Tuesday, April 29, 2008

စွမ်းအားရှင်များကို အဓိကရုဏ်း နှိမ်နင်းရေးသင်တန်းပေး

မဇ္ဈိမသတင်းဌာန ဧပြီ ၂၉၊ ၂၀၀၈

နယူးဒေလီ။ ။ ပြည်သူ့ဆန္ဒ ခံယူပွဲအတွက် လုံခြုံရေး ပြင်ဆင်မှုဆိုကာ ရန်ကုန်တိုင်းအတွင်း စစ်အစိုးရ၏ ခါးပိုက်ဆောင် အဖွဲ့များကို ရိုက်နှက်ခြင်း သင်တန်းများ ပေးလျှက်ရှိသည်။

ဒဂုံမြို့သစ် တောင်ပိုင်းနှင့် မြောက်ပိုင်း ရပ်ကွက်များတွင် စွမ်းအားရှင်၊ ကြံ့ဖွံ့နှင့် အရံမီးသတ် တပ်ဖွဲ့ဝင်များကို မေလ ၁ဝ ရက် ပြည်သူ့ဆန္ဒ ခံယူပွဲအတွက် ၂၄ နာရီ အရန်သင့် ဖြစ်နေရမည်ဟု မြို့နယ် မယက ဥက္ကဋ္ဌက ညွှန်ကြားထားကာ သင်တန်းများ ပေးနေခြင်း ဖြစ်သည်။

“ကျိုက္ကဆံကွင်းမှာ မီးသတ်တွေ၊ စွမ်းအားရှင်တွေကို ခေါ်ပြီးတော့ ဒုတ်ရိုက် သင်တန်းတွေ၊ သေနတ်ပစ် သင်တန်းတွေကို လွန်ခဲ့တဲ့ ၃ ရက်က သင်ပေးတယ်” ဟု မျက်မြင်သက်သေ တဦးက ပြောသည်။

သင်တန်း တက်ရောက်ပြီး ဖြစ်သည့် မီးသတ်နှင့် စွမ်းအားရှင်များထဲမှ တရပ်ကွက်လျှင် ၁၅ ဦး ရွေးချယ်ကာ အထူး စွမ်းအားရှင်များအဖြစ် အပေါ်-အောက် အပြာရောင် ဝတ်စုံများ ဝတ်ဆင်စေပြီး လာမည့် ရက်ပိုင်းအတွင်း အထူး သင်တန်းပေးမည်ဟု ဒေသခံများက ပြောသည်။ သို့သော်လည်း သင်တန်း အသေးစိတ်ကိုမူ မသိရသေးပါ။

ဒဂုံမြို့သစ် မြောက်ပိုင်းမှ ဒေသခံတဦးကလည်း “ဒဂုံမြို့သစ် မြို့တော်ခန်းမ၊ တောင်ဒဂုံ မြို့တော်ခန်းမ၊ အားကစားကွင်းတွေမှာ လူရိုက်နည်းတွေ၊ လူတွေကို ကားပေါ်တင်တဲ့ နည်းတွေကို သင်တန်းပေးတယ်လို့ သိရပါတယ်။ အဓိက သင်တန်းပေးတာက ရပ်ကွက်အတွင်းမှာ နေတဲ့ ယာအိမ်မှူး၊ ဆယ်အိမ်မှူးတွေ၊ ကြက်ခြေနီ၊ မီးသတ်တွေကို သင်တန်းပေးတာ ဖြစ်တယ်” ဟု ပြောသည်။


ယခုအခါ ရပ်ကွက်များထဲမှ ရွေးချယ်ထားပြီး ဖြစ်သည့် အထူးစွမ်းအားရှင် (အမာခံ စွမ်းအားရှင်) များအား နံနက် ၆ နာရီခန့်တွင် ဒိုင်နာကားများနှင့် လိုက်လံခေါ်ယူကာ လူစည်ကားသည့် တောင်ဥက္ကလာ၊ စံပြဈေး၊ ရန်ကင်းစင်တာ၊ ရန်ကင်း ဆရာအတတ်သင်ကျောင်း နေရာများတွင် လူဦးရေ ၂ဝ ခန့်စီ ချထားပြီး ညနေ ၆ နာရီတွင် ပြန်လည် လိုက်သိမ်းနေသည်။

နံပါတ်ဒုတ်များ ကိုင်ထားသည့် အထူးစွမ်းအားရှင် အုပ်စုများတွင် လမ်းလျှောက် စကားပြောစက်နှင့် ရဲတဦးကျစီ ပါဝင်နေကာ စွမ်းအားရှင် တဦးကို လစာငွေအဖြစ် ကျပ် ၂ သောင်းခွဲ ပေးမည်ဟု ပြောဆို စည်းရုံးထားသည်။

စွမ်းအားရှင်များမှာ စစ်အာဏာပိုင်များက အခကြေးငွေပေး၍ စုဆောင်းထားသူများ ဖြစ်ပြီး သံဃာတော်များ ဦးဆောင်သည့် အောက်တိုဘာ၊ စက်တင်ဘာ ဆန္ဒပြမှုများကိုလည်း ဖြိုခွင်းရာတွင် ပါဝင်ခဲ့သည်။

0 comments: