Tuesday, April 22, 2008

နိုင်ငံခြားသတင်းထောက်များကို ဖိအားပေး

NEJ/ ၂၂ ဧပြီ ၂၀၀၈

နအဖ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက ပြည်တွင်းအခြေစိုက် နိုင်ငံခြားသတင်း ထောက်များ၏ လွတ်လပ်စွာ သတင်းရေးသား ပေးပို့မှုများအပေါ် စောင့်ကြည့်နေကြောင်းနှင့် သတိထားပြီး ရေးသားပေးပို့ကြရန် ခြိမ်းခြောက်ခဲ့ကြောင်း အမည်မဖော်လိုသူ နိုင်ငံခြား သတင်းထောက်တဦးက ပြောသည်။

နေပြည်တော်တွင် ကျင်းပခဲ့သည့် တပ်မတော်နေ့ အသွား မတ်လ (၂၆) ရက် ညတွင် YKKO စားသောက်ဆိုင်၌ ပြည်တွင်းပြည်ပ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်မှူးချုပ်ကျော်ဆန်းက ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သတင်းထောက်က “ပြည်တွင်းအခြေစိုက် နိုင်ငံခြားသတင်းထောက်တွေ ကိုယ့်မိခင် သတင်းဌာနတွေဆီ ရေးသားပေးပို့နေတဲ့ သတင်းတွေကို သူ့အနေနဲ့ အမြဲတမ်းစောင့်ကြည့်နေ တယ်။ တချို့သတင်းတွေ ဖတ်မိတော့ သူ့အနေနဲ့ စိတ်မကောင်းစရာတွေ အများကြီးကြုံရတယ်။ ဒါပေမယ့် ပြည်တွင်းက သတင်းထောက်အနေနဲ့ အခုလို ရေးသားပေးပို့တာမဟုတ်ဘဲ ပြင်ပ သတင်းဌာနက ပုဂ္ဂိုလ်တွေကပဲ ပြုပြင်ရေးသားလိုက်တာဖြစ်တယ်လို့ သူ့အနေနဲ့ ကောက်ယူပါ တယ်။ ဒါကြောင့် သတိထားပြီး ရေးသားပေးပို့ကြဖို့ တိုက်တွန်းလိုတယ်ဆိုပြီး စည်းရုံးသလိုနဲ့ ခြိမ်းခြောက်ခဲ့တယ်” ဟု ပြောသည်။

ဗိုလ်မှူးချုပ်ကျော်ဆန်းက စာပေလောကနှင့် ၎င်းတို့ပြန်ကြားရေးဌာနသည် ၂၀၀၄ ခုနှစ်တုန်းက အလုပ်သဘော ဆက်ဆံရေးသာရှိပြီး တခါတရံ ရန်ဘက်သဘောမျိုးပင် ဖြစ်ခဲ့ကြောင်း၊ ၎င်းအ နေဖြင့် ရဲဘော်ရဲဘက် ဆက်ဆံရေးအဖြစ် ပြောင်းလိုကြောင်း၊ ထို့ကြောင့် ၎င်းတို့ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်ခဲ့သည့် စာနယ်ဇင်းသမားများကို ဥပဒေကြောင်းအရ အရေးယူ တာမျိုးမလုပ်ဘဲ Admin ကြောင်းအရပဲ ထိန်းပြီးအရေးယူတာမျိုးရှိကြောင်း ပြောခဲ့သည်ဟုလည်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ တွေ့ဆုံပွဲ တက်ရောက်ခဲ့သည့် ပြည်တွင်းဂျာနယ် အယ်ဒီတာတဦးက “ဗိုလ်မှူးချုပ်ကျော်ဆန်းက Admin ကြောင်းအရပဲ အရေးယူတယ်ဆိုပေမယ့် မြန်မာနေးရှင်း အယ်ဒီ တာ ကိုသက်ဇင်နဲ့ ဦးစိန်ဝင်းမောင်၊ ကဗျာဆရာ ကိုစောဝေ စတဲ့ လူတွေကို ဖမ်းဆီးထောင်ချတာ ကိုတော့ ထည့်ပြောမသွားဘူး” ဟု ဆိုသည်။

နိုင်ငံခြားသတင်းဌာနတခုအတွက် သတင်းထောက် လုပ်နေသူတဦးကမူ“ ပြန်ကြားရေးဝန်ကြီးက
ဘယ်လိုပဲ စောင့်ကြည့်နေနေ၊ ဘယ်လိုပဲ ခြိမ်းခြောက် ခြိမ်းခြောက် ကိုယ့်အလုပ်ကိုယ် ဆက်လုပ် သွားမှာသာ ဖြစ်တယ်။ သတင်းအမှန်တွေကိုပဲ ရေးသားပေးပို့သွားမယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင်း၌ စစ်အစိုးရအဆက်ဆက် ခွင့်ပြုထားသည့် နိုင်ငံခြားအခြေစိုက် သတင်းမီဒီယာ များမှ သတင်းထောက် အယောက် (၂၀) ကျော်ခန့်ရှိပြီး အဆိုပါသတင်းဌာနများမှာ အေပီ၊ အေ အက်ဖ်ပီ၊ ရိုက်တာ စသည့် အနောက်တိုင်း သတင်းဌာနများ၊ ဆင်ဟွာအပါအ၀င် တရုတ်သတင်း ဌာနနှင့် အများစုမှာ ဂျပန်နိုင်ငံအခြေစိုက် သတင်းဌာနတို့ ဖြစ်ကြောင်း သိရသည်။ ။

0 comments: