Tuesday, April 29, 2008

ရန်ကုန်ရှိ ဝါဒဖြန့် ပိုစတာများ ကြက်ခြေခတ်ခံရ

ဧရာဝတီ-ကြည်ဝေ | ဧပြီ ၂၉၊ ၂၀၀၈

ရန်ကုန်တိုင်းအတွင်း မြို့နယ်များရှိ လူစည်ကားရာ လမ်းဆုံလမ်းထောင့်များနှင့် မီးပွိုင့်များတွင် စိုက်ထူထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း အတည်ပြုရေး မြေစိုက်ပိုစတာတချို့အား မှုတ်ဆေးများဖြင့် ကြက်ခြေခတ် သင်္ကေတများ ပြုလုပ် သောကြောင့် အဆိုပါ ဆိုင်းဘုတ်များအနီး ၀န်းကျင်တွင် လုံခြုံရေး အစောင့်များချထားပြီး စောင့်ကြည့်လျှက်ရှိကြောင်း သိရှိရသည်။

လှိုင်သာယာမြို့နယ် ရန်ကုန်-ညောင်တုန်း လမ်းမကြီးနှင့် ကျန်စစ်သားလမ်းထောင့်တွင် စိုက်ထူထားသော “မင်းမဲ့စရိုက်ဖြင့် ဒီမိုကရေစီမရနိုင်၊ ဆူပူမှုဖြင့် ဒီမိုကရေစီ မရနိုင်၊ အခြေခံဥပဒေဖြင့်သာ ဒီမိုကရေစီရနိုင်သည်” ဟူသော မြေစိုက်ပိုစတာပေါ် တွင် မှုတ်ဆေးဖြင့် ကြက်ခြေခတ်ထားသည်ကို မြင်တွေ့ခဲ့ရသည်ဟု လှိုင်သာယာ မြို့နယ် စက်မှုဇုန်မှ စက်ရုံဝန်ထမ်း တဦးက ပြောပြသည်။

အဆိုပါ ကြက်ခြေခတ်ခံရသော မြေစိုက်ပိုစတာမှာ ဧပြီလ ၂၆ ရက်နေ့က အခမ်းအနားဖြင့် စိုက်ထူခဲ့သော မြေစိုက်ပိုစတာ ဖြစ်ပြီး စိုက်ပြီး၍ မကြာခင်မှာပင် ယခုကဲ့သို့ ကြက်ခြေခတ် ခံရခြင်းဖြစ်ကြောင်း လှိုင်သာယာ စက်မှုဇုန် ဝန်ထမ်းက ပြောသည်။

ထို့ပြင် ရွှေပြည်သာမြို့နယ် အမှတ် ၄ လမ်းမကြီးနှင့် ဗိုလ်ချုပ်လမ်းထောင့်တွင် စိုက်ထူထားသော “ဒို့အနာဂတ် ဒို့ဖန်တီးဖို့၊ အခြေခံ ဥပဒေအတည်ပြုစို့” ဟူသော မြေစိုက် ပိုစတာကိုလည်း ယခု ရက်ပိုင်းအတွင်းမှာပင် ဖျက်ဆီး ခံရကြောင်း သိရသည်။

ယခုအခါ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တချို့တွင် စိုက်ထူထားသော မြေစိုက်ပိုစတာများ အနီးဝန်းကျင်တွင် အစောင့်များ ချထားပြီး သက်ဆိုင်ရာ မြို့နယ်များမှ တာဝန်ကျရဲများကလည်း ဆိုင်ကယ်များဖြင့် လှည့်ပတ် စစ်ဆေးခြင်းများ ပြုလုပ်လျှက် ရှိသည်ကို မြင်တွေ့ရကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။


“ကျနော်တို့ မြို့နယ်ထဲမှာ သွားလာနေထိုင်တဲ့သူက ၂ သိန်းနဲ့ ၃ သိန်းအထက်မှာ ရှိတယ်၊ မြို့နယ် စခန်းမှာ တာဝန်ကျရဲက ကျနော်အပါဝင် စုစုပေါင်း တရာကျော်ပဲရှိတယ်ဆိုတော့ ရဲတယောက်အနေနဲ့ နေ့စဉ် လူပေါင်း မြောက်မြားစွာကို စောင့်ကြည့် နေရပါတယ်” ဟု ရန်ကုန်ရှိ မြို့နယ် စခန်းမှူးတဦးက ဆိုသည်။

ရန်ကုန်မြို့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ယနေ့ထိပင် ယူနီဖောင်း အပြည့်အစုံဝတ် လုံထိန်းများနှင့် စစ်သားများမှာ စစ်ကား ၄ စီးဖြင့် မြို့ကို ပတ်လျှက်ရှိကြောင်း ရန်ကုန်မြို့တွင် နေထိုင်သူများက ပြောပြသည်။
“မီးပွိုင့်လမ်းဆုံတွေမှာရှိတဲ့ မြေစိုက်ပိုစတာတွေကိုတော့ ယာဉ်ထိန်းရဲတွေကို စောင့်ကြည့်ဖို့ တာဝန်ပေးထားတယ်လို့ ကြားတယ်၊ အရပ်ဝတ်ရဲတွေအပြင်၊ စစ်ယူနီဖောင်းဝတ် စစ်ဗိုလ်တွေလည်း ဟမ်းဖုန်းတွေနဲ့ ဆိုင်ကယ်စီးပြီး လှည့်ပတ်ကြည့် နေကြတာပဲ” ဟု ရန်ကုန် ရန်ကင်းမြို့နယ်တွင် နေထိုင်သူ တဦးကလည်း ပြောသည်။

အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအတည်ပြုရေး မြေစိုက်ပိုစတာများကို ရန်ကုန်တိုင်းအတွင်းရှိ တာမွေမြို့နယ် လမ်းငါး ခွဆုံ၊ ရန်ကင်းမြို့နယ် ဆရာစံလမ်းရှိ ရန်ကင်း စင်တာရှေ့၊ သင်္ကန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းရှိ သုဝဏ္ဏအားကစား ကွင်းရှေ့ ၊ ဒဂုံမြို့သစ်မြို့ တောင်မြောက်လမ်းဆုံ၊ အင်းစိန်မြို့နယ် မင်းကြီးလမ်း အင်းစိန်ပန်းခြံထောင့်၊ မင်္ဂလာဒုံမြို့နယ် ရန်ကုန်-ပြည်လမ်းနှင့် ခရေပင်လမ်းခွဲထောင့်၊ စသည့်နေရာများအပြင် ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံ၊ မရမ်းကုန်း မြို့နယ် သမိုင်းလမ်းဆုံ၊ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းဆုံ၊ စမ်းချောင်းမြို့နယ် မြေနီကုန်းလမ်းဆုံ၊ ကြည်မြင်တိုင်မြို့နယ် သီရိမင်္ဂလာဈေးရှေ့နှင့် အလုံမြို့နယ်ထော်လီကွေ့ စသည့်နေရာများနှင့် ကျန်နေရာတချို့တွင် စိုက်ထူထားသည်ကို တွေ့မြင်ရသည်။

ယခုရက်ပိုင်းအတွင်း အဆိုပါမြေစိုက်ပိုစတာများကို ရန်ကုန်တိုင်းတွင်သာမက တခြားတိုင်းနှင့်ပြည်နယ် အသီးသီးတွင် ရှိသော မြို့နယ်များနှင့် ကျေးရွာများပါမကျန် လူစည်ကားရာ နေရာများတွင် အခမ်းအနားဖြင့် စိုက်ထူလျှက်ရှိကြောင်း သိရှိရသည်။

0 comments: