Tuesday, April 22, 2008

ဗီဇာရက်လွန်မြန်မာများ ဆန္ဒမဲပေးခွင့်ရရေး တိုကျို မြန်မာသံရုံးရှေ့ ဆန္ဒပြ

မဇ္ဈိမသတင်းဌာန၊ ဧပြီ ၂၂ ရက် ၂၀၀၈

ချင်းမိုင်။ ။ ဆန္ဒခံယူပွဲတွင် အဝေးရောက် ဆန္ဒမဲ ထည့်ဝင်ခွင့် ပေးရေးအတွက် ဂျပန်နိုင်ငံရောက် ပြည်ဝင်ခွင့်ဗီဇာ သက်တမ်းကျော် မြန်မာ ၁ဝဝ ကျော်က တိုကျိုရှိ မြန်မာသံရုံးရှေ့တွင် ယနေ့ ညနေပိုင်းက ဆန္ဒပြခဲ့သည်။

ယခုလ ၂၆ နှင့် ၂၇ ရက်နေ့များတွင် ကျင်းပမည့် အခြေခံ ဥပဒေမူကြမ်း ဆန္ဒခံယူပွဲ၌ မဲပေးခွင့်ရရေးအတွက် ဗီဇာရက်လွန် မြန်မာ ၁ဝဝ ကျော်က ဂျပန်ရောက် မြန်မာ နိုင်ငံရေးသမားများနှင့် စာပေ အသိုင်းအဝိုင်းက ဦးဆောင် ဖွဲ့စည်းထားသည့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ၏ အစီအစဉ်ဖြင့် ယခုလို မြို့တော်တိုကျိုရှိ မြန်မာသံရုံးရှေ့တွင် သွားရောက် ဆန္ဒပြကြခြင်း ဖြစ်သည်။

“အားလုံးနဲ့ သက်ဆိုင်တယ်ဆိုတော့ မဲပေးပိုင်ခွင့် ရှိတာပဲ။ Over Stay ဖြစ်တဲ့ သူတွေတောင်၊ ဥပမာ ဂျပန်ပြည်မှာ ဂျပန်ရဲ့ ဥပဒေကို ချိုးဖောက်နေတယ်ဗျာ၊ ဒါပေမဲ့ သူတို့ဆီကို အခွန်ဆောင်တယ်ဆိုရင် အဲဒီလူတွေတောင် သူတို့ မဲပေးခွင့် ပေးသေးတာပဲ။ ကျနော်တို့က နိုင်ငံရေး လုပ်တယ်ဆိုပြီး၊ ဂျပန်ပြည်မှာ လွတ်လပ်စွာ လှုပ်ရှားမှုလုပ်တယ် ဆိုတဲ့ဟာလေးနဲ့ ကျနော်တို့ကို မဲပေးခွင့် မပေးဘူးဆိုရင် ဒီဖွဲ့စည်း အုပ်ချုပ်ပုံကြီးက အနာဂတ်မှာ ပြည်သူတွေ အားလုံးကို တသားထဲ လုပ်နိုင်မယ့် ဖွဲ့စည်းအုပ်ချုပ်ပုံ မဟုတ်ဘူးဆိုတာကို သက်သေပြတာပဲ။ ကျနော်တို့က ဒါကို သိချင်လို့ပဲလေ” ဟု ဆန္ဒပြပွဲ ဦးဆောင်သူ ဒေါက်တာမင်းညိုက မဇ္ဈိမကို ပြောသည်။

ယနေ့ ညနေ ၃ နာရီခန့်တွင် မြန်မာသံရုံးရှေ့ စုရုံးရောက်ရှိလာသည့် ဆန္ဒပြ မြန်မာများက ‘စစ်အာဏာရှင်စနစ် ဖြုတ်ချရေး’၊ ‘ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး’၊ ‘အမျိုးသားပြန်လည် သင့်မြတ်ရေး’ နှင့် ‘နအဖ ပြုလုပ်မည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ တရားမဝင်’ ဟူသည့် ကြွေးကြော်သံများကို တနာရီကြာမျှ ဟစ်အော်ခဲ့ကြသည်။

“သံအမတ် ဦးမြင့်ထွန်းကို ခေါ်ပြီးတော့ အကျိုးအကြောင်း မေးချင်လို့ ခေါ်နေပါတယ်။ ကျနော်တို့ မျက်စိရှေ့မှာ ထိုင်နေတဲ့ ဝန်ထမ်းက ကျနော်တို့ မေးသမျှတွေကိုလည်း ဘာတခုမှ မဖြေရဲဘူး ဖြစ်နေတယ်” ဟု ဆန္ဒပြသူတဦးက ပြောသည်။

ဆန္ဒပြပွဲသို့ ဂျပန်ရှိ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International အပါအဝင် အစိုးရမဟုတ်သော လူထုလူတန်းစား နယ်ပယ်အသီးသီးက အစိုးရမဟုတ်သော ဂျပန်အဖွဲ့အစည်းများ လာရောက် လေ့လာခဲ့ကြသည်။

သံရုံးဝန်ထမ်းများက တံခါးသုံးထပ် ပိတ်ထားကာ ဝန်းအတွင်း တဲတခုတွင် ထိုင်နေသဖြင့် သံရုံး အဝင်ဘဲလ် (Bell) နှိပ်ခေါ်သော်လည်း အပြင်ဘက်သို့ လှည့်ပင် မကြည့်ကြောင်း သိရသည်။

မဲပေးခွင့် ရှိသူများကို မြန်မာသံရုံးက ယခုလ ၁ဝ ရက်နေ့ ရက်စွဲတပ် အကြောင်းကြားစာများကို ပေးပို့ခဲ့သော်လည်း အချို့မှာ ဖိတ်စာမရသဖြင့် သံရုံးသို့ သွားရောက် မေးမြန်းမှုများလည်း ရှိနေသည်။

ဂျပန်နိုင်ငံကို ၂ဝဝ၇ ခုနှစ်တွင် စတင်ရောက်ရှိကာ လက်ရှိ မာစတာတန်းတက်နေသူ ကျောင်းသူတဦးက “ကျောင်းသူအချင်းချင်း တူတာတောင်မှ မဲပေးခွင့် စာရွက်တွေကို သူများတွေတော့ ရတယ်လေ။ သံရုံးကို လာစုံစမ်းတာပါ။ ပြန်မဖြေဘူးလေ။ နောက်နေ့ကျမှ တွေ့ဆုံခွင့် တောင်းပါဆိုပြီး သံဝန်ထမ်းတဦးက မချေမငံ ဆက်ဆံ ပြောဆိုသွားတယ်” ဟု ပြောသည်။

သူက “အခြေခံဥပဒေ မူကြမ်းကို နားမလည်ပါဘူး။ အခုချိန်ထိလည်း နိုင်ငံတကာမှာရှိတဲ့ မြန်မာပြည်ဖွားတွေကို အခြေခံမူကြမ်းကို တရားဝင် ဖြန့်ချိထားတာလည်း မရှိဘဲ မဲပေးရမယ် ဆိုတာကတော့ ပြည်သူတွေကို သက်သက် လိမ်ညာတဲ့ သဘော၊ တရားနည်းလမ်း မကျတဲ့ လုပ်ရပ် ဖြစ်တဲ့အတွက် လာမယ့် ၂၆ ရက်နေ့မှာ ကန့်မဲပေးဖို့ စိတ်ကူးထားပါတယ်” ဟု ဆက်ပြောသည်။

ဂျပန်နိုင်ငံတွင် ဗီဇာရက်လွန် နေထိုင်သူ မြန်မာနိုင်ငံသား ၃ဝဝဝ ခန့်ရှိပြီး၊ ဗီဇာသက်တမ်း မကုန်သေးသူပေါင်း ၅ဝဝဝ ကျော်ရှိသည်ဟု ခန့်မှန်းရကြောင်း မြန်မာအသိုင်းအဝိုင်း တခုက ဆိုသည်။

0 comments: