Tuesday, April 22, 2008

နအဖ အစိုးရက ထောက်ခံမဲထည့်ရန် လှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ်နေ

ဧရာဝတီ-အေးချမ်းမြေ့ | ဧပြီ ၂၂၊ ၂၀၀၈

မြန်မာစစ်အစိုးရအနေနှင့် နေ့စဉ်ထုတ်သတင်းစာများ၊ ရုပ်မြင်သံကြားများတွင် အခြေခံ ဥပဒေကိုထောက်ခံရန် ပြင်းထန်စွာ လှုပ်ရှားမှုများ ပြုလုပ်၍ လူထုကို တိုက်တွန်းနှိုးဆော်နေသော်လည်း လူထုကမူ ထိုသို့တိုက်တွန်းနေခြင်းကြောင့် ပိုမို၍ ကန့်ကွက်ချင်နေကြောင်း ကြားသိရသည်။

ယခုအခါ စစ်အစိုးရက ၎င်းတို့ပိုင် နေ့စဉ်ထုတ် သတင်းစာများတွင် ရှေ့မျက်နှာဖုံး၌ “အခြေခံဥပဒေ အတည်ပြုရေးသည် ယနေ့ ပြည်သူအားလုံး၏ အမျိုးသားရေး တာဝန် ဖြစ်သည်။ အမျိုးသားရေး အကျိုး လိုလားသူတိုင်း ထောက်ခံမဲ ပေးကြစို့” ဆိုသည့် ဆောင်ပုဒ်၊ ကျောဖုံး၌ “ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို တခဲနက် ထောက်ခံမဲ ပေးကြစို့”၊ “ဘယ်သူခွဲခွဲ ဒို့မကွဲ ပေးကြပါစို့ ထောက်ခံမဲ”၊ “အခြေခံဥပဒေ အတည်ပြုရေး မဲရုံသွား၍ ထောက်ခံမဲပေး” စသည့် ဆောင်ပုဒ်များကို နေ့စဉ် ထည့်သွင်းဖော်ပြလျှက် ရှိသည်။

ထို့ပြင်ရုပ်မြင်သံကြားများတွင်လည်း ထောက်ခံမဲပေးရန် သီချင်းများဖြင့်လည်းကောင်း၊ ဇာတ်လမ်းတိုများဖြင့် လည်းကောင်း အနုပညာရှင်များကို အသုံးချကာ နေ့စဉ် အချိန်တိုင်း ထုတ်လွှင့်လျှက်ရှိသောကြောင့် ရုပ်မြင်သံကြားကြည့် ပရိသတ်များ စိတ်အနှောင့်အယှက် ဖြစ်နေရကြောင်း ကြားသိရသည်။

“ညနေ ၄ နာရီ ရုပ်မြင်သံကြား စပြတဲ့အချိန်ကနေစပြီး သီချင်းတပုဒ်ကို ငါးခါလောက် ပြန်ပြန်လွှင့်တယ်။ ၇ နာရီ ကိုရီးယား ကား မလာခင်အထိပဲ။ ၈ နာရီ သတင်းပြီးတော့လည်း ညပိုင်း ဇာတ်လမ်း မလာခင်အထိ လွှင့်နေပြန်ကော။ အဲလိုတွေ မြင်နေရတာနဲ့တင် ထောက်ခံချင်စိတ်မရှိဘူး” ဟု ရန်ကုန်နေ အိမ်ရှင်မတဦးက ပြောသည်။

ဇာတ်လမ်းတိုများတွင် ပါဝင်သရုပ်ဆောင်သူများနှင့် ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာ စသည်တို့ကို ဖော်ပြခြင်းမရှိဘဲ ဇာတ်လမ်းအပြီးတွင်မှ ဤဇာတ်ကား ဖြစ်မြောက်ရေး အတွက် ကူညီသူများကို ကျေးဇူးတင်ပါသည် ဟူ၍သာ ပါရှိကြောင်း သိရသည်။

ထို့ပြင် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း၊ အရန်မီးသတ်တပ်ဖွဲ့ဝင် များ စသည့် စစ်အစိုးရ၏ အဖွဲ့အစည်းများက ထောက်ခံမဲပေးရန် လက်ကမ်း ကြော်ငြာ စာရွက်များ ဝေလျှက်ရှိကြောင်း သိရသည်။

“မိခင်နဲ့ကလေးက ဝေတဲ့စာရွက်ဆိုရင် အရှေ့စာမျက်နှာမှာ အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ရောဂါတွေအကြောင်း ပညာပေး ရေးထားပြီး အနောက်ဘက်မှာ ထောက်ခံမဲ ပေးဖို့ ရေးထားတယ်။ မီးသတ်ကဆိုရင်လည်း မီးလောင်ရင် ဘယ်လိုငြိမ်းသတ် မလဲ ဆိုတာမျိုးကို ရှေ့စာမျက်နှာမှာ ရေးထားပြီး အနောက်ဘက်မှာ ထောက်ခံမဲပေးဖို့ ရေးထားတယ်” ဟု ရန်ကုန်မြို့ရှိ စီးပွားရေး လုပ်ငန်းရှင် တဦးကပြောသည်။

ကချင်ပြည်နယ်ရှိ ကျေးရွာတချို့တွင်လည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းဝင်များက “မဲရုံသို့ သွားကြစို့၊ ထောက်ခံမဲပေးကြစို့” စာတန်းနှင့် “အမှန်” အမှတ် အသားပါ တီရှပ်များကိုဝတ်ဆင်ကာ ဆန်များကို ဈေးသက်သာစွာဖြင့် ရောင်းချပေးလျှက် ရှိကြောင်း ဒေသခံတဦးကပြောပြသည်။

“စစ်အစိုးရက အမေရိကန်ဆန့်ကျင်တဲ့ ဆောင်ပုဒ်တွေနဲ့ ပြည်သူတွေကို စည်းရုံးခဲ့ဖူးတာပဲ။ ဒါပေမယ့် ပြည်သူတွေက အဲဒီဆောင်ပုဒ်တွေကြောင့် အမေရိကန်ကို ပိုသဘောကျကြ တယ်လေ။ အဲဒါ လူတွေက အမေရိကန်အကြောင်းကို သိလို့ သိပ်ကြိုက်လို့တော့ မဟုတ်ဘူး။ စစ်အစိုးရကို မုန်းတာနဲ့ပဲ သူတို့လုပ်သမျှ ဆန့်ကျင်တာ” ဟု ရန်ကုန်မြို့နေ တက္ကသိုလ် ကျောင်းသား တဦးကပြောသည်။

စစ်အစိုးရဘက်က ၎င်းတို့၏ အခြေခံဥပဒေကို ထောက်ခံရန် အပြင်းအထန် လှုံ့ဆော်လျှက် ရှိသော်လည်း အတိုက်အခံ ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီပါတီနှင့် အခြားသော နိုင်ငံရေး တက်ကြွလှုပ်ရှားသူများဘက်က ကန့်ကွက်မဲထည့်ရန် နှိုးဆော်မှုများကိုမူ ရိုက်နှက် နှိမ်နင်းလျှက်ရှိသည်။

စစ်အစိုးရအနေနှင့် ပုဂ္ဂလိကပိုင် ဂျာနယ်များတွင် လာမည့်အပတ်မှစ၍ အခြေခံဥပဒေ ကိုထောက်ခံရန် ရေးသားထားသည့် ဆောင်းပါးများကို ဂျာနယ်တစောင်လျင် ၄ ပုဒ်ကျ ထည့်သွင်းဖော်ပြရန် ညွှန်ကြားထားကြောင်း ကြားသိရသည်။

ပုဂ္ဂလိက ဂျာနယ်များအနေနှင့် စာမျက်နှာ အပုပ်ခံကာ ထည့်သွင်းရမည့် အရေးအတွက် စိတ်အနှောင့်အယှက် ဖြစ်နေကြ သော်လည်း မဖြစ်မနေ ထည့်သွင်းခိုင်းပါက ငြင်းဆန်ရန် ခက်ခဲလှကြောင်း ဂျာနယ်အယ်ဒီတာများက ညည်းညူနေ ကြသည်။

“ကျမသိသလောက်တော့ လူတွေက သူတို့ ဒီလိုလှုံ့ဆော်မှုတွေလုပ်လေ စစ်အစိုးရကို ပိုမုန်းလေပဲ။ သင်္ကြန်တွင်းကဆို ညပိုင်းလာနေကျ ကိုရီးယားကားတွေတောင် မြန်မာ့ ရုပ်မြင်သံကြားက မလွှင့်ပေးတော့ဘဲ အဲဒီသီချင်းတွေပဲ လွှင့်နေတာ” ဟု မြောက်ဒဂုံ မြို့နယ်တွင် နေထိုင်သော တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသူတဦးကပြောသည်။

ဆက်လက်၍ ၎င်းက လူအများမှာ စစ်အစိုးရ ထုတ်လွှင့်လျှက်ရှိသော ရုပ်မြင်သံကြား ဇာတ်လမ်းတိုများကို သရော်လှောင် ပြောင်လျှက် ရှိကြကြောင်း ပြောပြသည်။
“လူတွေက ဇာတ်လမ်းတွေကိုကြည့်ပြီး စစ်အစိုးရကိုထောက်ခံတာ အရက်သမားရယ်၊ ထောင်ထွက်ရယ်၊ ကျပ်မပြည့်တဲ့ သူရယ် ပဲရှိတယ်ဆိုပြီး ဟားနေကြတယ်” ဟု သူက ဆက်ပြောပြသည်။

0 comments: