NEJ/ ၂၄ ဧပြီ ၂၀၀၈
အခြေခံဥပဒေမူကြမ်း ပြည်လုံးကျွတ် ဆန္ဒခံယူပွဲများကို မြန်မာသတင်းထောက်များ လွတ်လပ်စွာ သတင်းယူခွင့်ရရှိမည်ဟု ယခုသီတင်းပတ်ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြသည်။
ဆန္ဒခံယူပွဲကို သတင်းယူမည့် စာနယ်ဇင်းများအနေဖြင့် မဲရေတွက်သည့် နေရာမှလွဲ၍ မဲရုံပြင်ပ၌ လွတ်လပ်စွာ သတင်းယူခွင့်၊ ဓာတ်ပုံရိုက်ခွင့်ပေးမည်ဟု ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ တွေ့ဆုံပွဲ တက်ရောက်ခဲ့သူတဦး၏ ပြောဆိုချက်ကို ကိုးကား၍ သတင်းတွင် ဖော်ပြသည်။
ထို့အပြင် နေပြည်တော်နှင့် ရန်ကုန်တိုင်းအတွင်း ဆန္ဒမဲပေးပွဲများကို ပြန်ကြားရေးဝန်ကြီးဌာနက တိုက်ရိုက် ထုတ်လွှင့် ပေးသွားမည်ဟုလည်း သတင်းတွင် ပါရှိသည်။
ဆန္ဒခံယူပွဲကို လွတ်လပ်စွာ သတင်းယူခွင့် ပေးမည်ဆိုသည့် သတင်းနှင့် ပတ်သက်၍ သံသယ ရှိကြောင်း မြန်မာစာနယ်ဇင်းသမားအချို့က ပြောကြားသည်။
ပြည်တွင်းမှ မြန်မာစာနယ်ဇင်းသမားတဦးက “ဆန္ဒခံယူပွဲကို လေ့လာဖို့ ပြည်တွင်းက ဂျာနယ်လစ် တွေနဲ့ ပြည်ပက သတင်းထောက်တွေကို ခွင့်ပြုဖို့ရှိပေမယ့် ကိုယ့်အစီအစဉ်နဲ့ကိုယ် လွတ်လွတ် လပ်လပ် ကြည့်ရှုလေ့လာခွင့် ရမှာမဟုတ်ဘဲ မြန်မာနိုင်ငံစာပေနဲ့ စာနယ်ဇင်းအဖွဲ့ရဲ့ အစီအစဉ်နဲ့ပဲ လေ့လာခွင့်ရမှာပါ” ဟု ပြောသည်။
ရန်ကုန်မြို့နေ သတင်းထောက်တဦးကလည်း “ကိုယ်သွားချင်တဲ့ မဲရုံမှာတော့ သတင်းယူခွင့် ရှိလိမ့်မယ် မူအရပေါ့။ ဒါပေမယ့် လက်တွေ့မှာတော့ မပြောနိုင်သေးဘူး။ အဲ့ဒီနေ့ကျမှ ဘယ် နေရာတွေက ဘယ်လိုဖြစ်မလည်းတော့ မသိဘူး။ ဒါပေမယ့် လောလောဆယ်တော့ တရားဝင်
ပြောထားတယ်ဆိုရင်တော့လည်း ယူခွင့်တော့ ရှိမယ်ထင်ပါတယ်” ဟု ပြောသည်။
ဆန္ဒမဲပေးသူများကို စောင့်ကြည့်ရန်အတွက် မဲရုံများ၌ ဗီဒီယိုကင်မရာများ တပ်ဆင်ရန် ရန်ကုန် တိုင်း ဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင်အဖွဲ့ဝင်များက ကျောက်တံတားမြို့နယ် ရွေးကောက်ပွဲ တာဝန်ရှိ ပုဂ္ဂိုလ်များအား ဧပြီ (၁၈) တွင် လာရောက်ညွှန်ကြားခဲ့ပြီး (၂) ရက်ကြာ သင်တန်းပေး ခဲ့ကြောင်း သိရသည်။
ကင်မရာများကို လုံခြုံရေးအရသာ တပ်ဆင်ခြင်းဖြစ်ပြီး မဲပေးရေးအတွက် စိုးရိမ်ကြောင့်ကြစရာ မလိုဟု ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင်အဖွဲ့ဝင်များက ပြောကြောင်းသိရသည်။
ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို မြန်မာနိုင်ငံတွင်း၌ မေလ (၁၀) ရက်၌ ကျင်းပမည်ဟု နအဖစစ် အစိုးရက ကြေညာထားသည်။ ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးများ၌ ကြိုတင်မဲ ဆန္ဒပေးပွဲများ စတင်ကျင်းပလျက်ရှိပြီး သတင်းထောက်များအား မဲရုံများရှိရာ သံရုံးဝင်းအတွင်း ၀င်ရောက် သတင်းယူခွင့် မပေးဘဲ ပိတ်ပင်ထားသည်။ ။
Friday, April 25, 2008
ဆန္ဒခံယူပွဲ လွတ်လပ်စွာ သတင်းယူခွင့် ရမည်ဟု ပြည်တွင်းဂျာနယ်တွင် ဖော်ပြ
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment