Tuesday, April 29, 2008

ကန့်ကွက်မဲပေးရေး လှုံ့ဆော်စာများ မြ၀တီတွင် ပျံ့နှံ့

NEJ/ ၂၉ ဧပြီ ၂၀၀၈

မြန်မာအတိုက်အခံ အဖွဲ့အစည်းများမှ ထုတ်ဝေသည့် နအဖ၏ လူထုဆန္ဒခံယူပွဲကို ကန့်ကွက် မဲပေးရန် ဆော်သြထားသည့် လက်ကမ်းစာစောင်များ မြန်မာနယ်စပ် မြဝတီမြို့တွင် ပျံ့နှံ့လျက် ရှိသည်။

ယနေ့နံနက်တွင် မြဝတီမြို့ အမှတ် (၄) ရပ်ကွက်ရှိ နေရာ (၃) နေရာမှ ကန့်ကွက်မဲပေးရန် နိုးဆော်ထားသည့် လက်ကမ်းစာစောင် (၁၀၀) ခန့်အား ရပ်ကွက်ဥက္ကဋ္ဌက သိမ်းဆည်းရမိပြီး မြဝတီရဲသို့ လွှဲပြောင်းပေးလိုက်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြဝတီမြို့ရှိ ရပ်ကွက်အသီးသီးနှင့် နယ်စပ်အဝင်အထွက် ဂိတ်များ
အား လုံခြုံရေး တိုးမြှင့်ချထားလိုက်သည်။

မြဝတီမြို့ခံတဦးက “ကျနော်တို့ သိတာက ဒီစာထုပ်တွေကို ညကတည်းက လာချသွားတာ။ သူတို့ ဒီမနက် သိမ်းမိတာက လက်ကျန်လောက်ပဲဖြစ်မယ်။ ကျနော့်ညီလည်း ညက တစောင်ယူလာတယ်၊ ဖတ်ပြီးတာနဲ့ မီးရှို့လိုက်တယ်” ဟု ပြောသည်။

လာမည့် မေလ (၁၀) ရက်တွင် ပြုလုပ်မည့် လူထုဆန္ဒခံယူပွဲတွင် မြဝတီခရိုင်အနေဖြင့် ထောက်ခံ
မဲ အပြည့်အဝရရှိရန် ခရိုင်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ အစီအစဉ်ဖြင့် ကြံ့ဖွံ့နှင့် စွမ်းအားရှင်အပါအဝင် အာဏာပိုင် အဖွဲ့အစည်းများက ဒေသခံလူထုအား မက်လုံးများ၊ အနုနည်း၊ အကြမ်းနည်းများဖြင့် လိုက်လံစည်းရုံးလျက်ရှိသည်။

မြဝတီမြို့ခံ အမျိုးသမီးတဦးက “တပတ်လောက်ရှိပြီ ကားနဲ့ ညတိုင်း တီးဝိုင်းတွေနဲ့ ထောက်ခံမဲ ပေးဖို့ ရပ်ကွက်အလိုက် လိုက်လံစည်းရုံးပြီး သူတို့ထုတ်တဲ့ လက်ကမ်းစာစောင်တွေကိုလည်း ဖြန့်နေတယ်။ ကျမအထင်ကတော့ မရ ရတဲ့နည်းနဲ့ သူတို့ လုပ်သွားမှာပဲ” ဟု ပြောသည်။

ထောက်ခံမဲပေးရန် နအဖက ထုတ်ဝေသည့် လက်ကမ်းစာစောင် (၁၀) မျိုးခန့်ရှိပြီး ပုဂ္ဂိုလ်တဦး တယောက်၊ အသင်းအဖွဲ့ အဖွဲ့အစည်းတခုခုကို ထောက်ခံ၊ ကန့်ကွက်ဆန္ဒမဲပေးခြင်းမဟုတ်၊ တည်ငြိမ်အေးချမ်းမှုကို လိုလားလျှင် ထောက်ခံမဲ ထည့်ပါ။ လုံးဝလွတ်လပ်ရေး လိုလားသူတိုင်း၊ နယ်ချဲ့စွက်ဖက်မှုနှင့် သြဇာခံအဖြစ်ကို မလိုလားသူတိုင်း၊ နယ်ချဲ့ကြိုးဆွဲရာ ကမည့် ရုပ်သေးအစိုး
ရကို မလိုလားသူတိုင်းက တခဲနက်ထောက်ခံမဲပေးကြရန် တိုက်တွန်းပါသည်ဟု ဖော်ပြထားသည်။


၎င်းအပြင် သာသနာ့ဝန်ထမ်းများ၊ စိတ်ပေါသွပ်နေသူများ၊ ပြစ်မှုတခုခုကြောင့် ထောင်ဒဏ်ကျခံ နေကြသူများနှင့် ပြည်ပသို့ တရားမဝင် ရောက်ရှိသူများကို ဆန္ဒမဲပေးခွင့် မရှိသူများအဖြစ် သတ် မှတ်ထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်မပြုဘဲ ပြည်သူတို့ လိုချင်သော ဒီမိုကရေစီကို မရနိုင်ဟုလည်း ဖော်ပြထားသည်။

မြန်မာအတိုက်အခံ အဖွဲ့အစည်းများမှ ထုတ်ဝေသည့် လက်ကမ်းစာစောင်များတွင် ဖွဲ့စည်းအုပ် ချုပ်ပုံအခြေခံ ဥပဒေကို လူထု၏ ကိုယ်စားလှယ်များဖြစ်သည့် ပြည်သူ့ကိုယ်စားလှယ်များကသာ ရေးဆွဲခွင့်ရှိသည်။ စစ်အစိုးရသည် သူ့စိတ်ကြိုက် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို အတည်ပြုပြီး သူ့ကိုယ်သူ တရားဝင်ဖြစ်ရန် လုပ်မည်။ ယင်းကို အတည်ပြုခဲ့မည်ဆိုပါက ပြည်သူများ လွန်ခဲ့သည့် နှစ်(၂၀) က လက်တွေ့ခံစားခဲ့ရသည့် ဒုက္ခများထက် ပိုကြမ်းသည့် ဒုက္ခဆိုးများကို ခါးစည်းခံ ကြရမည်။ တနည်းအားဖြင့် စစ်ကျွန် ဆက်ဖြစ်တော့မည်။ နအဖ အခြေခံဥပဒေကို အမျိုးသား ညီလာခံထဲမှာ နအဖစစ်ဗိုလ်များနှင့် သူတို့ စိတ်တိုင်းကျ ရွေးထားသည့် ကိုယ်စားလှယ်များက ရေးဆွဲထားခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

နည်းအမျိုးမျိုးဖြင့် မြန်မာအတိုက်အခံ အဖွဲ့အစည်း အသီးသီးမှ ထုတ်ဝေသည့် လက်ကမ်းစာ စောင်များ မြဝတီမြို့ အပါအဝင် အခြားနေရာ အသီးသီးတွင် ပျံ့နှံ့နေသကဲ့သို့ နအဖ ထုတ်ဝေ
သည့် လက်ကမ်းစာစောင်များလည်း မဲဆောက်မြို့အပါအဝင် နယ်စပ်တကျောတွင် ပျံ့နှံ့ လျက်ရှိသည်။ ။

0 comments: