်မှာ နိုင်ငံရေးက ဦးဆောင်ပြီးသွားမယ် ဆိုတဲ့အပိုင်းက ကွက်တိ လုပ်ချင်တယ်။ ကွာတဲ့အပိုင်းက အင်ဒိုနီးရှားမှာ ကျတော့ ဖွဲ့စည်းပုံထဲမှာ ထည့်သွင်းပြီး စစ်တပ် အုပ်ချုပ်မှုကို အသက်သွင်းတယ် ဆိုတာမျိုးက နည်းပါတယ်။ တချက်ပဲ ပြောပါရစေ။ အင်ဒိုနီးရှား ပါလီမန်မှာ လွှတ်တော် ကိုယ်စားလှယ် တထောင်ကျော် ရှိတဲ့အနက် ဆယ်ဂဏန်းတခု စစ်ဗိုလ်ယူထားတယ်။ အခုမရှိတော့ဘူး။ ကျင့်သုံးလို့ မအောင်မြင်ဘူး။ ပျက်သွားပြီ။ အဲဒီတချက်ပဲ ကျနော် ပြောပါရစေ။ ဒါနဲ့ ပြောင်းပြန်ပဲ စစ်အုပ်စုက ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပဲ ဖွဲ့စည်းပုံထဲမှာပဲ စစ်အာဏာရှင်စနစ် အမြစ်တွယ်အောင် လုပ်တဲ့ နေရာမှကျတော့ အင်ဒိုနီးရှားထက် အဆပေါင်းများစွာ သာတယ်။ ဥပဒေပြုတဲ့ကိစ္စ၊ အုပ်ချုပ်တဲ့ကိစ္စ၊ တရားစီရင်တဲ့ကိစ္စမှာ အစကနေအဆုံး ဗဟိုအဆင့်ကနေ အောက်ခြေအဆင့်ထိ စစ်အာဏာရှင်စနစ်ကို စနစ်တကျ သွတ်သွင်းတဲ့ နေရာမှာ အင်ဒိုနီးရှားထက် ပိုစနစ်ကျတယ်။ ပိုပြီး ခိုင်ခိုင်မာမာ လုပ်ဖို့ ကြိုးစားနေတယ်။

မေး။ ။ အာဏာကြီး သုံးရပ်ပေါ့လေ။ အပြန်အလှန် ထိန်းချုပ်မှု ရှိရမယ်။ လွတ်လပ်မှု ရှိရမယ်ဆိုတာပေါ့။ ဒီဖွဲ့စည်း ပုံမှာ ဘယ်လိုလွတ်လပ်ပြီး အပြန်အလှန် ထိန်းချုပ်မှုရှိအောင် စီစဉ်ထားတာမျိုး တွေ့ရလဲခင်ဗျ။

ဖြေ။ ။ အပြန်အလှန် Check and Balance စနစ် လုံးဝကို မရှိဘူး။ ဘာကြောင့် ပြောလို့ရလဲဆိုရင် တိုင်းပြည်တွေမှာ အုပ်ချုပ်မှုအာဏာနဲ့ ဥပဒေပြုအာဏာက အပြန်အလှန် Check and Balance လုပ်လို့ရတာက ဘယ်လို လုပ်လို့ရလဲဆိုတော့ ဝန်ကြီးချုပ် ဦးဆောင်တဲ့ ပါလီမန်စနစ် ကျင့်သုံးတဲ့ နိုင်ငံတွေ။ အိန္ဒိယတို့၊ အင်္ဂလန်တို့၊ ထိုင်းတို့ အစိုးရအဖွဲ့ဟာ ပါလီမန်ထဲမှာပဲ ပါတယ်။ ပါလီမန်ထဲမှာ ရွေးကောက် တင်မြောက်ခံရတဲ့ အနိုင်ရ ပါတီအစိုးရအဖွဲ့က တိုင်းပြည် အုပ်ချုပ်တာ ဖြစ်တယ်။ ဒါကြောင့် အစိုးရအဖွဲ့ဟာ ပါလီမန် အထက်မှာ မရှိဘူး။ ပါလီမန်ကနေပြီးတော့ အစိုးရအဖွဲ့ကို အယုံအကြည်မရှိ အဆိုတင်ပြီး အချိန်မရွေး ဖြုတ်ချလို့ ရတယ်။ နအဖ ဖွဲ့စည်းပုံက သမတစနစ်ကို ကျင့်သုံးထားတဲ့အတွက် သမတစနစ်ရဲ့ သဘောအရ ပါလီမန်နဲ့ သမတက လုံးဝ တခြားစီ ဖြစ်တယ်။ ဥပမာ အမေရိကန် ပြည်ထောင်စုမှာ။ သမတစနစ် ကျင့်သုံးပေမယ့်လည်း Check and Balance စနစ်ကို လက်တွေ့ ကျင့်သုံးတာ ဖြစ်တယ်။ အဲဒါက ဘာလဲဆိုရင် တရား စီရင်ရေးကို လွတ်လပ် အားကောင်းအောင် လုပ်ထားတယ်။ ဒါကြောင့် သမတစနစ် ကျင့်သုံးတဲ့ နိုင်ငံမှာ တရားစီရင်ရေး စနစ်ကို အားကောင်းရင် အားကောင်းသလောက် သမတစနစ်ကို Check and Balance လုပ်နိုင်သလောက် အကျိုးရှိတယ်။ ထိပ်ဆုံးကတော့ အမေရိကန် ပြည်ထောင်စုပေါ့။ အနီးစပ်ဆုံး တိုင်းပြည်ကတော့ စစ်ဗိုလ်ချုပ်ကြီးသမတ အုပ်ချုပ်ခဲ့တဲ့ ကာလမှာတောင် တရားစီရင်ရေးစနစ် အားကောင်းခဲ့လို့ တောင်ကိုရီးယား ပြည်သူတွေ အကျိုးရှိခဲ့တဲ့ သာဓကရှိတယ်။ နအဖ ဖွဲ့စည်းပုံမှာကျတော့ တရားစီရင်ရေးကလည်း အုပ်ချုပ်ရေးအောက် ရောက်သွားတယ်။ တရားစီရင်ရေးမှာ ဘာပါဝါမှ မရှိတော့ဘူး။ ဘာကြောင့်လဲဆိုင်ရင် တရားသူကြီးချုပ်ကို ခန့်ပိုင်၊ ဖြုတ်ပိုင်ခွင့်က သမတလက်ထဲ လုံးဝ ရောက်သွားတယ်။

မေး။ ။ မဆွေးနွေးရသေးတဲ့ ကိစ္စပါ။ စီးပွားရေး ဝန်းကျင်ကောင်းတရပ် ဖြစ်လာဖို့ ဖွဲ့စည်းပုံအရ ဘယ်လောက် အာမခံထားသလဲ ဆိုတာ ဆွေးနွေးပေးပါ။

ဖြေ။ ။ အဓိကအားဖြင့် ပြောချင်တာက ကုမ္ပဏီတွေက သိပ်ကြီးလာရင် တချို့ ကုမ္ပဏီတွေပဲ အမြတ် ကြီးကြီးမားမားရပြီး ကုမ္ပဏီငယ်တွေက ပြုတ်သွားတာ ရှိတယ်။ ဒါ ဈေးကွက်စီးပွားစနစ်မှာ ဖြစ်လေ့ဖြစ်ထ ရှိတယ်။ အဲလို မဖြစ်အောင် သက်ဆိုင်ရာ တိုင်းပြည်တွေက ဥပဒေပြဌာန်းရတယ်။ မြန်မာပြည်မှာ အဲဒီ ပြဿနာတွေ ဖြစ်မယ်။ ဥပမာ ထူးကုမ္ပဏီတို့ ဘာညာ။ တချို့လောက်က ကျိကျိတက် ဖြစ်သွားမယ်။ အများစုက ပျက်စီးသွားမယ်။ အဲ့ဒါမျိုး မဖြစ်အောင် ထိန်းလို့ရတဲ့ ဥပဒေတွေ မရှိဘူး။ ဖွဲ့စည်းပုံကလည်း ဘာမှ အာမခံချက် ထားတာမရှိဘူး။ နောက်တခုက ဖွဲ့စည်းပုံက ကျနော်တို့ တိုင်းပြည်မှာ ဖြစ်နေတဲ့ ပြဿနာတွေကို ထင်ဟပ်ရတယ်။ ဘာကြောင့် တိုင်းပြည်မှာ ချွတ်ခြုံကျနေလဲဆိုရင် တိုင်းပြည်မှာ ဖြစ်နေတဲ့ စီးပွားရေး ပြဿနာတွေကို အစိုးရက ချယ်လှယ်တဲ့ ကိစ္စတွေ ဖြစ်တယ်။ ဒီကိစ္စတွေ နောက်မဖြစ်အောင် သဘာဝ သယံဇာတနဲ့ ပတ်သတ်လို့ ရှင်းရှင်းလင်းလင်းဖြစ်အောင် ဘယ်လို လုပ်သင့်တယ် ဆိုတဲ့ ပြဌာန်းချက်တွေ ဖွဲ့စည်းပုံမှာ လုံးဝမပါဘူး။ တချိန်တည်းမှာ အရေးကြီးတဲ့ အကြောင်းတရပ်ဟာ တိုင်းပြည်မှာ သုံးနေတဲ့ ပါဝါတွေ အားလုံးဟာ။ သယ်ယူပို့ဆောင်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်၊ ရေအား၊ အားလုံးဟာ လူထုလုပ်ငန်းတွေ၊ စီးပွားရေး လုပ်ငန်းတွေကို သွားရမယ်။ အဲ့လို မသွားဘဲနဲ့ အာဏာပိုင်တွေက သူရဲ့ မြို့တော် တည်ဆောက်ရေး၊ စစ်တပ် တိုးချဲ့ရေးတို့မှာ သုံးတော့ လူထုလုပ်ငန်းတွေ ပျက်စီးတယ်။ အခု ပုဂ္ဂိကဆေးခန်း ဥပဒေ ပေါ်လာတယ်။ ဆေးခန်းဥပဒေမှာ ဘာရေးထားလဲဆိုတော့ ဆေးခန်း ပိုင်ရှင်တွေကို (၂၄) နာရီ လျှပ်စစ်မီးရအောင် လုပ်ပေးရမယ်။ တိုင်းပြည်က လူထုတရပ်လုံးကို (၂၄) နာရီ မီးရအောင် လုပ်မပေးနိုင်ဘဲ၊ ရန်ကုန်မှာတောင် မီးပျက်နေတဲ့ အခြေအနေမှာ ပုဂ္ဂလိကဆေးခန်းကို (၂၄) နာရီ မီးရအောင် လုပ်ရမယ်ဆိုတဲ့ မဟုတ်က ဟုတ်က ပြဌာန်းချက်တွေ ဖြစ်လာတယ်။ အဲဒီလို ကမောက်ကမ မဖြစ်အောင် တိုင်းပြည်ကသုံးတဲ့ အရင်းအမြစ်တွေ၊ ပါဝါတွေကို လျှပ်စစ်တို့၊ လမ်းပမ်းဆက်သွယ်ရေးတို့၊ ရေအားတို့ အဲဒါတွေကို ဘယ်လို သုံးစွဲသင့်တယ်ဆိုတာမျိုး၊ နောင်မဖြစ်အောင် ကာကွယ်တဲ့ ပြဌာန်းချက်တွေ မပါဘူး။ ဒါကြောင့် နအဖ ဖွဲ့စည်းပုံ အောက်မှာ စီးပွားရေး တိုးတက်ဖို့ အလားအလာ မရှိဘူးလို့ ပြောချင်တယ်။

မေး။ ။ ပညာရေးနဲ့ပတ်သက်လို့ရော နောက်ထပ် ကောင်းမွန်လာမယ့် အခြေအနေတွေအတွက် ဖွဲ့စည်းပုံမှာ အာမခံထားတာ ရှိသလား။

ဖြေ။ ။ ပညာရေးက နှစ်ပိုင်းရှိတယ်။ Social Democrat မှာ ပညာရေးကို နိုင်ငံတော်က တာဝန်ယူရတာ ရှိတယ်။ နိုင်ငံတော်က တာဝန် ယူနိုင်သလောက် ဖွဲ့စည်းပုံက ပြဌာန်း ပေးထားရတယ်။ ဘယ်လောက် အတိုင်းအတာအထိ အခမဲ့ ပညာသင်ကြားခွင့် ရှိတယ်ဆိုတာ ပြဌာန်းပေးထားတယ်။ လက်တွေ့မှာ တိုင်းပြည်က တတ်နိုင်တာနဲ့ ဆိုင်တယ်။ ကျနော်တို့ တိုင်းပြည်က ဘာတခုမှ တတ်နိုင်တဲ့ အနေအထားမရှိတော့ ပညာရေးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံသားတိုင်းဟာ နိုင်ငံတော်က ချမှတ်ထားတဲ့ ပညာရေးဆိုင်ရာ မူဝါဒများနဲ့အညီ ပညာသင်ကြားပိုင်ခွင့် ရှိသည်။ ဒါပဲ။ ဘာမ မရေရာတဲ့ကိစ္စ။ နောက်တခုက ပညာသင်ကြားခွင့်ကို တိုင်းပြည်က တာဝန် မယူနိုင်ဘူးဆိုရင် တာဝန်ယူမယ့် Institution တွေ ပေါ်လာအောင် လမ်းဖွင့်ပေးဖို့လိုတယ်။ ဆိုလိုတာက ပညာသင်ကြားရေးကို ဇောက်ချလုပ်မယ့် အသင်းတွေ၊ လွတ်လပ်တဲ့ တက္ကသိုလ်တွေ၊ စာသင်ကျောင်းတွေ တည်ထောင်ခွင့်ကို အာမခံရမယ်။ အဲဒီအခါမှာ အသင်းအဖွဲ့တွေ၊ တက္ကသိုလ်တွေ၊ စာသင်ကျောင်းတွေက သူဘာသာ ရပ်တည်၊ သူဘာသာ ငွေရှာ၊ ပညာရေးကို တိုးတက်အောင် လုပ်သွားနိုင်တဲ့ အနေအထားတွေ ရှိသွားနိုင်တယ်။ ဒါပေမယ့် နအဖ ဖွဲ့စည်းပုံမှာ အဲဒီ အာမခံချက် ဘာမှ ပေးမထားဘူး။ ချုပ်ပြောမယ်ဆိုရင် တိုင်းပြည်ကလည်း တာဝန်ခံပြီး ပညာရေးကို မြှင့်တင်ပေးဖို့ အာမခံချက် ဘာမှမရှိဘူး။ လွတ်လပ်တဲ့ အသင်းအဖွဲ့တွေ၊ တက္ကသိုလ်ကျောင်းတွေ၊ ပုဂ္ဂလိက ကျောင်းတွေ ဖွဲ့စည်းတည်ထောင်ခွင့် ပေးခြင်းဖြင့် ပညာရေးကို တိုးမြှင့်ခွင့်ပေးမယ့် အာမခံချက်လည်း ဘာမှ မရှိဘူးလို့ ပြောချင်တယ်။

မေး။ ။ နောက်ဆုံးတချက်ပါ။ မီဒီယာ လွတ်လပ်ခွင့်၊ တနည်းပြောရရင် လူထုတွေရဲ့ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ပေါ့။ အဲဒါတွေအတွက် ဖွဲ့စည်းပုံမှာ ဘယ်လောက် ပေးထားလဲ။

ဖြေ။ ။ ပုဒ်မ (၃၅၄) မှာ ဖော်ပြထားတာ ရှိတယ်။ ၁၉၄၇ မှာ ဖော်ပြထားတဲ့ ပုံစံမျိုးကို ပုံတူကူးချတဲ့ သဘောရှိတယ်။ ဒါပေမယ့် လုံးဝ ကွာခြားတဲ့ အချက်က ၁၉၄၇ ဖွဲ့စည်းမှာ ဖော်ပြထားတဲ့ ကန့်သတ်ချက်တွေက သဘာဝကျတဲ့ ကန့်သတ်ချက်တွေ ဖြစ်တယ်။ သူ့ရဲ့ ဖွဲ့စည်းပုံက ကန့်သတ်ချက်က အောက်မှာ အခွင့်အရေးတော့ ပေးထားတယ်။ မိမိယုံကြည်ချက်၊ ထင်မြင် ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ရေးသားခွင့်၊ ဖြန့်ဝေခွင့်၊ အသင်းအဖွဲ့ ဖွဲ့စည်းခွင့် စသည်ဖြင့် ပေးထားတယ်။ ကန့်သတ်ချက်က ဘာလဲဆိုရင် နိုင်ငံသားတိုင်းဟာ နိုင်ငံတော် လုံခြုံရေး အကျိုးငှာ ပြဌာန်းထားတဲ့ ဥပဒေနဲ့ မဆန့်ကျင်လျှင်ဆိုပြီး ပြဌာန်းထားတယ်။ ခုနကပြောသလို ပေးထားတဲ့ အခွင့်အရေးတွေဟာ ကြီးမားတဲ့ အကန့်အသတ် အောက်မှာ ရှိနေတယ်။ နိုင်ငံတော် လုံခြုံရေး အကျိုးငှာ ပြဌားန်ထားတဲ့ ဥပဒေများနှင့် မဆန့်ကျင်လျှင်ဆိုတော့ တခြား ဥပဒေတွေ အများကြီး ရှိနေတယ်။ ဥပမာ ဆိုကြပါစို့။ ၁၉၆၂ ပုံနှိပ် ထုတ်ဝေသူများ ဥပဒေ ဆိုကြပါစို့။ အဲဒီ ဥပဒေက လွတ်လပ်စွာ ထုတ်ဝေခွင့်ကို အကြီးအကျယ် ကန့်သတ်ထားတယ်။ ၁၉၅ဝ အရေးပေါ်ဥပဒေ ရှိတယ်။ အဲဒါလည်း လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို အကြီးအကျယ် ကန့်သတ်ထားတယ်။ နောက်ဆုံး ပြောမယ်ဆိုရင် အမျိုးသား ညီလာခံကို ကာကွယ်တဲ့ ဥပဒေ။ အဲဒါတွေက တည်ရှိနေပြီး။ အဲဒီ ဥပဒေတွေက လွတ်လပ်စွာ ရေးသားခွင့်၊ ပြောဆိုခွင့်တို့ကို ကန့်သတ်ထားပြီးသား ဖြစ်တယ်။ အဲဒါတွေနဲ့ မဆန့်ကျင်ဘဲ လွတ်လပ်စွာ ထုတ်ဖော်ခွင့် ရှိတယ်ဆိုတော့ မပြောနဲ့၊ မရေးနဲ့လို့ ပြောတာနဲ့ အတူတူပဲ။

မေး။ ။ ခဏက ပြောတဲ့ ဥပဒေတွေက ဆက်ရှိနေတဲ့ သဘောလား။

ဖြေ။ ။ ဒီဥပဒေတွေက ဆက်ရှိတဲ့ အပြင်ကို ဒီထက်ဆိုးတာ အချိန်မရွေး ထွက်ပေါ်လာမယ်။ သူက ပြဌာန်းထားပြီးသားပဲ။ နိုင်ငံတော် လုံခြုံရေးအကျိုးငှာ ပြဌာန်းထားသော ဥပဒေနဲ့ မဆန့်ကျင်လျှင်ဆိုတော့ ဆက်လည်း ပြဌာန်းဦးမှာပဲ။ ဘယ်လောက် ဆိုးလာမလဲဆိုတာ ပြောလို့မရဘူး။ စဉ်းစားကြည့်လို့ ရတယ်။ ၁၉၈၈ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်ဥပဒေ ရှိတယ်။ ဦးခွန်ထွန်းဦးနဲ့ ရှမ်းခေါင်းဆောင်များဟာ ရှမ်းပြည်နယ် ပညာရှင်များ အတိုင်ပင်ခံအဖွဲ့ ဖွဲ့စည်းဖို့ ကြိုးစားရုံဘဲ ရှိသေးတယ်။ တရားဝင်တောင် မဖွဲ့ရသေး။ ဘာမှ အတိအကျ မရှိသေးဘူး။ ဒါတောင် အကြောင်းအမျိုးမျိုးပြပြီး နောက်ဆုံးမှာ ထောင်ဒဏ် (၇၅) နှစ်ကနေ (၁ဝ၆) နှစ်အထိ ချမှတ်ခံလိုက်ရတာ အားလုံးအသိပဲ ဖြစ်တယ်။ အခြေခံကတော့ လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းဖို့ ကြိုးစားတဲ့ အခြေခံ ဖြစ်တယ်။ ဒီအခြေအနေမှာတောင် ထောင်ဒဏ် (၇၅) နှစ်ကနေ (၁ဝ၆) နှစ်အထိ ကျခံရတယ်ဆိုရင် အတည်ဖြစ်သွားရင် ခဏကပြောတဲ့ Concept နိုင်ငံသားတိုင်းဟာ နိုင်ငံတော် လုံခြုံရေး အကျိုးငှာ ပြဌာန်းထားတဲ့ ဥပဒေနဲ့ မဆန့်ကျင်လျှင်ဆိုတာ အားကောင်းသွားရင် အခု (၇၅) နှစ်ဆိုရင် နောက်နှစ်ပေါင်း (၃ဝဝ) လောက် ကြာသွားမယ်လို့ ပြောချင်တယ်။

0 comments: