Friday, April 25, 2008

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ရန်ကုန်မြို့မှ မဲပေးခွင့်ရသူ (၄) သန်းကျော်သာရှိ

NEJ/ ၂၄ ဧပြီ ၂၀၀၈

မေလ (၁၀) ရက်တွင် ကျင်းပမည့် ဆန္ဒခံယူပွဲတွင် ရန်ကုန်မြို့မှ မဲပေးခွင့်ရသူ စုစုပေါင်းမှာ လူဦးရေ (၄) သန်းကျော်ရှိသည်ဟု ပြည်တွင်းအပတ်စဉ်ထုတ် မြန်မာတိုင်းမ်ဂျာနယ်ကို ကိုးကားပြီး ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

ရန်ကုန်မြို့တွင် နေထိုင်သူ လူဦးရေ (၆) သန်းကျော်ရှိပြီး ကျန်သည့် မြို့ရွာများတွင် နေထိုင် ကြသော လူဦးရေ စုစုပေါင်းမှာ (၅၆.၅) သန်း ရှိသည်ဟု ဆိုသည်။

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေး ရန်ကုန်တိုင်း ကော်မရှင် အစီရင်ခံစာအရ ရန်ကုန်မြို့တွင် မဲရုံအရေအတွက်ပေါင်း (၂,၅၀၀) ခုကို ပြင်ဆင်ထားပြီး မဲရုံတခုလျှင် မဲပေးသူ (၁၀၀) ဦးမှ (၃,၀၀၀) ဦးအထိ မဲပေးနိုင်ရန် စီစဉ်ထားကာ မဲရုံတိုင်းတွင် မိမိဆန္ဒအလျှောက် လျှို့ဝှက်စွာ မဲပေးနိုင်မည့် နေရာများကိုလည်း စီစဉ်ပေးထားကြောင်း သတင်းတွင် ပါရှိသည်။

ဆန္ဒခံယူပွဲ မကျင်းပမီ တပတ်အလိုတွင် မဲပေးမည့်သူ စာရင်းကို ကြေညာမည်ဖြစ်ပြီး ဆန္ဒခံယူပွဲ ကျင်းပရေး ရန်ကုန်တိုင်း ကော်မရှင်က ကျင့်သုံးနေပြီဖြစ်သည့် ၂၀၀၈ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဆန္ဒခံယူပွဲ ဥပဒေကို ကိုးကား၍ မဲပေးခွင့်ရသူ တဦးအနေဖြင့် တကြိမ်လျှင် မဲတမဲသာ ပေးရမည်ဟုလည်း ဆိုသည်။

မဲရုံများကို ဒေသစံတော်ချိန် မနက် (၆း၀၀) နာရီတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ညနေ (၄း၀၀) နာရီတွင် မဲရုံပိတ်မည်ဖြစ်ပြီး မဲပေးမည့်စနစ်ကို နိုင်ငံတကာစံချိန်မီ လွတ်လပ်ပြီး တရားမျှတမှုရှိရန် စီစဉ် သွားမည်ဟု ကော်မရှင်ကဆိုသည်။

သင်္ကြန်ပွဲတော်ပြီး နောက်ပိုင်းတွင် မြန်မာအစိုးရ မီဒီယာသည် မေလ (၁၀) ရက်နေ့တွင် ကျင်းပ မည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲအတွက် သတင်းလှုပ်ရှားမှုများ ပြုလုပ်နေခဲ့ပြီး မြန်မာပြည်သူများ ကိုလည်း အမျိုးသားညီလာခံ ကာလ တလျှောက်လုံး ရေးဆွဲလာခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ဖြစ်ရေးအတွက် ထောက်ခံမဲများ ပေးကြရန် တောင်းဆိုနေသည်။ ။

0 comments: